ရွေးကောက်ပွဲအနိုင်ရ ကချင်လွှတ်တော်အမတ်တွေနဲ့ NLD ကိုယ်စားလှယ်အဖွဲ့တွေ့ဆုံ

2021.01.01
Share on WhatsApp
Share on WhatsApp
အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ကိုယ်စားလှယ်အဖွဲ့ဟာ ကချင်ပြည်နယ်က ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ မနေ့က တွေ့ဆုံပြီး  ပြည်တွင်းငြိမ်းချမ်းရေး အခြေအနေတွေကို ဆွေးနွေးခဲ့ပါတယ်။
 
မြစ်ကြီးနားမြို့မှာရှိတဲ့ NLD ပါတီ ပြည်နယ်ရုံးမှာ လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ကချင်ပြည်နယ် ပြည်သူ့ပါတီ၊ ဒီမိုကရေစီပါတီသစ် (ကချင်) နဲ့ NLD ဘက်က တွေ့ဆုံဆွေးနွေးရေးကိုယ်စားလှယ် သုံးဦးတို့ မနေ့က မနက်မှာ တွေ့ဆုံခဲ့တာပါ။ 
 
တိုင်းရင်းသားပါတီရဲ့ အနိုင်ရကိုယ်စားလှယ်တွေက ကိုယ်ပိုင်အုပ်ချုပ်ရေး ဖက်ဒရယ်အရေးနဲ့ တန်းတူညီမျှရေး ဆွေးနွေးခဲ့သလို အစိုးရနဲ့ လွှတ်တော်တို့မှာ အပြန်အလှန် ထိန်းကျောင်းနိုင်ဖို့ တိုင်းရင်းသားပါတီတွေကိုလည်း နေရာပေးစေချင်တဲ့အကြောင်း ပွင့်ပွင့်လင်းလင်းဆွေးနွေးခဲ့တယ်လို့ NLD ပါတီကိုယ်စားလှယ်အဖွဲ့က မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက တွေ့ဆုံဆွေးနွေးပွဲအပြီးမှာ ပြောပါတယ်။
 
“တိုင်းရင်းသားတွေဘက်က ဖက်ဒရယ် ကိစ္စတို့၊ ကိုယ်ပိုင်အုပ်ချုပ်ရေးတို့၊ တန်းတူညီမျှရေးတို့ အဲဒါတွေပြောတယ်။ နောက်တစ်ခုက အစိုးရတို့ လွှတ်တော်တို့မှာ check and balance ကောင်းအောင်လို့ တိုင်းရင်းသားပါတီတွေကိုလည်း နေရာပေးစေချင်တယ်ပေါ့။ အဲဒါတွေ ပြောပါတယ်"
 
ပြည်တွင်းငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ တိုင်းရင်းသားပါတီတွေရဲ့ သဘောထား၊ ပူးပေါင်းဆောင်ရွက်နိုင်မယ့် အခြေအနေတွေကို ဆွေးနွေးကြတယ်လို့ ကချင်ပြည်နယ်ပြည်သူ့ပါတီ ဥက္ကဋ္ဌဖြစ်သလို ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ ဒေါက်တာ မနမ်တူးဂျာက ပြောပါတယ်။
 
“ပြည်တွင်းငြိမ်းချမ်းရေးကိစ္စ ကျွန်တော်တို့ ထဲထဲဝင်ဝင် ပါဝင်သွားဖို့။ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းတဲ့ အခြေအနေအောက်မှာက၊ ၄၇ခုနှစ် ပင်လုံညီလာခံနဲ့ ၂၁ ရာစု ပင်လုံညီလာခံတွေက ကျင်းပနေဆဲ ဖြစ်တယ်။ ၂၁ ရာစု ပင်လုံညီလာခံရဲ့ သဘောတူညီချက်ထဲက တစ်ရပ်အနေနဲ့ ဖက်ဒရယ်နဲ့ ဆိုင်ရာ ရရှိလာဖို့ ဆက်လက်ကြိုးစားဖို့ လိုတယ်။ ဆက်လက်ကျင်းပသွားမယ့် ပင်လုံညီလာခံမှာ ဖက်ဒရယ်နဲ့ ဆိုင်တာတွေကို ချမှတ်သွားဖို့ လိုအပ်တယ်။ နောက်တစ်ချက်က ကျွန်တော်တို့ ဖက်ဒရယ်မူကို သွားနေတဲ့ အချိန်အခါဖြစ်တဲ့အတွက် ဥပဒေပြုု အုပ်ချုပ်မှု နဲ့ တရားစီရင်မှု မဏ္ဍိုင်သုံးရပ် ရှိတဲ့တာကို ခွဲဝေဖို့၊ အဓိကကတော့ ဗဟိုနဲ့ ပြည်နယ်ကြားမှာ ဥပဒေပြု အာဏာနဲ့ အုပ်ချုပ်မှုအာဏာကို ခွဲဝေဖို့ လိုအပ်တယ်ပေါ့။ ဒီနှစ်ခုကို check and balance လုပ်ဖို့ လိုအပ်တယ်။ ဒါကြောင့်မို့ တာဝန်ခွဲအပ်တဲ့ နေရာမှာ ဥပဒေပြု အာဏာ နဲ့ ပက်သက်လို့ လွှတ်တော် ဥက္ကဋ္ဌ၊ အုပ်ချုပ်မှုနေရာမှာ ပြည်နယ် ဝန်ကြီးချုပ် အဲဒီ နေရာတွေကို တစ်ပါတီထဲက ယူလိုက်တာမျိုး မဟုတ်ပဲနဲ့ ပါတီခွဲပြီး ခန့်နိုင်ရင် အကောင်းဆုံးဖြစ်မယ်။ အဲဒါတွေ တင်ပြခဲ့တယ်”
 
တွေ့ဆုံပွဲမှာတက်ရောက်ခဲ့တဲ့ လီဆူတိုင်းရင်းသားရေးရာဝန်ကြီးနေရာမှာ အနိုင်ရရှိထားတဲ့ ဒူးလေးပါတီလို့လည်းခေါ်တဲ့ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီရဲ့ ဥက္ကဋ္ဌ ဦးရွှေမင်းက ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးနဲ့ တိုင်းရင်းသားအားလုံး တန်းတူအခွင့်အရေးကနေ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ စစ်ဖက်-အရပ်ဖက် ဆက်ဆံရေးကို မြှင့်တင်ပေးဖို့ ဆွေးနွေးခဲ့တယ်လို့ပြောပါတယ်။
 
“အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ကိစ္စအတွက်။ အဲဒီအတွက်ကတော့ ပထမဆုံး အဆင့်ကတော့ စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးကို မြှင့်တင်ပေးပါ။ အဲဒီကနေ ဒုတိယ အဆင့်က တိုင်းရင်းသား အဖွဲ့အစည်း EAO များနဲ့ အတူ။ တိုင်းရင်းသား နိုင်ငံရေး ပါတီတွေ သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီး ကိုတွေ့ဆုံပြီးတော့ပေါ့။ ပထမ အဆင့်နဲ့ ဒုတိယ အဆင့် နှစ်ဆင့်ကို ဆောင်ရွက်နိုင်ပြီဆိုရင် ကျွန်တော်တို့ လိုချင်တဲ့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေး အတွက်ကို အောင်မြင်ပြီပေါ့။ အဲဒါလေး နှစ်ချက်ကို တင်ပြတာ ရှိပါတယ်။ အဓိကကတော့ အဲဒီနှစ်ချက်ပါပဲ”
 
ဒီမိုကရေစီပါတီသစ် (ကချင်) ရဲ့ အနိုင်ရကိုယ်စားလှယ်ဦးခေါတိန့်ကတော့ ငြိမ်းချမ်းရေး တိုင်းရင်းသားတန်းတူညီမျှ အခွင့်အရေးရရှိရေးနဲ့ပတ်သက်ပြီးဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။
 
“အနာဂတ် ဖက်ဒရယ် အရေးနဲ့ဆိုရင် နံပါတ်တစ်အချက်၊ ငြိမ်းချမ်းရေး။ နံပါတ် နှစ်က တန်းတူညီမျှ။ ပြည်ထောင်စုဖွား တိုင်းရင်းသားတွေ တန်းတူညီမျှ အခွင့်အရေး ရရှိရေး။ အဲဒါ ရရှိမှသာလျှင် စည်းလုံးညီညွတ်မှု ရရှိမယ်။ စည်းလုံးညီညွတ်မှု ရှိမှသာ တိုင်းပြည်တည်ဆောက်တဲ့အခါမှ အောင်မြင်မယ်လို့။ ကျွန်တော်တို့ ပါတီရဲ့ မူဝါဒ အချက်လေးချက်ကို မူတည်ပြီး ဆွေးနွေးသွားတာပေါ့”
 
ဒီကနေ့တွေ့ဆုံရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒေါက်တာအောင်မိုးညို၊ ဒေါ်နန်းခင်ထွေးမြင့်နဲ့ ဦးအင်ထုံးခါးနော်ဆန်၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ အပါအဝင် ခြောက်ဦး ပါဝင်ခဲ့ပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။