ပြည်သူထောက်ခံနေသမျှ ပါတီတွေရှိနေမည်ဟု NUG ပြော

ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2023.03.29
ပြည်သူထောက်ခံနေသမျှ ပါတီတွေရှိနေမည်ဟု NUG ပြော ၂ဝ၂ဝ ပြည့်နှစ် ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးကာလအတွင်း မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့က NLD ပါတီ ဝန်းရံထောက်ခံသူများအား တွေ့ရစဉ်။
Photo: RFA

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံ ပြန်မတင်တဲ့အတွက် ဖျက်သိမ်းကြောင်း ကြေညာလိုက်တာနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်တဲ့အကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ပြောခွင့်ရ Stephane Dujarric က မတ်လ ၂၈ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

“ဒီလုပ်ရပ်ဟာ ကျွန်တော်တို့အားလုံး မသွားချင်တဲ့လမ်းကို နောက်ခြေတစ်လှမ်း လှမ်းလိုက်တာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံး မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်ရတာ မြင်ချင်ပါတယ်။ ကျွန်တော်တို့အားလုံး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံး ပြန်လွတ်လာတာ မြင်ချင်ပါတယ်။ ဒီလိုဖြစ်လာဖို့ ဆက်ပြီး အလုပ်လုပ်သွားပါမယ်"

မတ်လ ၂၈ရက်နေ့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ ဖျက်သိမ်းကြောင်း ကြေညာလိုက်တဲ့အထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD၊ တိုင်းရင်းသားအင်အားကြီးပါတီတစ်ခုဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများပါတီ SNLD တို့အပါအဝင် နိုင်ငံရေးပါတီ ၄ဝ ပါဝင်ပါတယ်။

ပြည်သူလူထုရဲ့ဆန္ဒအတိုင်း အတည်ပြုပြဋ္ဌာန်းထားတဲ့ ဥပဒေအရ တည်ထောင်ထားတဲ့ နိုင်ငံရေးပါတီတွေကို တရားမဝင်အာဏာရယူထားတဲ့ အဖွဲ့အစည်းက ပြည်သူတွေရဲ့ဆန္ဒမပါဘဲ ဖျက်သိမ်းလိုက်တာဟာ တရားမဝင်ဘူးလို့ NLD ပါတီရဲ့ ဗဟိုအလုပ်ကော်မတီအဖွဲ့ဝင် ဦးကျော်ထွေးက ပြောပါတယ်။

“စစ်ကောင်စီက ဖျက်သိမ်းတယ်လို့ ကြေညာလိုက်တဲ့ ပါတီ ၄၀ လုံးဟာ ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားတဲ့ ပြည်ထောင်စု လွှတ်တော်ကနေ အတည်ပြုပြဋ္ဌာန်းထားတဲ့ ဥပဒေအရ တရားဝင်မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီတွေ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ပြည်သူလူထုရဲ့ သဘောဆန္ဒမပါဘဲ ပြည်သူလူထုရဲ့ကိုယ်စားပြုမှုလည်းမရှိတဲ့ စစ်ကောင်စီဆိုတဲ့ အဖွဲ့က ကြေညာချက်တွေ ထုတ်ပြန်မှုဟာ တရားဝင်မှုလည်း မရှိပါဘူး။ ကျွန်တော်တို့ ပါတီက စတင်တည်ထောင်ခဲ့တဲ့ နှစ် ၃၀ကျော်အတွင်းမှာ စစ်အာဏာရှင်တွေရဲ့ ဖိနှိပ်ချုပ်ချယ်မှုကို ကြံ့ကြံ့ခံပြီးတော့ ပြည်သူလူထုရဲ့အကျိုးကို ရနိုင်တဲ့နည်းလမ်းနဲ့ သယ်ပိုးခဲ့တဲ့ အတွေ့အကြုံတွေ၊ နည်းလမ်းတွေလည်း ရှိပါတယ်။ အခုလို နည်းပညာခေတ်မှာ ပိုပြီးတော့တောင်မှ အလုပ်ဖြစ်နေပါမယ်။ ဒါကြောင့် ပြည်သူလူထုတွေ ယုံကြည်ထောက်ခံမှုတွေ ရရှိထားတဲ့ ပြည်သူကြားက ပေါက်ဖွားလာတဲ့ ပါတီဖြစ်တဲ့အတွက် ပြည်သူလူထုရှိသမျှ ကျွန်တော်တို့ပါတီက ရှိနေမှာ ဖြစ်ပါတယ်။ ဆက်လက်ရှင်သန်နေမှာပဲ ဖြစ်ပါတယ်လို့ ပြောချင်ပါတယ်။”

စစ်ကောင်စီဟာ ရွေးကောက်ပွဲမှာ NLD ပါတီ ဝင်ရောက်ယှဉ်ပြိုင်ရင် သူတို့ လိုလားတဲ့ပါတီ အနိုင်မရနိုင်မှန်းသိတဲ့အတွက် ရည်ရွယ်ချက်ရှိရှိနဲ့ ဖယ်ထုတ်လိုက်တာလို့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။

“ဒါကတော့ ၂၀၁၀ ရွေးကောက်ပွဲကတည်းက အခင်းအကျင်းကို ကြည့်ပြီးကတည်းက NLD ပါနေရင် သူတို့ မနိုင်ဘူးလေ။ ၂၀၁၀ တုန်းကလည်း ဒီလိုပဲ လုပ်ခဲ့တာပဲလေ။ အခုလည်း စအာဏာသိမ်းကတည်းက မဖြစ်နိုင်တာတွေ၊ PR စနစ်လုပ်မယ်ပြောလိုပြော၊ ရွေးကောက်ပွဲလိမ်တယ်လို့ ပြောလိုပြော။ NLD ခေါင်းဆောင်တွေကို ဖမ်းချုပ်ပြီး ထောင်ထဲထည့်ထား။ ၂၀၁၀ တုန်းကလဲ ဒီလိုပဲလေ။ ဒေါ်အောင်ဆန်းစုကြည်က အထဲမှာလေ။ အဲဒီလို အတွေ့အကြုံတွေ ရှိထားတော့ ကျွန်တော်တို့အဖို့ကတော့ ဘာမှ မဆန်းတော့ပါဘူး။ ဆန်းတာကတော့ ကျွန်တော်တို့ တိုင်းပြည်ဟာ ပျက်စီးရုံတင်မကတော့ဘဲ အရမ်းကို အမှောင်ထဲကို ကျသွားပြီ။ စစ်ခေါင်းဆောင်တွေဟာ တိုင်းပြည်ကို မငဲ့တော့ဘူး။ သူတို့က ဘာဖြစ်ဖြစ် သူတို့ အာဏာရရေးနဲ့စစ်အာဏာရှင်တည်မြဲရေးကိုပဲ ဆက်လုပ်တော့မယ်။ ဘယ်လိုနည်းနဲ့မှ သူတို့က စစ်မှန်တဲ့ဒီမိုကရေစီစနစ်ဆီကို မသွားတော့ဘူး ဆိုတာ ဆက်ပြီးတော့ သက်သေပြလိုက်ရာရောက်တာပေါ့ဗျာ”

"ဒါကတော့ ၂၀၁၀ ရွေးကောက်ပွဲကတည်းက အခင်းအကျင်းကို ကြည့်ပြီးကတည်းက NLD ပါနေရင် သူတို့ မနိုင်ဘူးလေ။ ၂၀၁၀ တုန်းကလည်း ဒီလိုပဲ လုပ်ခဲ့တာပဲလေ"

ပြည်သူ့ဆန္ဒနဲ့အညီ ရွေးကောက်ခံကိုယ်စားလှယ်အများစု ပါဝင်တဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ CRPH ကနေ စစ်ကောင်စီနဲ့ စစ်ကောင်စီလက်အောက်ခံရွေးကောက်ပွဲ ကော်မရှင်ကို တရားမဝင်ကြောင်း ကြေညာထားပြီး ဖြစ်တဲ့အတွက် နိုင်ငံရေးပါတီတွေကို ဖျက်သိမ်းကြောင်း ကြေညာချက်ဟာ တရားမဝင်တဲ့အကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ပြောခွင့်ရ ကိုနေဘုန်းလတ်က ပြောပါတယ်။

“အကြမ်းဖက်စစ်အုပ်စုရဲ့ လက်အောက်ခံ၊ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ So called ပေါ့နော်၊ ရွေးကောက်ပွဲကော်မရှင်လို့ အမည်တပ်ထားတဲ့ အစုအဖွဲ့တစ်ခုကနေ ပယ်ဖျက်ရုံနဲ့ ဒီနိုင်ငံရေးပါတီတွေဟာ ပျက်ပြယ်သွားစရာ အကြောင်း မရှိဘူးပေါ့နော်။ ပြည်သူလူထုတွေရဲ့ ထောက်ခံမှု ရှိနေသရွေ့ နိုင်ငံရေးပါတီဆိုတာ ဆက်လက်ရှိနေမှာပါ။ မတ်လ ၁၅ ရက်နေ့ကတည်းက အကြမ်းဖက်စစ်အုပ်စုက ပြုလုပ်ဖို့ ကြိုးစားနေတဲ့ တရားမဝင် အတုအယောင် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့တာ ရှိပါတယ်။ အဲဒီထဲကအတိုင်းပေါ့။ အကြမ်းဖက်စစ်အုပ်စုဟာ မြန်မာနိုင်ငံရဲ့ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်တဲ့ CRPH ကနေပြီးတော့ အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားပြီး ဖြစ်တယ်။ ဒီအကြမ်းဖက်အုပ်စုက အာဏာလုယူဖို့ ကြိုးပမ်းနေတဲ့ ကာလတစ်လျှောက် သူတို့ ထုတ်ပြန်တဲ့အမိန့်တွေ၊ ဥပဒေတွေဟာ အလိုအလျှောက် ပျက်ပြယ်ပြီး ဖြစ်တယ်။ သူတို့ထုတ်ထားတဲ့ ရွေးကောက်ပွဲဥပဒေဆိုတာလည်း တရားဝင်မှု မရှိဘူး။ သူတို့ဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲကော်မရှင် ဆိုတာလည်း အကြမ်းဖက်အဖွဲ့ လက်အောက်ခံအဖွဲ့အစည်းသာလျှင် ဖြစ်တယ်ပေါ့နော်။ NUG CRPH နဲ့ NUCC ရော ပေါင်းပြီးတော့ နှစ်သစ်ကူး ကြေညာစာတမ်း ထုတ်ထားတာလည်း ရှိပါတယ်။ အဲဒီအထဲမှာ ဒီအကြမ်းဖက်စစ်အုပ်စု ပြုလုပ်ဖို့ ကြိုးစားနေတဲ့ အတုအယောင် ရွေးကောက်ပွဲဆိုတာ election ရွေးကောက်ပွဲ ဆိုတဲ့ စကားလုံးနဲ့တောင် ထိုက်တန်မှုမရှိတဲ့ deception ပေါ့။ ပြည်သူတွေရဲ့ဆန္ဒကို ပုံဖျက်မှုသာ ဖြစ်တယ်ဆိုပြီးတော့ ရေးထားတာလည်း ရှိပါတယ်။ ”

မြန်မာ စစ်တပ်ဟာ အခုလို NLD ပါတီကို ဖျက်သိမ်းလိုက်တာဟာ လွန်ခဲ့တဲ့ နှစ်နှစ် အာဏာသိမ်းလိုက်ကတည်းက မကြုံစဖူး ခုခံတော်လှန်မှုတွေ ကြုံနေရတဲ့အတွက် ဘယ်လောက်တောင် တုန်လှုပ်ပြီးကြံရာမရ ဖြစ်နေသလဲဆိုတာ ပြသနေတယ်လို့ ယူကေနိုင်ငံအခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ Burma Campaign UK က ကြေညာချက် ထုတ်ပြန်ထားပါတယ်။

NLD3.jpg
၂ဝ၂ဝ ပြည့်နှစ် နိုဝင်ဘာလ ၉ ရက်နေ့က ရန်ကုန်မြို့ NLD ပါတီရုံးချုပ်ရှေ့တွင် ရွေးကောက်ပွဲအပြီး အောင်ပွဲခံနေကြသူများအား တွေ့ရစဉ်။ (Photo: Reuters)

စစ်ကောင်စီက အသစ်ပြဋ္ဌာန်းလိုက်တဲ့ ရွေးကောက်ပွဲ ဥပဒေနဲ့နည်းဥပဒေတွေအရ တည်ဆဲနိုင်ငံရေးပါတီတွေဟာ ရက်ပေါင်း ၆ဝအတွင်း ရွေးကောက်ပွဲကော်မရှင်မှာ ပြန်လည်မှတ်ပုံတင်ရမှာ ဖြစ်ပါတယ်။

တည်ဆဲနိုင်ငံရေးပါတီ ၉ဝ ထဲက ပါတီ ၅ဝ ကတော့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်မှာ ပြန်ပြီးမှတ်ပုံတင်ထားပြီး အသစ်တည်ထောင်ခွင့် လျှောက်ထားတဲ့ ပါတီ ၁၃ ပါတီ ရှိတယ်လို့ စစ်ကောင်စီရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ အသစ်ပြဋ္ဌာန်းထားတဲ့ ရွေးကောက်ပွဲဥပဒေအောက်မှာ မှတ်ပုံတင်တဲ့ နိုင်ငံရေးပါတီတွေဟာ အများပြည်သူတွေ လိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပုံစံကို ဖော်ဆောင်နိုင်မှာ မဟုတ်ဘူးလို့ ကိုနေဘုန်းလတ်က သုံးသပ်ပါတယ်။

“ဒီအကြမ်းဖက်စစ်အုပ်စု လက်အောက်ခံအဖွဲ့အစည်းက ထုတ်ပြန်တဲ့ ပါတီတွေနဲ့ ပတ်သက်တဲ့ ထုတ်ပြန်ချက်မှာဆိုရင် ပါတီအသစ်တွေ တည်ထောင်တာနဲ့ ပတ်သက်ပြီး လမ်းဖွင့်ပေးထားတဲ့ သဘောကို တွေ့ရတယ်။ ပါတီအချို့လည်း မှတ်ပုံပြန်တင်တာ တွေ့ရတယ်။ မှတ်ပုံသွားတင်တဲ့ ပါတီတွေအနေနဲ့လည်း ဖက်ဒရယ်ဒီမိုကရေစီကို ငြင်းပယ်ပြီးတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်ကို ပြန်ဝင်တဲ့ သဘောဖြစ်တယ်ဆိုတာကို အားလုံး သိထားဖို့ လိုပါတယ်။ ပါတီအသစ်တွေ တည်ထောင်ဖို့ စဉ်းစားနေတဲ့သူတွေအနေနဲ့လည်း ဒီအချက်ကို သတိမူဖို့ လိုပါတယ်။”

လေ့လာသုံးသပ်သူတွေကတော့ ဒီကြေညာချက်ဟာ အတိုက်အခံနိုင်ငံရေးပါတီတွေကို ဖယ်ထုတ်ပြီး စစ်တပ်ကနေ ထိန်းချုပ်လို့ရမယ့် နိုင်ငံရေးပါတီတွေ အသာစီးရစေဖို့နဲ့ စစ်ကောင်စီက ဦးစီးပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို တရားဝင်ဖြစ်အောင် လုပ်ဖို့ ရည်ရွယ်ချက်ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။