စစ်ကောင်စီရဲ့ ရေလမ်းကြောင်းကုန်သွယ်ရေး စနစ်သစ်ကို ကုန်သည်တွေ ဝေဖန်
2024.07.18
ထိုင်း-မြန်မာနယ်စပ်မှာ တိုက်ပွဲတွေကြောင့် ကုန်းလမ်းကုန်သွယ်ရေး ရပ်ဆိုင်းနေချိန်မှာ စစ်ကောင်စီက ဒီလဆန်းမှာပဲ ရန်ကုန်-ကော့သောင်း-ရနောင်း ရေလမ်းကြောင်းကုန်သွယ်ရေး ပုံစံသစ် ကို စတင်လိုက်ပါတယ်။
ရန်ကုန်-ကော့သောင်း-ရနောင်း အသွားအပြန် ကမ်းရိုးတန်းဆိပ်ကမ်းကုန်သွယ်ရေးကို အရင်က ခွင့်မပြုထားတဲ့ ကွန်တိန်နာသင်္ဘောတွေနဲ့ သယ်ယူပို့ဆောင်တဲ့နည်းလမ်းကိုပါ စတင်ကျင့်သုံးတာ ဖြစ်ပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ထိုင်းနယ်စပ်က ကုန်သည်တစ်ဦးကတော့ ထိုင်း-မြန်မာ ရေကြောင်းကုန်သွယ်ရေးဟာ နယ်စပ်ကုန်သွယ်ရေး ထွက်ပေါက်ရှာတဲ့ သဘောမျိုးသာဖြစ်ပြီး ကုန်သည်အားလုံးအတွက် အဆင်မပြေနိုင်ဘူးလို့ ထောက်ပြပါတယ်။
"အခုကတော့ သူ(စစ်ကောင်စီ)က ထွက်ပေါက်မရှိလို့ ထွက်ပေါက်လုပ်တဲ့သဘောမျိုးပဲ ရှိတယ်။ ဒီလောက်ကြီး ဟို နဂိုလောက်ကြီးတော့ အဆင်ပြေနေတာတော့ မဟုတ်ဘူးပေါ့နော်။ အဓိကကတော့ ပြောင်းသမားတွေတော့ အဆင်ပြေသွားတာပေါ့နော်။ ပြောင်းကတော့ နဂိုကတည်းကလည်း အခြောက်။ သူတို့ကလည်း ရေလမ်းကြောင်းနဲ့ပို့လို့ ဘာမှမဖြစ်တဲ့ကုန်ပေါ့နော်။ ကျန်တဲ့ဟာတွေမှာတော့ ဒီလောက်ကြီးတော့ မဟုတ်ဘူးဗျ"
ကော့သောင်း-ရနောင်း နယ်စပ်ကုန်သွယ်ရေးဟာ ပင်လယ်ရေကြောင်း နယ်စပ်ကုန်သွယ်ရေးဖြစ်ပြီး ဘိလပ်မြေ၊ ဓာတ်မြေသြဇာ၊ ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ စက်မှုကုန်ကြမ်းပစ္စည်းတွေ မြန်မာဘက်ကို အဓိက တင်သွင်းနေတာပါ။ ထိုင်းနိုင်ငံဘက်ကိုတော့ ရေထွက်ပစ္စည်းမျိုးစုံနဲ့ ဆီအုန်းကြိတ်ဖတ်တွေ တင်ပို့ပါတယ်။
အခုတော့ မြန်မာနိုင်ငံက MCL-4 နဲ့ Beypore Sultan ကုန်တင်သင်္ဘောနှစ်စီးဟာ သွင်းကုန်အဖြစ် စိုက်ပျိုးရေး ထုတ်ကုန်ပစ္စည်းတွေကို သယ်ဆောင်လာပြီး ထိုင်းနိုင်ငံ ပို့ကုန်တွေအဖြစ် လျှပ်စစ်ပစ္စည်းတွေနဲ့ ဆောက်လုပ်ရေးပစ္စည်းတွေကို ပြန်လည်သယ်ဆောင်သွားတယ်လို့ ဇူလိုင် ၁၇ ရက်နေ့က ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံဘက်ကဝင်လာမယ့် ကုန်စည်တွေအတွက် ရနောင်းဆိပ်ကမ်းမှာ လုံလောက်တဲ့ ဝန်ထမ်းနဲ့ အခြားလိုအပ်ချက်တွေ အသင့်ပြင်ထားဖို့ ထိုင်းဆိပ်ကမ်းအာဏာပိုင်တွေကို ထိုင်း ပို့ဆောင်ရေးဒုဝန်ကြီး မန်နာပွန် ချာရွန်စီက ညွှန်ကြားထားပြီး ဒီရေလမ်းကနေ မြန်မာ့ကုန်စည်တွေ တင်ပို့တာဟာ အကျိုးရှိတယ်လို့ ဆိုပါတယ်။
ဆက်နွှယ်သောသတင်းများ
ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူဂိတ် ပိတ်လိုက်တာကြောင့် ကုန်ကားတစ်ရာခန့်ပိတ်မိနေ
တိုက်ပွဲကြောင့် မြဝတီ နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်းနေ
ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးနည်းလမ်းသစ်ကို စစ်ကောင်စီ ခွင့်ပြု
နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်းမှုကြောင့် ကုန်သည်တွေ အခက်ကြုံနေ
ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် တာချီလိတ်၊ မြဝတီ၊ ကော့သောင်း၊ မြိတ်၊ ထီးခီး၊ မောတောင် စတဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းတွေရှိပေမယ့် အဲဒီအထဲက မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းကိုပဲ နယ်စပ်ကုန်သည်တွေက အဓိက အသုံးပြုခဲ့ကြတာ ဖြစ်ပါတယ်။
အခုလို ရန်ကုန်-ကော့သောင်း-ရနောင်း ရေလမ်းကြောင်းကို ပြောင်းသုံးမယ်ဆိုရင် ကုန်ကျစရိတ်ပိုများပြီး သယ်ယူပို့ဆောင်ရေးမှာလည်း အခက်အခဲတွေ ရှိတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
"နှစ်ပိုင်းရှိတယ်။ မြ၀တီက ဒဲ့သယ်တာထက်စာရင် ရေကြောင်းက လမ်းစရိတ် ပိုကုန်တယ်။ ဒါပေမဲ့ မြ၀တီမှာကျတော့ ဆက်ကြေး (ကုန်ကျစရိတ်) ပိုပေးရတယ်။ အဲဒီတော့ ဟိုဘက်ကသယ်တာက ပိုပြီးတော့ စျေးသက်သာပြီးတော့ လုံခြုံမှုလည်းရှိတယ်။ အခုလက်ရှိအနေအထားကတော့ အဲလိုပဲပြောလို့ရတယ်။ အဲဒီနေရာမှာက ဂိုဒေါင်အခက်အခဲရှိတယ် ရနောင်းက။ ပို့ဆောင်ရေးအခက်အခဲ ရှိတယ်။ ပြီးတော့ ဆိပ်ကမ်းက ကရိန်းတွေကလည်း သေးသေးလေးတွေပဲရှိတယ်။ ဝန်ဆံ့တာက ကျွန်တော်တို့ ရွှေ့ချင်သလောက်ရွှေ့လို့ရတဲ့ ဝန်ဆံ့တဲ့အနေအထားမှာ မရှိသေးဘူး"
"ဂိုဒေါင်အခက်အခဲရှိတယ် ရနောင်းက။ ပို့ဆောင်ရေးအခက်အခဲ ရှိတယ်။ ပြီးတော့ ဆိပ်ကမ်းက ကရိန်းတွေကလည်း သေးသေးလေးတွေပဲရှိတယ်"
တိုက်ပွဲတွေနဲ့ နယ်မြေဆုံးရှုံးမှုတွေကြောင့် စစ်ကောင်စီဟာ ထိုင်းအပြင် တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် စတဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့လည်း နယ်စပ်ကုန်သွယ်ရေး ရပ်တန့်နေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလကုန်လောက်မှာတော့ စစ်ကောင်စီက ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်မှာရှိတဲ့ ရွှေမဲဆိပ်ကမ်းနဲ့ မုတ္တမဆိပ်ကမ်းတွေကို အိမ်နီးချင်းနိုင်ငံတွေဆီ ကုန်တင်ပို့နိုင်တဲ့ အပြည်ပြည်ဆိုင်ရာ ကုန်တင်ကုန်ချ ယာယီဆိပ်ကမ်းအဖြစ် အသုံးပြုမယ်လို့ သတ်မှတ်ကြေညာခဲ့ပါတယ်။ ကုန်သည်လုပ်ငန်းရှင်တွေအနေနဲ့ ဒီဆိပ်ကမ်းတွေကနေ အိမ်နီးချင်းနိုင်ငံတွေဆီ ကုန်တင်ပို့နိုင်ပြီလို့လည်း စစ်ကောင်စီက ကြေညာခဲ့ပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြန်မာပြည်စီးပွားရေး လေ့လာသူတစ်ဦးကတော့ နယ်စပ်မတည်ငြိမ်သေးချိန်မှာ ရေကြောင်းကုန်သွယ်ရေးကိုပဲ အားပေးသင့်တယ်လို့ ဆိုပါတယ်။
"စကာစမှာတော့ သိပ်ပြီးတော့ မဖွံ့ဖြိုးသေးသော်ငြားလည်းပဲ ရေရှည် ဖွံ့ဖြိုးသွားမယ့်အနေအထားမှာ ရှိတယ်။ ဒါကလည်း ရေကြောင်းနဲ့ဆို ကုန်စည်က များများပို့လို့ရတယ်။ ကျွန်တော်ပြောတာက တစ်ကြိမ်တည်းလည်း အများကြီးသွားလို့ရတယ်ဗျာ။ အဲဒါတော့ ကျွန်တော်တို့က ပိုပြီးအားပေးသင့်တယ်ပေါ့။ နယ်စပ် တည်ငြိမ်အေးချမ်းရင်တော့ ဒါကတစ်မျိုးပေါ့လေ။ နယ်စပ်တည်ငြိမ်ရေး မရသေးရင်တော့ ဒါကလည်း ဒီကိစ္စကြီးက ဒီလိုပဲ ဆောင်ရွက်သင့်တယ်လို့ ကျွန်တော်တို့ မြင်တယ်ဗျ"
လွတ်လပ်တဲ့ သုတေသနအဖွဲ့ တစ်ခုဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) ရဲ့ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံက နယ်စပ်ကုန်သွယ်ရေးစခန်း ၁၇ ခုထဲမှာ ခြောက်ခုကို တိုင်းရင်းသားလက်နက်ကိုင် (EAOs) တွေနဲ့ တော်လှန်ရေး အင်အားစုတွေက ထိန်းချုပ်ထားပါတယ်။ ကျန်တဲ့ စခန်း ၁၁ ခုထဲက သုံးခုကလည်း တိုက်ပွဲတွေကြောင့် ကုန်သွယ်ရေး ရပ်ဆိုင်းနေပြီး ရှစ်ခုကိုသာ စစ်ကောင်စီက ထိန်းချုပ်ထားနိုင်တာဖြစ်တယ်လို့ ISP-Myanmar က ဖော်ပြထားပါတယ်။
စစ်ကောင်စီထိန်းချုပ်ထားတဲ့ စခန်းတွေထဲက ကော့သောင်းကုန်သွယ်ရေးစခန်းကနေ နေ့စဉ် ကုန်သွယ်မှုတန်ဖိုး ပျမ်းမျှ အမေရိကန်ဒေါ်လာ ခုနစ်သိန်းနီးပါးရှိပါတယ်။
မြန်မာ့ မဟာဗျူဟာနဲ့ မူဝါဒရေးရာ လေ့လာရေးအဖွဲ့ (ISP - Myanmar ) က ဦးအောင်သူငြိမ်းက ဒီရေလမ်းကြောင်းကုန်သွယ်တဲ့စနစ်က ရပ်တန့်နေတဲ့ နယ်စပ်ကုန်သွယ်ရေးတစ်ခုလုံးကို ပြန်ကာမိဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ သုံးသပ်ပါတယ်။
"အခုက နယ်စပ်ကုန်သွယ်ရေးအစား သူတို့ (စစ်ကောင်စီ) က ပင်လယ်ရေကြောင်းကုန်သွယ်ရေးကို ပိုပြီးတော့ အားထားလာတဲ့သဘောမျိုး တွေ့တာပေါ့ဗျာ နော်။ ကျွန်တော်မြင်တာတော့ တစ်စုံတစ်ရာတော့ ကာမိတဲ့ဟာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ ဒီကိစ္စကြီးတစ်ခုလုံး အောင်မြင်ဖို့ဆိုတဲ့ အနေအထားတော့မလွယ်ဘူးလို့ ထင်တယ်ဗျ။ ဥပမာအားဖြင့် ကျွန်တော်တို့ ပြည်ပကို တင်ပို့ဖို့လုပ်မယ့်ကိစ္စတွေ ရှိတယ်။ ပြည်ပကသွင်းရမယ့်ကိစ္စတွေ ရှိတယ်လေနော်။ ဆိုတော့ အဲဒီအနေအထားမှာ ရနောင်းကနေ သယ်တဲ့ သင်္ဘောလမ်းတစ်ခုတည်းက အကုန်လုံး ဖြည့်ဆည်းနိုင်မလား သိပ်မသေချာဘူးပေါ့နော်"
ဒီကုန်သွယ်ရေးစနစ်သစ်အပေါ် ဝေဖန်ချက်တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းနဲ့ စီးပွားကူးသန်း ဝန်ကြီးဌာနတို့ကို RFA က ဆက်သွယ်ပေမဲ့ ဖုန်းမဖြေပါဘူး။
စစ်ကောင်စီ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကတော့ ဒီကုန်သွယ်ရေးလမ်းကြောင်းအသစ်ကနေ အမေရိကန်ဒေါ်လာ သန်း သုံးဆယ်ဖိုး ခွင့်ပြုထားတယ်လို့ ဇူလိုင်လ ၁၆ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
ရနောင်း-ကော့သောင်း နယ်စပ်ကုန်သွယ်ရေးဟာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ၁၁ လအတွင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ သန်းနှစ်ရာ နီးပါးရှိပါတယ်။
ဒီရေလမ်းကြောင်းကနေ အရင်က မရှိခဲ့တဲ့ ကွန်တိန်နာစနစ်နဲ့ ကုန်သွယ်ခွင့်ပြုမယ်လို့ စစ်ကောင်စီ စီးပွားကူးသန်း ဝန်ကြီးဌာနက ဧပြီလ ၁၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပြီး နှစ်လခန့်အကြာမှာ အကောင်အထည်ဖော်လာတာ ဖြစ်ပါတယ်။