နိုင်ငံတစ်ဝန်းမှာ တစ်နှစ်အတွင်း သေဒဏ်ချခံရသူ ၁၅၆ ဦးထိ ရှိလာ

RFA Burmese
2023.06.05
နိုင်ငံတစ်ဝန်းမှာ တစ်နှစ်အတွင်း သေဒဏ်ချခံရသူ ၁၅၆ ဦးထိ ရှိလာ အင်းစိန်အကျဉ်းထောင်၊ စစ်ခုံရုံးမှ ၂ဝ၂၂ ခုနှစ် နိုဝင်ဘာလ ၃ဝ ရက်နေ့တွင် သေဒဏ်အမိန့်ချမှတ်လိုက်သည့် ဒဂုံတက္ကသိုလ် ကျောင်းသား ခုနစ်ဦးအား တွေ့ရစဉ်။
Dagon University Students' Union

စစ်အာဏာသိမ်းထားတဲ့ကာလမှာ နိုင်ငံတစ်ဝန်းမှာ သေဒဏ်ချမှတ်ခံထားရသူ ၁၅၆ ဦးထိ ရှိလာတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဇွန်လ ၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။ အဲဒီအထဲမှာ ဖမ်းမမိလို့ မျက်ကွယ်သေဒဏ် ချမှတ်ခံရတဲ့သူ ၄၂ ဦးပါဝင်ပါတယ်။

လူတွေကြောက်စိတ်ဝင်အောင် စစ်ကောင်စီက ပြင်းထန်ရက်စက်တဲ့ သေဒဏ် အမိန့်ချတာတွေ ပိုများလာတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) က အမည်မဖော်လိုတဲ့ တာဝန်ရှိသူတစ်ဦးက RFA ကိုပြောပါတယ်။

" စစ်အုပ်စုက သူတို့ကို ဆန့်ကျင်တဲ့ ပြည်သူတွေကို ကြောက်စိတ်ဝင်လာအောင် ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်နေတာဖြစ်တယ်။ ဒါပေမဲ့ နွေဦးတော်လှန်ရေးမှာပါနေတဲ့ ပြည်သူတွေက ဘယ်လိုပဲအကြောက် တရားတွေ လွှမ်းမိုး ဒီစစ်အုပ်စု ပြုတ်ကြရေးအတွက် ဆက်ပြီးတော်လှန်နေမှာဖြစ်တယ်"

ဒီသေဒဏ်ချခံရတဲ့စာရင်းဟာ AAPP အသင်းက သီးသန့်ပြုစုထားတဲ့ အချက်အလက်တွေဖြစ်ပြီး လက်တွေ့မှာ ဒီထက်ပိုနိုင်တယ်လို့လည်းဆိုပါတယ်။

AAPP ရဲ့စာရင်းထဲမှာ မွန်ပြည်နယ် ရေးမြို့နယ်က အသက် ၁၈ နှစ်အရွယ် မောင်ဟိန်းမင်းနိုင်ဆိုတဲ့ လူငယ်တစ်ယောက်နဲ့ ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်က မောင်ဇော်လင်းနိုင်၊ မောင်ခန့်ဇင်ဝင်း၊ မောင်ခန့်လင်းမောင်မောင်ဆိုတဲ့ အသက် ၁၉ နှစ်အရွယ် လူငယ်သုံးယောက် ပါနေတာတွေ့ရပါတယ်။

" စစ်အုပ်စုက သူတို့ကို ဆန့်ကျင်တဲ့ ပြည်သူတွေကို ကြောက်စိတ်ဝင်လာအောင် ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်နေတာဖြစ်တယ်။"

ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့က အသက် ၂၀ ကျော်အရွယ် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ဝင် တစ်ယောက်ဖြစ်တဲ့ ကိုကောင်းဆက်ပိုင်ဟာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က)၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၄၉(က)၊ ၅၀(ဈ)၊ ၅၀(ည) တို့နဲ့ ထောင်ဒဏ်တစ်သက်ကနေ သေဒဏ်အထိ ထပ်တိုးချမှတ် ခံလိုက်ရပါတယ်။ သူဟာ ကျောင်းသားသမဂ္ဂရဲ့ မြောက်ဥက္ကလာပမြို့နယ် တာဝန်ခံတစ်ဦး ဖြစ်ပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာလက အဖမ်းခံလိုက်ရတာပါ။

စစ်ကြောရေးမှာ တစ်လလောက်ညှဉ်းပန်းနှိပ်စက်ခံရပြီး ထောင်ဒဏ်တစ်သက်နဲ့ သေဒဏ်ပါ ချမှတ်ခံ လိုက်ရတဲ့အပေါ် ရင်ကျိုးမရဖြစ်မိတယ်လို့ သူ့ရဲ့ သူငယ်ချင်း မရတု (အမည်လွှဲ) က ပြောပါတယ်။

"တကယ်ကို ဝမ်းနည်း၊ စိတ်မကောင်း ဖြစ်မိပါတယ်။ အာဏာသာ မသိမ်းခဲ့ရင် အသက်၂၀ အရွယ် ဆိုတာက စာသင်ခန်းထဲမှာ ပျော်ပြီးနေရမယ့်အရွယ်ပါ၊ အခုတော့ ထောင်ထဲမှာ ကမ်းမမြင် လမ်းမမြင် ရောက်နေသလို သေဒဏ်ပါချခံထားရတော့ အချိန်မရွေးဒုတိယ ကိုဂျင်မီ၊ ကိုဇေယျာသော်လို ဖြစ်သွားနိုင်တော့၊ နေ့တိုင်းပဲ စိုးရိမ်နေရပါတယ်"

ကိုကောင်းဆက်ပိုင်လိုပဲ အာဏာသိမ်းတာကိုဆန့်ကျင်တဲ့ မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်က အရပ်သား တစ်ယောက်ဖြစ်တဲ့ အသက်၂၇ နှစ် အရွယ် ကိုကျော်သက်တစ်ယောက်လည်း ထောင်ဒဏ် ၂၂၅ နှစ်အပြင် သေဒဏ်ပါ ချမှတ်ခံထားရတာပါ။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလက မိတ္ထီလာမြို့နယ် ပင်းတလဲလမ်းမပေါ်မှာ အဖမ်းခံခဲ့ရပြီးတဲ့နောက် ရာဇသတ်ကြီးဥပဒေ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၁၀ ခုလောက်နဲ့ စွပ်စွဲခံခဲ့ရတာဖြစ်ပါတယ်။

ကိုကျော်သက်တစ်ယောက် စစ်ကြောရေးမှာနှိပ်စက်ညှဉ်းပန်းခံထားရတဲ့ ဒဏ်ရာတွေကြောင့် မြင်းခြံထောင်ထဲမှာ ကျန်းမာရေးမကောင်းဘူးလို့ အမည်မဖော်လိုတဲ့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

"ခြေထောက်တွေက အဓိက ကိုက်တာခဲတာဖြစ်နေတာပေါ့။ ရာသီအကူးအပြောင်း ဖြစ်တာနဲ့ သူကိုက်ခဲတာတွေဖြစ်တယ်။ ပြီးတော့ စစ်ကြောရေးမှာအရိုက်ခံထားရလို့ ခေါင်းက ခဏခဏ ကွဲထားတော့ ခဏခဏလည်း မေ့တယ်ပြောတယ်။ မိသားစုကလည်း ပြေးနေရတော့ ထောင်ဝင်စာလည်း မပို့နိုင်ဘူး၊ ကျန်တဲ့ ဆွေမျိုးတွေကလည်း ထောင်ဝင်စာမပို့ရဲကြဘူး။ ထောင်ထဲက အခန်းဖော်တွေကပဲ မျှသုံး၊ မျှကျွေးနေတယ်လို့ပဲ သိထားတယ်"

စစ်ကြောရေးမှာ နှိပ်စက်ညှဉ်းပန်းခံရလို့ ကိုကျော်သက်ရဲ့ ကိုယ်လက်အင်္ဂါအစိတ်အပိုင်း တချို့လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သူကဆိုပါတယ်။

ဒီလုပ်ရပ်တွေဟာ ထောင်တွင်းလူသတ်မှုတွေကို ကျုးလွန်နေတာလို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)ရဲ့ ပြောခွင့်ရသူ ဦးနေဘုန်းလတ်ကပြောပါတယ်။

"ထပ်မံပြီးတော့ သေဒဏ်ချမှတ်ခံထားသူတွေရဲ့ အသက်အန္တရာယ်ကိုတော့ ကျွန်တော်တို့ စိုးရိမ်ပါတယ်။ ဒီအကြမ်းဖက်စစ်အုပ်စုက အပြင်မှာလည်းပြည်သူတွေကို အာဏာတည်မြဲရေးအတွက် လူပေါင်းများစွာကို နည်းလမ်းပေါင်းများစွာနဲ့ သတ်ဖြတ်နေတယ်။ အဲဒီလိုပဲ ထောင်တွင်းမှာလည်း ထောင်တွင်း လူသတ်မှုတွေကို ကျူးလွန်နေတယ်။ ကျွန်တော်တို့ တရားဝင်အစိုးရတစ်ရပ်က သေဒဏ်ချမှတ်မယ်လို့ မယူဆဘူး၊ ဟုတ်လည်း မဟုတ်ဘူး။ ဒါဟာ ထောင်တွင်းလူသတ်မှု ကျူးလွန်နေတာပဲ ဖြစ်တယ်"

သေဒဏ်အမိန့်တွေ ချမှတ်နေတာနဲ့ ပတ်သက်လို့ အာဏာသုံးရပ်ကို ကိုင်တွယ်ပြီး လိုအပ်လို့ ကျင့်သုံးနေတာလို့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့က အမှုဆောင် ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးက ပြောပါတယ်။

စစ်ကောင်စီက သေဒဏ်ပေးခဲ့သည့် ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်။ (Photo: Citizen Journalist)
စစ်ကောင်စီက သေဒဏ်ပေးခဲ့သည့် ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်။ (Photo: Citizen Journalist)

"တရားဥပဒေပိုင်းအကြောင်းအရ စဉ်းစားမယ်ဆိုရင် တရားဥပဒေက သူသတ်မှတ်ထားတဲ့ စီရင်ထုံး လမ်းကြောင်းတွေပေါ်မှာ ရှိနေတဲ့ကာလပတ်လုံး ကျွန်တော်တို့ ဘာမှစောဒက တတ်စရာမရှိဘူး။ တစ်ခုရှိတာက သေဒဏ်ချမှတ်တယ်။ အယူခံခွင့်၊ ရှိတယ် မရှိဘူးဆိုတာက။ အမှန်ကရှိပါတယ်။ အယူခံကို ပေးသင့် မပေးသင့်ဆိုတာက သူတို့လုပ်ခဲ့တဲ့ ပြစ်မှုတွေပေါ်မှာ မူတည်တယ်"

စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဒု-ဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း သေဒဏ်နဲ့ထိုက်တဲ့ ပြစ်ဒဏ်တွေကျူးလွန်ထားတဲ့သူတွေကို သေဒဏ်စီရင်တာတွေ ဆက်လုပ်မယ်လို့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာက သတင်း မီဒီယာတွေကို ဖြေဆိုခဲ့ဖူးပါတယ်။

တရားလွှတ်တော် ရှေ့နေတစ်ဦးကတော့ စစ်တရားရုံးတွေကနေ စီရင်နေတဲ့ သေဒဏ်တွေဟာ ခုခံချေပခွင့်မရတဲ့အတွက် ဥပဒေအရမျှတမှု မရှိဘူးလို့ သုံးသပ်ပါတယ်။

"စစ်တရားရုံးတွေက ရှေ့နေရှေ့ရပ်တွေက လိုက်ပါဆောင်ရွက်ခွင့်မရှိဘူး။ ဥပဒေအရ ခုခံချေပခွင့်လည်း မရဘူး။ အယူခံကလည်း စစ်ဖက်အယူခံရုံးတစ်ရုံးပဲ ရှိတယ်။ အဲဒီကနေ ပယ်ချလိုက်ရင် ကာကွယ်ရေးဦးစီးချုပ်ဆီ အသနားခံစာတင် အင်မတန်တိုတောင်းတဲ့ ကာလအတွင်းမှာ အမှုတွေက ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားသုံးသပ်၊ စီရင်သုံးသပ်လို့မရဘဲ သေဒဏ်တွေက အတည်ဖြစ်သွားတယ်။ အဲဒီတော့ ဥပဒေအရဆိုရင်တော့ သေဒဏ် ချမှတ်ခံရသူတွေက ဥပဒေအခွင့်အရ ချေပခွင့်အင်မတန် နည်းပါးခဲ့တယ်လို့ သုံးသပ်ရမယ်"

ဥပဒေကြောင်းအရ သေဒဏ်စီရင်ချက်တွေကို အရပ်ဘက်တရားရုံး၊ ခရိုင်တရားရုံးတွေကနေ ပြည်ထောင်စု တရားသူကြီးချုပ်၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ် အားလုံးပါဝင်တဲ့ စုံညီခုံရုံးအထိ အဆင့်အလိုက် အယူခံ တင်ခွင့်ရှိတယ်လို့ ဆိုပါတယ်။

ဒါပေမယ့်လည်း အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ စစ်ကောင်စီလက်အောက်ကို တရားစီရင်ရေး အလုံးစုံ ရောက်သွားတဲ့အတွက် သူ့ကို ခုခံတဲ့ပြည်သူတွေကို နှစ်ရှည် ထောင်ဒဏ်နဲ့ သေဒဏ်တွေကို ချမှတ်နေတာလို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။