မြန်မာနိုင်ငံတစ်ဝန်း နှစ်ပတ်အတွင်း စစ်ဘေးဒုက္ခသည် တစ်သိန်းကျော်တိုးလာ

RFA Burmese
2023.03.22
မြန်မာနိုင်ငံတစ်ဝန်း နှစ်ပတ်အတွင်း စစ်ဘေးဒုက္ခသည် တစ်သိန်းကျော်တိုးလာ ကရင်နီပြည်နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ မတ်လ ၅ ရက်နေ့က တွေ့ရစဉ်။
ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UN OCHA) ရဲ့ မတ်လ ၄ ရက်နဲ့ မတ်လ ၂၁ ရက် ထုတ်ပြန်ချက်တွေအရ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်ကနေ မတ်လ ၁၃ ရက်အထိ နှစ်ပတ်အတွင်း နိုင်ငံတစ်ဝန်းမှာ စစ်ဘေးဒုက္ခသည် တစ်သိန်းကျော် တိုးလာပါတယ်။

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်နေ့အထိ စစ်ဘေးဒုက္ခသည်ပေါင်း ၁ ဒသမ ၆ သန်းကျော်ရှိတယ်လို့ မတ်လ ၄ ရက် ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

မတ်လ ၂၁ ရက် မနေ့က ထုတ်ပြန်ချက်မှာတော့ ၂၀၂၃ ခုနှစ် မတ်လ ၁၃ ရက်နေ့အထိ နိုင်ငံတစ်ဝန်းမှာ စစ်ဘေးဒုက္ခသည်ပေါင်း ၁ ဒသမ ၇ သန်း ရှိနေတယ်လို့ ဖော်ပြထားတာမို့ နှစ်ပတ်အတွင်း တစ်သိန်းကျော် တိုးလာတာပါ။

လက်နက်ကိုင် ပဋိပက္ခတွေဖြစ်နေတဲ့ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ပဲခူးတိုင်း အရှေ့ပိုင်းတို့မှာ တိုးလာတာလို့ ဆိုပါတယ်။

ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူ တပ်မဟာ (၃) ထိန်းချုပ်ရာ ပဲခူးတိုင်းအရှေ့ခြမ်း ရွှေကျင်မြို့နယ်မှာ နှစ်ဖက်တိုက်ပွဲဖြစ်တိုင်း စစ်ကောင်စီတပ်က ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ ဖိအားပေး ခြိမ်းခြောက်တာတွေကြောင့် စစ်တောင်းမြစ် အရှေ့ဘက်ကမ်းက ကျေးရွာတွေမှာ လူမရှိတော့ဘူးလို့ စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။

“ကျမတို့ရွာတွေမှာတော့ ဘယ်သူမှ မရှိတော့ဘူးလေ။ ရွာတွေမှာ လူတွေ မရှိတော့ဘူးလေ။ ကျမတို့ မြို့ပေါ်တွေမှာချည်းပဲ အကုန်လုံးက။ ဘုန်းကြီးကျောင်းတွေ၊ ဇရပ်တွေ၊ ဘုရားတွေမှာပဲ နေကြတာ။ တချို့ကျတော့ သူတို့သိတဲ့ အိမ်တွေမှာပဲ နေကြတာ။ အသိမိတ်ဆွေအိမ်တွေမှာပဲ နေကြတော့ လာလှူလို့ရှိရင် တချို့ မရကြတာတွေရှိတယ်။ တချို့ကျတော့ စစ်ရှောင်စခန်းမှာနေကြတော့ လူအရေအတွက်က သိနေတော့ အဲဒီလူတွေက ဘယ်ဘုန်းကြီးကျောင်းမှာ ဘယ်လောက်ရှိတယ်ဆိုပြီး အရေအတွက်နဲ့သွားပြီး လှူတာတွေတော့ ရှိတာပေါ့”

ရွှေကျင်မြို့နယ် ညောင်အိုင်ရွာ၊ အင်းဗလာရွာ၊ ‌သက်ကယ်ကုန်းရွာနဲ့ ဘောကထာရွာ အပါအဝင် ကျေးရွာပေါင်း ၁၀ ရွာလောက်က ဒေသခံ ၁၅၀၀ ဝန်းကျင် ရွှေမြို့ပေါ်ကို ထွက်ပြေး တိမ်းရှောင်နေရတာလို့ သူက ပြောပါတယ်။ မြို့ပေါ်က ဘုန်းကြီးကျောင်း တစ်ကျောင်းစီမှာ စစ်ဘေးဒုက္ခသည် ၁၅၀ ကနေ ၂၀၀ အထိ ခိုလှုံနေရပြီး သူတို့ရဲ့ စားဝတ်နေရေးအတွက် နီးစပ်ရာအချင်းအချင်း အလှူခံပေးနေရတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၃ ဖေဖော်ဝါရီလအထိ KNU ထိန်းချုပ်ရာ ပဲခူးတိုင်း ညောင်လေးပင်ခရိုင်မှာ စစ်ဘေးဒုက္ခသည် ၁၄၂,၈၆၁ ဦးနဲ့ တောင်ငူခရိုင်မှာ ၃၇,၄၃၅ ဦး ပဲခူးတိုင်းတစ်ခုတည်းမှာတင် စုစုပေါင်း ဒုက္ခသည် ၁၈၀, ၂၉၆ ဦး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြု ကွန်ရက် (KPSN) က ဖေဖော်ဝါရီလ ၂၆ ရက်က ထုတ်ပြန်ပါတယ်။

"သူတို့တွေ လုပ်ရပ်ကို မကျေနပ်ဘူး။ ကျမတို့ လက်နက်ကိုင်ပြီးတော့ကို တိုက်ခိုက်ချင်ပါတယ်ရှင့်"

UNOCHA ထုတ်ပြန်ချက်တွေမှာတော့ မြန်မာနိုင်ငံ အရှေ့တောင်ခြမ်းက ကရင်ပြည်နယ်၊ ကယားပြည်နယ်နဲ့ မွန်ပြည်နယ်မှာ စစ်ဘေးဒုက္ခသည်ပေါင်း ၄၀၉,၄၀၀ ရှိတယ်လို့ ဖော်ပြပါတယ်။ အာဏာသိမ်းပြီးနောက် လက်နက်ကိုင် ပဋိပက္ခတွေမြင့်တက်နေတဲ့ မြန်မာပြည်အနောက်ခြမ်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ချင်းပြည်နယ်တို့မှာလည်း စစ်ဘေးဒုက္ခသည် စုစုပေါင်း ၉၄၃,၁၀၀ ဦး ရှိတယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် အနောက်ခြမ်း မူးမြစ်ကမ်းအနီးက သမရိုးရွာကို မတ်လ ၁၇ ရက်နေ့မှာ စစ်ကောင်စီတပ်ရဲ့ ဝင်ရောက်စီးနင်း မီးရှို့ခံရတဲ့အတွက် နေစရာ အိုးအိမ်မရှိတော့တဲ့ ကျေးရွာသားတွေ ဘေးလွတ်ရာမှာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“နှစ်ထပ်အိမ်ရှင့်။ ဆန်လေးတွေ၊ ပဲလေးတွေ အဲဒါတွေ အကုန်ပါသွားတာပါရှင့်။ အရှေ့ဘက်ရော အနောက်ဘက်ရော နှစ်ဖက်ညှပ်တယ်ဆိုတော့ ဘာမှကို မယူနိုင်ဘူး။ ကျမတို့ ၁၀ နာရီလောက် ထွက်ပြေးရပါတယ်ရှင့်။ အဲဒီနေ့ညက မိုးကရွာတော့ မိုးတွေ ဘာတွေမိ၊ သစ်ကိုင်းတွေက ကျိုးကျ၊ ကလေးလေးတွေက ခေါင်းပေါက်တဲ့ သူက ပေါက်၊ ပြဲတဲ့သူက ပြဲရှိတော့ကျ ဆားနဲ့ နနွင်းမှုန့်ပဲ သိပ်ပေးရတာပါ။ မိသားစု သုံးယောက်ပဲ ရှိတာပါ။ ကျမတို့က သစ်ပင်လေးအောက် အသာလေး နေနေရတာပါရှင့်၊ ဘာမှ ပါမလာဘူး။ သူတို့တွေ လုပ်ရပ်ကို မကျေနပ်ဘူး။ ကျမတို့ လက်နက်ကိုင်ပြီးတော့ကို တိုက်ခိုက်ချင်ပါတယ်ရှင့်”

အိမ်ခြေတစ်ထောင်ခန့်ရှိတဲ့ သမရိုးရွာမှာ နေအိမ် ၂၇၆ လုံး မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံ လေးထောင်ခန့် အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ထွက်ပြေးခဲ့ရတာလို့ သူက ဆိုပါတယ်။

ဝက်လက်မြို့နယ် အရှေ့ခြမ်းက ကမ္ဘာ့အမွေအနှစ် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေဖြစ်တဲ့ ဟန်လင်းရွာဟာလည်း ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၂ ရက်နေ့က စစ်ကောင်စီတပ်ရဲ့ စီးနင်းဝင်ရောက်မှုကြောင့် ဒေသခံ ရှစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဟန်လင်းရွာသားတစ်ဦးက ပြောပါတယ်။

“အပေါင်းအသင်းရှိတဲ့သူက နီးရာခြောက်စပ်က ရွာတွေကပ်ရတော့ နည်းနည်း အဆင်ပြေတယ်ပေါ့ဗျာ။ အဆင်မပြေတဲ့သူက များတယ်ဗျ။ ကျနော်တို့ တောထဲမှာ မိုးကာတဲလေးတွေနဲ့ အဲဒီလို နေကြရတာပါခင်ဗျ။ NUG ကနေပြီး ဝါးလေးတွေ၊ မိုးကာတဲလေးတွေ ပံ့ပိုးပေးတာတွေ ရှိတယ်ခင်ဗျ။ ပြီးကျတော့ ပြင်ပက လူမှုကူညီရေး အဖွဲ့အစည်းတွေက ပို့ထားတဲ့ မိုးကာလေးတွေ၊ စေ့စေ့ငှငှတော့ မရဘူးပေါ့ဗျာ။ ၅၀ ကျော် လောက်ပဲ ရဖူးသေးတာ။ လူဦးရေ ရှစ်ထောင်ကျော်မှာ ၅၀ ကျော်လောက်ပဲ ရဖူးသေးတယ်ဗျ”

လက်ရှိ ဟန်လင်းရွာမှာ စစ်ကောင်စီတပ်အင်အား ၄၀ ခန့် တပ်စွဲထားတယ်လို့ သူက ပြောပါတယ်။

မြန်မာပြည်အရှေ့တောင်ဘက် ကယားပြည်နယ်မှာလည်း နှစ်ပတ်အတွင်း စစ်ဘေးဒုက္ခသည် သုံးသောင်းခန့် တိုးလာတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) ရဲ့ ညွှန်ကြားရေးမှူး ကိုဗညားက ပြောပါတယ်။ တိုးလာတဲ့ ဒုက္ခသည်တွေဟာ ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်း နဲ့ လွိုင်ကော်မြို့နယ် မြောက်ဘက်ခြမ်းက ဒေသခံ အရပ်သားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

အာဏာသိမ်း နှစ်နှစ်ကျော်အတွင်း သိန်းနဲ့ချီပြီးတိုးလာတဲ့ ဒုက္ခသည်တွေကို ကူညီဖို့အတွက် စစ်ကောင်စီရော အမျိုးသားညီညွတ်ရေးအစိုးရ NUG နှစ်ဖက်စလုံးက နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ဆောင်ရွက်သင့်တယ်လို့ ကယားပြည်နယ်က စစ်ဘေးဒုက္ခသည်အရေး ကူညီနေသူတစ်ဦးက ပြောပါတယ်။

ရွှေကျင်မြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ် မတ်လ ၁၂ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)
ရွှေကျင်မြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ် မတ်လ ၁၂ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)

“အဓိကကတော့ တာဝန်ရှိတဲ့သူတွေ၊ တာဝန်ရှိသူတွေဆိုတာ စစ်ကောင်စီဘက်မှ မဟုတ်ဘူး၊ NUG ဘက်ရော စစ်ကောင်စီဘက်ရော လူသားချင်းစာနာ ထောက်ထားတဲ့အနေနဲ့ စစ်ဘေးကြောင့်မို့လို့ တိမ်းရှောင်နေရတဲ့ ပြည်သူတွေအတွက် ရိက္ခာတွေ၊ ဆေးဝါးတွေ ရရှိဖို့ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ထိထိမိမိပေါ့နော်၊ မြေပြင်ကို တကယ် လိုအပ်တဲ့နေရာတွေကို ပေးဝေနိုင်ဖို့ ဒါတွေကို ထိရောက်စွာ လုပ်ဖို့ လိုအပ်တယ်ပေါ့နော်။ အဲဒါလေး ပြောချင်ပါတယ်ဗျ”

မြန်မာနိုင်ငံက သန်းနဲ့ချီတဲ့ စစ်ဘေးဒုက္ခသည်တွေကို စစ်ကောင်စီရဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနကတစ်ဆင့် ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့တွေနဲ့ ပူးပေါင်းပြီး လူသားချင်းစာနာမှု အကူအညီတွေ အမြန်ဆုံး ပေးအပ်နိုင်ဖို့ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့မှာ ၂၀၂၂ ခုနှစ်၊ မေလ ၆ ရက်နေ့က အာဆီယံ လူသားချင်းစာနာမှု အကူအညီပေးရေးအဖွဲ့ (AHA) တို့ သဘောတူခဲ့ကြပါတယ်။

ဒါပေမဲ့ အခု ၁၀ လကျော်တဲ့အထိ ထိရောက်လုံလောက်တဲ့ အကူညီတွေ မရသေးဘူးလို့ ဒုက္ခသည်တွေနဲ့ သူတို့ကို တစ်နိုင်တစ်ပိုင် ကူညီပေးနေသူတွေက ပြောပါတယ်။ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) ရဲ့ ညွှန်ကြားရေးမှူး ကိုဗညား နဲ့ ကရင် အမျိုးသားအစည်းအရုံး (KNU) ဗဟိုကော်မတီဝင် ပဒိုစောသမိန်ထွန်း တို့ကလည်း သူတို့ဒေသက ဒုက္ခသည်တွေ ထိရောက်တဲ့ အကူအညီ ဘာတစ်ခုမှ မရသေးဘူးလို့ ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဦးကိုကိုလှိုင်ကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် ဖုန်းလက်ခံမဖြေပါဘူး။ အာဆီယံ လူသားချင်း စာနာမှု အကူအညီပေးရေးအဖွဲ့ (AHA) နဲ့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UN OCHA) ကို အီးမေးလ်ကတစ်ဆင့် စာရေး မေးမြန်းထားပေမယ့် မတ်လ ၂၂ ရက် ညနေပိုင်းအထိ အကြောင်းမပြန်သေးပါဘူး။

(UNOHCA) ရဲ့ မတ်လ ၂၁ ရက် မနေ့က ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတစ်ဝန်းမှာ စစ်ဘေးဒုက္ခသည်ပေါင်း ၁ ဒသမ ၄ သန်း တိုးလာပြီး အာဏာမသိမ်းခင်ကတည်းကရှိခဲ့တဲ့ စစ်ဘေးဒုက္ခသည် သုံးသိန်းကျော်နဲ့ ပေါင်းရင် စုစုပေါင်း စစ်ဘေးဒုက္ခသည် ၁ ဒသမ ၇ သန်း ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။