ငါးနှစ်အတွင်း သတင်းမီဒီယာကဏ္ဍ ခက်ခဲမှုများ

နေမျိုးထွန်း၊ ဝေယံမိုးမြင့်
2021.01.24

NLD အစိုးရ ၅ နှစ် ကာလအတွင်း သတင်းမီဒီယာလွတ်လပ်ခွင့်၊ သတင်းအချက်အလက်ရယူဖို့ ခက်ခဲတာတွေအပြင် ဈေးကွက်နဲ့ ကြော်ငြာတွေမှာ အစိုးရသတင်းစာတွေကို အစစအရာရာ မယှဉ်ပြိုင်နိုင်တာ၊ ကပ်ဘေးကိုပါ ထပ်မံရင်ဆိုင်ရတာကြောင့် ပုဂ္ဂလိကသတင်းစာတွေ တစ်စောင်ပြီး တစ်စောင် ရပ်နားခဲ့ရပါတယ်။

နှစ်ပေါင်း ၄၀ အတွင်းမှာ ပြည်တွင်းပုဂ္ဂလိက နေ့စဉ်ထုတ်သတင်းစာတွေကို လွန်ခဲ့တဲ့ ၂၀၁၃ ဧပြီလက စတင်ထုတ်ဝေခွင့်ပြုခဲ့ပြီး ကိန်းဂဏန်းတွေအရဆိုရင် ပုဂ္ဂလိက နေ့စဉ်ထုတ်သတင်းစာ ၃၇ စောင်ကို ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ဝေခွင့်ပြုခဲ့ပါတယ်။

လက်ရှိ NLD အစိုးရလက်ထက် ၂၀၂၀ ပြည့်နှစ်အကုန်မှာတော့ ပုဂ္ဂလိကနေ့စဉ်ထုတ် သတင်းစာ ၅ စောင်ကျော်လောက်သာ ယိုင်နဲ့နဲ့နဲ့ ကျန်တော့တာပါ။

ပုဂ္ဂလိက မီဒီယာတွေဟာ အရင်ထဲက အစိုးရပိုင်မီဒီယာတွေရဲ့ လက်ဝါးကြီးအုပ်မှုကြောင့် ယိုင်နဲ့နေရာကနေ ကိုဗစ်ကပ်ရောဂါကြောင့် ပိုမိုဆိုးဝါးသွားခဲ့ရတာလို့ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီအဖွဲ့ဝင် ဦးဇေယျာလှိုင်က သုံးသပ်ပါတယ်။

“ကြော်ငြာတွေရှိတယ် အစိုးရချထားပေးတဲ့ တင်ဒါ ကြော်ငြာတွေ၊ စီးပွားရေးလုပ်ငန်း ကြော်ငြာတွေ၊ ကျောင်းနဲ့ပတ်သက်တဲ့ ကလေးဖခင်အမည်ပြောင်းတွေ လိုင်စင်ပျောက်တာကအစ အစိုးရသတင်းစာမှ တရားဝင်တဲ့ ပုံစံမျိးဆိုတော့ ကျနော်တို့ ပုဂ္ဂလိကတွေဆီ ဝင်လာမယ့် ကြော်ငြာ ကျနော်တို့ဆီ ဝင်လာမယ့်ငွေကို အစိုးရက ဖြတ်လုထားတဲ့ သဘောပေါ့၊ ပြည်သူလူထုဆီက ရတဲ့အခွန်ငွေတွေနဲ့ရတဲ့ ဘဏ္ဍာငွေကို အပိုင်စီးပြီး ပုံနှိပ်စက်မျိုးစုံ၊ ဖြန့်ချိရေး ယာဉ်ယန္တယားမျိုးစုံကို သုံးနေတာ။ အားလုံးကို လက်ဝါးကြီးအုပ်ထားပြီးတော့ ဝါဒဖြန့်ချိရေး မီဒီယာတွေက ပုဂ္ဂလိက မီဒီယာကို သတ်တဲ့အကြောင်းပါပဲ။ အခုကိုဗစ်ကလဲဖြစ်လာ ကမ္ဘာ့ကပ်ရောဂါနဲ့ ဆုံတဲ့အခါ အလုပ်တွေဖြုတ် တချို့တွေဆို သတင်းမီဒီယာတွေ ပိတ်သိမ်းရတဲ့အထိ ဖြစ်လာတာ မြေပြင်အမှန်တရားပါပဲ”


ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲအပြီး NLD အစိုးရတက်လာချိန်မှာ ပုဂ္ဂလိက မီဒီယာတွေက မီဒီယာ လွတ်လပ်ခွင့် ပိုမိုရရှိလာမယ့်၊ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ အစိုးရသတင်းစာတွေကို ဖျက်သိမ်းဖို့ မျှော်လင့်ထားကြပေမယ့် ဖြစ်မလာတဲ့အပြင် NLD အစိုးရဟာ မီဒီယာဖွံ့ဖြိုးရေးတွေကို လျစ်လျူရှု့ထားခံခဲ့တယ်လို့ သုံးသပ်ကြပါတယ်။

၂၀၂၀ မှာတော့ တစ်ကမ္ဘာလုံး ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိခိုက်ခဲ့ရတဲ့ လုပ်ငန်းတွေထဲမှာ မီဒီယာ လုပ်ငန်းလည်း တစ်ခုအပါအဝင်ဖြစ်ခဲ့ပေမယ့် အစိုးရရဲ့ထောက်ပံ့မှု တစ်စုံတစ်ရာမရရှိခဲ့ပါဘူး။

ပုဂ္ဂလိက သတင်းမီဒီယာအချို့ ရပ်ဆိုင်းလိုက်လို့ အလုပ်လက်မဲ့ဖြစ်သွားရတဲ့ သတင်းထောက်တွေ အများအပြားရှိနေပြီး အလုပ်အကိုင် ပြန်လည်ရဖို့ ခက်ခဲနေရပါတယ်။

စီးပွားလုပ်ငန်းရှင် တော်တော်များများဟာ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေ လည်ပတ်နိုင်ဖို့ ရုန်းကန်နေရချိန်မှာ မီဒီယာတွေကနေ ကြော်ငြာထည့်သွင်းနိုင်မှုလည်း နည်းပါးသွားတဲ့အတွက် ပုဂ္ဂလိက သတင်းမီဒီယာတွေ ဆက်လက်ရပ်တည်နိုင်ရေး အားလျော့ခဲ့ရပါတယ်။

ဗိုင်းရပ်စ်ကူးစက်ပျံ့နှံမှု ထိန်းချုပ်နိုင်ရေးအတွက် မြို့အဝင်အထွက်တွေ ကန့်သတ်လိုက်ချိန်မှာ သတင်းစာနဲ့ ဂျာနယ်တွေဟာ ဖြန့်ချိရေးတွေဆီ မရောက်နိုင်တော့ဘဲ အစောင်ရေကျဆင်းတဲ့ ပြဿနာကို ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။၏

“သတင်းစာနဲ့ ဂျာနယ်က စာဖတ်သူကို အစောင်ရေနဲ့ရောင်းရတဲ့ ဝင်ငွေရယ်။ ကြော်ငြာဝင်ငွေရယ်နဲ့ ရပ်တည်ရတာ။ ဗိုင်းရပ်စ်ဖြစ်တော့ လူတွေက ကြောက်ပြီး သတင်းစာတွေ ဂျာနယ်ကို ဝယ်ကိုင်ဖတ်ရမှာ စိတ်ပူတာတွေရှိတယ် အဲမှာ အစောင်ရေ ထိခိုက်မှုရှိတယ်။ နောက် တဖြည်းဖြည်း ပိတ်ဆို့မှုတွေ လုပ်လာတော့ နယ်တွေပို့လို့ မရတာတွေရှိလာပြီး အစောင်ရေက ထပ်ထိတယ်။ ပြီးတော့ စီးပွာေးရးပိုပို ကျပ်လာတော့ လုပ်ငန်းတွေက ကြော်ငြာထည့်တာတွေ လျှော့လိုက်ကြတော့ ကျနော်တို့က ၂ မျိုး ခံရတာပဲ”

ဆဲဗင်းဒေး သတင်းစာနဲ့ ဂျာနယ် အယ်ဒီတာချုပ် ကိုအားမာန် ပြောသွားတာပါ။

ဒီလိုအခြေအနေမျိုးမှာ အစိုးရက ကပ်ရောဂါကြောင့် ထိခိုက်ခဲ့ရတဲ့စီးပွားရေးလုပ်ငန်းတွေကို ပြန်လည်ကုစားရေးအတွက် ချေးငွေတွေချပေးခဲ့ပေမယ့် သတင်းမီဒီယာလုပ်ငန်းကို ထည့်သွင်းစဉ်းစားတာ မတေ့ွရပါဘူး။
ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ပြောကြားချက်တွေအရ ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်းမှာ လုပ်ငန်းရှင်တွေကို ချေးငွေချထားပေးရေးမှာ ရုပ်ရှင်၊ ဂီတ၊ သဘင်၊ သတင်းမီဒီယာ ကဏ္ဍကြီးလေးခုအတွက် ၁၅ ဘီလီယံကျပ်ပေးဖို့ စီစဉ်နေတယ်လို့ ဆိုထားပါတယ်။

မီဒီယာတွေရပ်တည်နိုင်ရေးအတွက် အစိုးရက တစ်စုံတစ်ရာ လုပ်ပေးမယ်လို့ မျှော်လင့်ခဲ့ပေမယ့် တစ်စုံတစ်ရာ လျှော့ပေါ့ပေးတာမျိုးတောင် မရှိခဲ့ဘူးလို့ ၂၄ နာရီ ( free to air) ထုတ်လွင့်နေတဲ့ DVB သတင်းဌာနရဲ့ ဒါရိုက်တာအဖွဲ့ဝင် ဦးတိုးဇော်လတ်က ပြောပါတယ်။

“ပထမ မျှော်လင့်တယ်။ အစိုးရဆီက ယူထားတဲ့ လွှင့်ခတွေ စတလိုက်ခတွေ အဲဒါတွေကို နည်းနည်းလျှော့ပေးမလား နောက်ကျယူမလား ကြိုးစားခဲ့တာ အစိုးရဘက်က ဘာမှ လျှော့မပေးခဲ့ဘူး ထူးထူးခြားခြား အခြားကဏ္ဍတွေလို အကူညီမပေးခဲ့ပါဘူး။ ငွေကြေးလည်း မပေးခဲ့ပါဘူး”

ဝင်ငွေနည်းပါးလာတဲ့ မီဒီယာတချို့မှာ ရပ်တည်နိုင်ရေး ခက်ခဲတဲ့အခြေအနေတွေကြောင့် လုပ်ငန်းလည်ပတ်နိုင်ရေးကိုပဲ ဦးစားပေး စဉ်းစားရပြီး ဝန်ထမ်းတွေကို လျှော့ချပစ်ရတဲ့ အခြေအနေတွေ ဖြစ်လာပါတယ်။

ကပ်ဘေးကို ရင်ဆိုင်နေရတဲ့ သတင်းဌာနတွေဟာ သတင်းမီဒီယာလွတ်လပ်ခွင့်နဲ့ သတင်းအချက်အလက် ရရှိနိုင်ရေးမှာလည်း အခက်အခဲတွေ ရင်ဆိုင်နေကြရတာပါ။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အစိုးရမဖြစ်ခင် ၂၀၁၅ ခုနှစ် မေလ ရန်ကုန်မှာကျင်းပတဲ့ ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ အခမ်းအနားမှာ ဒီမိုကရေစီလမ်းကြောင်းပွင့်ဖို့ သတင်းလောက ကူညီကြဖို့ တိုက်တွန်းထားပါတယ်။

အလားတူ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့မှာလည်း သမ္မတ ဦးဝင်းမြင့်က ဒီမိုကရေစီစနစ်အားကောင်းဖို့ မီဒီလွတ်လပ်ခွင့်ဟာ မရှိမဖြစ် အရေးကြီးတယ်လို့ ပြောထားပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ သမ္မတတို့က အဲဒီလိုပြောထားပေမယ့် အစိုးရသက်တမ်း ၅ နှစ် အတွင်းမှာ သတင်းမီဒီယာလွတ်လပ်ခွင့် ချိုးဖောက်ခံရတာ ပိုဆိုးလာတယ်လို့ သတင်းသမားတွေက ဆိုပါတယ်။

သတင်းသမား လွတ်လပ်ခွင့်နဲ့ပတ်သက်ရင် အရေးယူခံတာတွေအပြင် သတင်းအချက်အလက် ရပိုင်ခွင့် ထိန်းချုပ်တာဟာ သတင်းမီဒီယာလွတ်လပ်ခွင့်ကို ချိုးဖောက်တာပဲလို့ အသံအဖွဲ့ရဲ့ အမှုဆောင် ဒါရိုက်တာ မောင်ဆောင်းခက ထောက်ပြပါတယ်။

“လက်ရှိအစိုးရ သက်တမ်းကာလအတွင်းမှာ တရားစွဲဆိုခံထားရတဲ့ သတင်းသမား ၆၇ ဦး အထိ ရှိလာတာကို တွေ့ရတယ်။ ဒီလို အရေအတွက်ဟာ ပြီးခဲ့တဲ့ စိုးရလက်ထက်မှာတောင် ဒီလောက်အထိ အရေအတွက် များများမရှိခဲ့ဘူး။ သတင်းမီဒီယာလွတ်လပ်ခွင့်နဲ့ ပတ်သက်ရင် ပိုပြီးကျဆင်းသွားတယ် ဆိုးရွားသွားတယ်လို့ ကျွန်တော်မြင်တယ်။ သတင်းမီဒီယာ လွတ်လပ်ခွင့်လို့ ပြောရင် သတင်းသမားတွေ အရေးယူခံရတာတွေကို မတွက်ဘဲနဲ့ သတင်းအချက်အလက် ရပိုင်ခွင့်လို့ဟာမျိုးမှာ ပိုပြီး ဆိုးဆိုး ဝါးဝါးဖြစ်တာ ဥပမာ ရခိုင်နဲ့ ချင်းမှာ အင်တာနက် ပိတ်ထားတာမျိုးတို့၊ သတင်းဌာနတွေရဲ့ ဝက်ဘ်ဆိုက်တွေကို ကြည့်လို့မရအောင် အစိုးရက ဘလော့လုပ်ထားတာမျိုးတို့ ဒါမျိုးတွေကအစ သတင်းမီဒီယာ လွတ်လပ်ခွင့်ကို ချိုးဖောက်တာဖြစ်တယ်”

ပြင်သစ်အခြေစိုက် နယ်စည်းမခြားသတင်းထောက်များအဖွဲ့ RSF ရဲ့ နှစ်စဉ်ထုတ်ပြန်တဲ့ သတင်းလွတ်လပ်ခွင့် အညွှန်းကိန်းတွေအရ NLD ပါတီ အစိုးရတက်လာပြီး တစ်နှစ်အကြာ ၂ဝ၁၇ မှာ မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာလွတ်လပ်မှုဟာ အဆင့် ၁၃၁ နေရာမှာ ရှိနေရာကနေ - ၂ဝ၁၈ မှာ ၁၃၇ ၊ ၂ဝ၁၉ မှာ ၁၃၈ နဲ့ ၂ဝ၂ဝ မှာ အဆင့် ၁၃၉ အထိ ဆက်တိုက် ကျဆင်းသွားခဲ့တာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အခြေစိုက် Development Media Group (DMG) သတင်းဌာနက မောင်တော သုံးမိုင် တံတားပျက်စီးနေလို့ အမြန်ဆုံးပြုပြင်ဖို့ လိုနေတဲ့အကြောင်း ဖော်ပြခဲ့တာကြောင့် သတင်းထောက် ကိုအောင်ကျော်မင်း ကို အစိုးရက ဆက်သွယ်ရေးဥပဒေပုဒ်မ-၆၆(ဃ)နဲ့ မောင်တော မြို့မရဲစခန်းမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၁ ရက်နေ့က အမှုဖွင့်ထားပါတယ်။

အစိုးရက အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားတဲ့ AA ရက္ခိုင့်တပ်တော်ကို ဆက်သွယ်မေးမြန်းပြီး သတင်းရေးသားခဲ့ကြတဲ့ ခေတ်သစ်မီဒီယာ အယ်ဒီတာချုပ် ကိုသာလွန်ဇောင်းထက်၊ နိရဉ္ဇရာသတင်းဌာန အယ်ဒီတာချုပ် ခိုင်မြတ်ကျော်တို့ကိုလည်း ၂၀၂၀ ခုနှစ် မတ်လထဲမှာ အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေနဲ့ ဖမ်းဆီးအမှုဖွင့်ခဲ့တာတွေ ရှိပါတယ်။

သတင်းသမားတွေ သတင်းရယူတဲ့အခါ ခြိမ်းခြောက်မှုတွေ၊ တရားစွဲဆိုအရေးယူမှုတွေဟာ အရင် ဦးသိန်းစိန် အစိုးရလက်ထက်ကထက် ပိုပြီးများလာတယ်လို့ နိရဉ္ဇရာသတင်းဌာန အယ်ဒီတာချုပ် ခိုင်မြတ်ကျော် ပြောပါတယ်။

“အဓိကအားဖြင့် သတင်းသမားတွေ သတင်းရယူရာမှာ ခြိမ်းခြောက်မှုတွေ၊ တရားစွဲဆိုမှုတွေ ပြီးတော့ အရေးယူမှုတွေဟာ အရင် ဦးသိန်းစိန် အစိုးရထက် ပိုများလာတယ်လို့ ကျွန်တော်တို့မြင်ရတယ်။ အဲဒါကြောင့် သတင်းမီဒီယာ လွတ်လပ်ခွင့်ဟာ ပိုပြီးတော့ ကျဆင်းလာတဲ့ အနေအထားမှာရှိတယ်လို့ နိုင်ငံတကာက ပြောတာလည်း မှန်တယ်လို့ ကျွန်တော်တို့က ပြောလိုပါတယ်။ သတင်းတစ်ပုဒ်ရေးရင် Blanace ဖြစ်အောင် ရေးရမယ့် အနေအထားမှာရှိတယ် ဒါပေမဲ့ ကျွန်တော်တို့က AA ကို မေးတယ်ဆိုရင် ဒီဘက်ကနေ အကြမ်းဖက်အဖွဲ့နဲ့ ဆက်သွယ်တယ်ဆိုပြီး တရားစွဲဆိုတာတွေရှိတော့ AA ကို မေးလို့မရဘူး။ တပ်မတော်ဘက်က တစ်စုံတစ်ရာ ကျူးလွန်တာတွေ၊ လူ့အခွင့်အရေး ချိုးဖောက်တာတွေရှိရင် တပ်မတော်ဘက်ကို ဒေသခံသတင်းမားတွေ မေးရင်လည်း သူတို့က မဖြေဘူး။ အဲဒီတော့ ဒေသခံသတင်းသမားတွေမှာ သတင်းရယူတဲ့အပိုင်းမှာ သတင်းရင်းမြစ်နဲ့ပတ်သက်ပြီး တော်တော်ကို အခက်အခဲရှိတယ်”

မန္တလေးမြို့အခြေစိုက် Voice of Myanmar အယ်ဒီတာချုပ် ကိုနေမျိုးလင်း ကိုလည်း ဒီဥပဒေနဲ့ အမှုဖွင့်ဖမ်းဆီးခဲ့ပြီးနောက် ပြန်လွှတ်ပေးခဲ့တာပါ။

Channel Mandalay သတင်းထောက် ကိုနန္ဒ (ခေါ်) ကိုအောင်ကြည်မြင့် ဆိုရင်လည်း Alpha ဘိလပ်မြေစက်ရုံစီမံကိန်း ဆန္ဒပြပွဲကို သတင်းယူရင်း တိုက်ရိုက် Live လွှင့်ခဲ့တဲ့အတွက် မန္တလေးမြို့က အိုးဘို အကျဉ်းထောင်မှာ ထောင်ဒဏ် ၂ နှစ် ချမှတ်ခံခဲ့ရပါတယ်။

ဒါတင်မကသေးပါဘူး။ ၂ဝ၁၇ စက်တင်ဘာလဆန်းက ရခိုင်ပြည်နယ် မောင်တောမြို့နယ် အင်းဒင်ရွာမှာ ရိုဟင်ဂျာ ၁ဝ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ သတ်ဖြတ်ခဲ့မှုအကြောင်း ဖော်ထုတ်ရေးသားခဲ့ကြ တဲ့ Reuters သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ နှစ်ဦး နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံခဲ့ရပြီးနောက် သူတို့နှစ်ဦး လွတ်မြောက်ရေး ပြည်တွင်း၊ ပြည်ပက ဖိအားပေးတောင်းဆိုမှုတွေကြောင့် ၂၀၁၉ မေလမှာ ပြန်လည်လွတ်မြောက်ခဲ့တာပါ။

NLD အစိုးရလက်ထက် သတင်းသမားတွေတရားစွဲခံရတဲ့ အမှုတွေထဲမှာ ဆက်သွယ်ရေးဥပေဒပုဒ်မ ၆၆ (ဃ) နဲ့ ၃၄ မှု၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၁၇ (၁) နဲ့ ၈ မှု၊ အသရေဖျက်မှုပုဒ်မ ၅ဝဝ နဲ့ ၄ မှုရှိပြီး၊ တခြား ပုဒ်မတွေနဲ့ တရားစွဲခံရသူတွေလည်းရှိတယ်လို့ အသံအဖွဲ့က ပြောဆိုထားပါတယ်။

NLD အစိုးရက ငြိမ်းချမ်းရေးနဲ့ တခြားကိစ္စရပ်တွေကို ဦးစားပေးခဲ့တာကြောင့် ၅ နှစ်အတွင်းမှာ မီဒီယာအတွက် မျှော်လင့်သလောက် ဘာမှမလုပ်ပေးနိုင်ခဲ့ဘူးလို့ DVB သတင်းဌာနရဲ့ ဒါရိုက်တာအဖွဲ့ဝင် ဦးတိုးဇော်လတ်က ပြောပါတယ်။

“ကျွန်တော်တို့ NLD အစိုးရက အထူးသဖြင့်တော့ ငြိမ်းချမ်းရေးနဲ့ တခြားဟာတွေပဲ ဦးစားပေးအနေနဲ့ ပါခဲ့တော့လေ၊ ၂၀၁၅ ကနေ ၂၀၂၀ အထိ ၅ နှစ်အတွင်းမှာတော့ မီဒီယာအတွက်ဆိုပြီးတော့ သိပ်ထူးထူးခြားခြား ကျွန်တော်တို့ မျှော်လင့်သလောက် ဘာမှမလုပ်ပေးနိုင်ခဲ့ပါဘူး။ အဲတော့ နောက်လာမယ့် အစိုးသစ်ရောဆိုတော့ အခု NLD ရွေးကောက်ပွဲ ကြေညာစာတမ်းကြည့်တော့လည်း မီဒီယာ အခန်းကဏ္ဍတောင် မပါတော့ဘူးဆိုတော့ ၂၀၂၁ ကနေ ၂၀၂၅ အထိလည်း မီဒီယာအတွက်တော့ ထူးထူးခြားခြားကြီး NLD အစိုးရအနေနဲ့တော့ လုပ်ပေးမယ် မထင်ပါဘူးဗျ”

မီဒီယာဟာ ဒီမိုကရေစီနဲ့ တိုက်ရိုက်အချိုးကျပြီး မီဒီယာဘယ်လောက် လွတ်လပ်လဲဆိုတာ ဒီမိုကရေစီ ဘယ်လောက်အားကောင်းမောင်းသန်ဖြစ်လဲဆိုတာနဲ့ တိုင်းတာတာဖြစ်လို့ မျှော်လင့်ခဲ့ပေမယ့် ၂၀၁၇ ကစပြီး မီဒီယာလွတ်လပ်ခွင့် တစ်နှစ်ပြီး တစ်နှစ် ကျဆင်းလာနေတယ်လို့လည်း ဦးတိုးဇော်လတ်က ပြောပါတယ်။

သတင်းမီဒီယာကောင်စီအဖွဲ့ဝင် ဦးဇေယျာလှိုင်ကလည်း အလားတူ သုံးသပ်ပါတယ်။

“ကိုယ့်အားကိုကိုးဆိုတဲ့ အဓိပ္ပါယ်ကို ကျွန်တော်တို့က ဒီ ၅ နှစ်မှာ ရခဲ့ပြီးသွားပြီ။ ၂၀၁၅ ရွေးကောက်ပွဲ ကြေညာစာတမ်းမှာ မီဒီယာနဲ့ပတ်သက်တဲ့ ကိစ္စလေးတွေပါတယ်ဗျ။ အခု ၂၀၂၀ မှာ ပါကို မပါတော့ဘူး။ ရွေးကောက်ပွဲ ကတိကဝက်မှာ ထည့်သွင်းပြောကြားခဲ့စဉ်ကတောင် အခြေအနေတွေ ဆိုးလာတာ အခုဘာမှပေးမထားဘူးဆိုတော့ အဲဒါကိုသွားပြီး မျှော်လင့်နေမယ်ဆိုရင် စိတ်ကျန်းမာရေး ဆေးရုံပြေးဖို့ လိုမယ်ထင်တယ်”

သတင်းဌာနရပ်တည်နိုင်ရေး ကိုယ်တိုင်ကြိုးပမ်းနေရတဲ့ ပုဂ္ဂလိကမီဒီယာတွေဟာ ပြီးခဲ့ဲ့တဲ့ ၂၀၂၀ နိုဝင်ဘာရွေးကောက်ပွဲနဲ့ ကိုဗစ်ကပ်ဘေးကာလမှာ ပြည်သူတွေအတွက် သတင်းတွေ တင်ပြမှုဟာ လျှော့ကျမသွားခဲ့ပါဘူး။

Myanmar Now သတင်းဌာနရဲ့ စုံစမ်းရေးသားဖော်ပြချက်အရ နှင်းဆီပါတီလို့ခေါ်တဲ့ ညီညွှတ်သော ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ နောက်ကြောင်းကို ဖော်ထုတ်နိုင်ခဲ့ပြီး ရွေးကောက်ပွဲအခင်းအကျင်းကိုပါ ပြောင်းလဲနိုင်ခဲ့ပါတယ်။

သတင်းမီဒီယာလွတ်လပ်ခွင့် ဆက်တိုက်ဆုံးရှုံးခဲ့ရတဲ့အခြေအနေနဲ့ ကိုဗစ်ကာလမှာ ထောက်ပံ့မှု မရှိတဲ့အခြေအနေ၊ ငါးနှစ်အတွင်း မီဒီယာကဏ္ဍကျဆုံးမှုတွေနဲ့ပတ်သက်လို့ ဝေဖန်နေတဲ့အပေါ် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းကို တစ်စုံတစ်ရာမှတ်ချက်ပေးနိုင်ဖို့ RFA က ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရခဲ့ပါဘူး။

၂၀၂၀ ရွေးကောက်ပွဲမှာ ထပ်မံအနိုင်ရထားတဲ့ NLD ပါတီဟာ ရွေးကောက်ပွဲ ကြေညာစာတမ်းမှာ မီဒီယာနဲ့ပတ်သက်တဲ့ ထည့်သွင်းစဉ်းစားချက် မပါပါဘူး။ ဒါကြောင့် စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ သတင်းမီဒီယာကဏ္ဍမှာ ရပ်တည်နေသူတွေဟာ သတင်းဌာနတွေ ရှင်သန်ရပ်တည်နိုင်ရေးအတွက် ကိုယ်တိုင်ရုန်းကန်ရမယ့် အခြေအနေပဲလို့ သုံးသပ်ထားကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2021-02-08 12:35

ဒီသတင်းမှာပါတာတွေဟာ တစ်လုံးမှမှားပုံမပေါ်ပါဘူး။ ဒါဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့သူ့အဖွဲ့သားတွေဟာ ဒီမိုကရေစီလိုလားအားပေးတဲ့သူတွေလို့ ဘယ်လိုမှတ်ယူနိုင်ဦးမှာလဲ။ မန္တလေးက ဒေါက်တာဇော်မြင့်မောင်ဆို မြန်မာပြည်မှာ စတုတ္ထမဏ္ဍိုင်ဆိုတာ ရှိတယ်လို့တောင် အသိအမှတ်ပြုတာမဟုတ်ဘူးလေ။ ဒီမိုးဒီလေ ဒီလူတွေနဲ့ဘယ်လိုစခမ်းသွားကြမှာလဲ။