NLD နဲ့ SNLD မှတ်ပုံပြန်မတင်မှုကြောင့် ဖိနှိပ်မှုများကြုံရနိုင်

RFA Burmese
2023.03.22
NLD နဲ့ SNLD မှတ်ပုံပြန်မတင်မှုကြောင့် ဖိနှိပ်မှုများကြုံရနိုင် မွန်ပြည်နယ်၊ သထုံမြို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ မဲဆွယ်စည်းရုံးရေးအား ၂၀၂၀ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

၂၀၂၀ ရွေးကောက်ပွဲမှာ လူထုထောက်ခံမှု အများဆုံးရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံပြန်မတင်ဖို့ ဆုံးဖြတ်ချက် ကို မတ်လ ၂၁ ရက် မနေ့က ပြုလုပ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ဒုတိယအကြိမ် ဗဟိုကော်မတီ ကြားကာလ ပုံမှန်အစည်းအဝေးကနေ အတည်ပြုလိုက် ပါတယ်။

အစည်းအဝေးမှာ အာဏာသိမ်းပြီးနောက် ဖွဲ့စည်းခဲ့တဲ့ ဗဟိုအလုပ်ကော်မတီ (CWC) ရဲ့ ဆောင်ရွက်ချက်တွေကို တင်ပြအတည်ပြုခဲ့ပြီး ဒီအထဲမှာ မှတ်ပုံပြန်မတင်တဲ့ အချက်လည်း ပါဝင်တယ်လို့ NLD ပါတီရဲ့ စမ်းချောင်းမြို့နယ် အလုပ်အမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုဦးက RFA ကို ပြောပါတယ်။

“CWC စပြီးတာဝန်ယူကတည်းက လုပ်ထားတဲ့ဟာတွေအားလုံးကို အစီအရင်ခံစာထဲမှာ ထည့်ပြီးတင်ပြတယ်။ အဲဒါကို အတည်ပြုပေးဖို့အတွက်ကို တင်တယ်။ တက်ရောက်တဲ့ ဗဟိုကော်မတီဝင်အားလုံးက တညီတညွတ်တည်း ထောက်ခံပြီး အတည်ပြုလိုက်တယ်။ အဲဒီအတွက် ပါတီကို မှတ်ပုံမတင်ဘူးဆိုတဲ့ ကိစ္စရော၊ ရွေးကောက်ပွဲကို ပယ်တဲ့ ကိစ္စရပ်ရော၊ နောက်ပြီးတော့ ဗဟိုကော်မတီဝင်ခြောက်ဦးကို ထုတ်ပစ်တဲ့ကိစ္စရော ပေါ့နော်။ အားလုံးကို အတည်ပြုလိုက်ပါပြီခင်ဗျ။ ဗဟိုကော်မတီကနေပြီးတော့ တညီတညွတ်တည်း ကန့်ကွက်သူမရှိ အတည်ပြုလိုက်တာပါ”

အာဏာသိမ်းထားတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်အားလုံးက တရားမဝင်ဘဲ NLD အနေနဲ့ နဂိုကတည်းက အသိအမှတ်မပြုတာကြောင့် အခုလို ပါတီမှတ်ပုံမတင်တာလို့ သူက ဆိုပါတယ်။

“လက်ရှိ NLD ဆိုရင်လည်း NLD ထဲမှာ တကယ်ဦးဆောင်နိုင်တဲ့ ခေါင်းဆောင်တွေက အခုလက်ရှိ အဖမ်းခံထားရတယ်"

၂၀၂၀ ရွေးကောက်ပွဲမှာ NLD နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီပြီးရင် တတိယမဲအများဆုံးရခဲ့ပြီး အင်အားကြီး တိုင်းရင်းသားပါတီတစ်ခုဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီကလည်း ပါတီမှတ်ပုံပြန်မတင်ဖို့ မတ်လ ၁၆ နဲ့ ၁၇ နှစ်ရက်ကြာ ကျင်းပခဲ့တဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီ အစည်းအဝေးကနေ ဆုံးဖြတ်ခဲ့ပါတယ်။

စစ်ကောင်စီရဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေသစ်အရ အချိန်နှစ်လအတွင်းမှာ ပါတီဝင်ထုကို ကွင်းဆင်းသဘောထားမေးမြန်းဖို့ အချိန်မလုံလောက်တာ၊ ရွေးကောက်ပွဲ ဘယ်တော့ကျင်းပမယ်ဆိုတာ အတိအကျ မသိရတာတွေကြောင့် မှတ်ပုံပြန်မတင်တာလို့ SNLD ပါတီတာဝန်ရှိသူတွေက ပြောပါတယ်။

မှတ်ပုံမတင်တဲ့အတွက် ပါတီဖျက်သိမ်းတာအပြင် ပါတီပိုင်ပစ္စည်းတွေထိ သိမ်းယူတာတွေ ဖြစ်လာနိုင်ပေမယ့် အဲဒီလို တကယ်လုပ်၊ မလုပ်ကတော့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ဆင်ခြင်သုံးသပ်မှုနဲ့ သမာသမတ်ရှိမှုအပေါ်မှာ မူတည်တယ်လို့ SNLD ပါတီရဲ့ အထွေထွေ အတွင်းရေးမှူး ဦးစိုင်းလိတ်က ပြောပါတယ်။

“မှတ်ပုံမတင်ဘူးဆိုရင်တော့ ပါတီက မှတ်ပုံတင်အလိုအလျောက် ပျက်ပြယ်တာပေါ့နော်။ မှတ်ပုံတင်ပျက်ပြယ်ပြီ ဆိုတဲ့နောက်မှာတော့ ရွေးကောက်ပွဲနိုင်ငံရေးကိုတော့ ကျနော်တို့ စွန့်လွှတ်ရမှာပေါ့ဗျာ။ တစ်ချိန်တည်းမှာ UEC ရဲ့ သူတို့ရဲ့ ပြဋ္ဌာန်းချက်အရ ပါတီတစ်ခုအဖြစ် ဆက်လက်မရပ်တည်နိုင်တော့ဘူး ဆိုရင်တော့ ပါတီကို ဖျက်သိမ်း တာမျိုး၊ နောက်ဆုံး ပါတီပိုင်ပစ္စည်းတွေကို သိမ်းဆည်းတာမျိုးကအစ ဖြစ်လာနိုင် ပါတယ်။ သို့သော် ဒါကလည်းပဲ UEC ရဲ့ ဆင်ခြင်သုံးသပ်မှုနဲ့ သူတို့ရဲ့ သမာသမတ် ရှိမှုအပေါ်မှာ အများကြီးတည်ပါတယ်ဗျ”

ရွေးကောက်ပွဲကော်မရှင်က ငွေစာရင်းနဲ့ ပတ်သက်ပြီး အစစ်ဆေးခံဖို့ ပါတီတွေကို ဆင့်ခေါ်ခဲ့ပေမယ့် ဒီနေ့ထိ အစစ်ဆေးမခံတဲ့ ပါတီတွေရှိခဲ့ပြီး အဲဒီပါတီတွေကို လစ်လျူရှု မျက်ကွယ်ပြုထားနိုင်တဲ့ သာဓကတွေ ရှိခဲ့ကြောင်း၊ ဒါကြောင့် အခုလည်း အခက်အခဲ တစ်စုံတစ်ရာကြောင့် ဆက်ပြီးမှတ်ပုံမတင်တဲ့ ပါတီတွေက အလိုအလျောက် ပျက်ပြယ် ပေမယ့် ကြီးမားတဲ့ထိခိုက်မှုမျိုးရှိအောင် လုပ်လာနိုင်စရာ မရှိဘူးလို့လည်း သူက သုံးသပ်ပါတယ်။

စစ်ကောင်စီရဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေသစ်ရဲ့ ပုဒ်မ ၁၉ ရဲ့ ပုဒ်မခွဲ (က) မှာတော့ မိမိသဘောဆန္ဒရ ပါတီဖျက်သိမ်းသည်ဖြစ်စေ၊ ဥပဒေအရ မှတ်ပုံတင်ထားတာကို ပယ်ဖျက်ခံရသည်ဖြစ်စေ ပါတီပိုင်ပစ္စည်းတွေကို အစိုးရက သတ်မှတ်ထားတဲ့ ဌာန၊ အဖွဲ့အစည်းကို သတ်မှတ်ထားတဲ့ နည်းလမ်းတွေအတိုင်း အပ်နှံရမယ်လို့ ပြဋ္ဌာန်းထား ပါတယ်။

ပါတီတွေ မှတ်ပုံမတင်ရင် UEC အနေနဲ့ ဘာတွေဆက်လုပ်မယ်ဆိုတာကို သိနိုင်ဖို့ UEC အဖွဲ့ဝင် ဦးခင်မောင်ဦးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန် ပါဘူး။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ သတ်မှတ်ရက်အတွင်း မှတ်ပုံမတင် ရင် ပါတီအလိုအလျောက် ပျက်ပြယ်မှာဖြစ်ပြီး ပါတီကြီးငယ်မဆို ပြဋ္ဌာန်းချက်တွေအတိုင်း ဆောင်ရွက်သွားမယ်လို့ မတ်လ ၁၆ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ ပြောထားပါတယ်။

စစ်တပ်အရာရှိဟောင်းတွေနဲ့ စုဖွဲ့ထားတဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအင်စတီကျုရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကတော့ ဒီမိုကရေစီစနစ်လမ်းကြောင်းကို သွားမယ်ဆိုရင် ရွေးကောက်ပွဲနဲ့ ပါတီထောင်ခြင်းကိစ္စကို ရှောင်လွှဲလို့မရဘူးလို့ ပြောပါတယ်။

“လောလောဆယ်ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေသစ်ကို ကြည့်မယ်ဆိုရင် မှတ်ပုံမတင်ဘူးဆိုရင် တော့ နိုင်ငံရေးပါတီအဖြစ် သူတို့ ဆက်လှုပ်ရှားဖို့ ခက်သွားမှာပေါ့နော်။ ဒါနံပါတ်တစ် တစ်ချက်ပေါ့။ မှတ်ပုံမတင်ကြတဲ့ လူတွေကတော့ သူ့အကြောင်းပြချက်နဲ့ သူတော့ ရှိကြမှာပေါ့။ ဒါပေမဲ့ တကယ်တမ်း မြန်မာ့နိုင်ငံရေးထဲကို ဝင်ရောက်လုပ်ကိုင်မယ်ဆိုရင် တော့ ပါတီမှတ်ပုံတင်ခြင်းနဲ့ ရွေးကောက်ပွဲဝင်ခြင်းကတော့ မဖြစ်မနေဖြစ်ရမယ့် အပိုင်းပါ။ ဒီမိုကရေစီစနစ်လမ်းကြောင်းကို သွားမယ်ဆိုရင် ရွေးကောက်ပွဲနဲ့ ပါတီထောင် ခြင်းကိစ္စက ရှောင်လွှဲလို့မရဘူး”

NLD ပါတီအနေနဲ့ စစ်တပ်အာဏာသိမ်းတဲ့နေ့မှာပဲ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် အပါအဝင် ထိပ်တန်းခေါင်းဆောင်အများစု ဖမ်းဆီးခံထားရတာ၊ ပါတီဝင်တွေ တကွဲတပြားစီဖြစ်နေတဲ့ အခြေအနေတွေကြောင့် မှတ်ပုံပြန်မတင်ဖို့ ဆုံးဖြတ်တာလို့ နိုင်ငံရေးသုံးသပ်သူ ဒေါက်တာစိုင်းကြည်စင်စိုးက သုံးသပ်ပါတယ်။

“လက်ရှိ NLD ဆိုရင်လည်း NLD ထဲမှာ တကယ်ဦးဆောင်နိုင်တဲ့ ခေါင်းဆောင်တွေက အခုလက်ရှိ အဖမ်းခံထားရတယ်။ ကျန်တဲ့လူတွေကလည်း တစ်ကွဲတစ်ပြားစီဖြစ်နေ ကြတယ်။ သူတို့ရဲ့ပါတီ စုရုံးနိုင်မှုအား အခက်အခဲရှိပုံရတယ်။ ဒီပါတီနဲ့ တခြားနိုင်ငံရေး လုပ်ဆောင်မှုတွေ လုပ်ဖို့ကိုင်ဖို့ ခက်ခဲနေတဲ့ဟာမျိုးလည်း ဖြစ်နိုင်တယ်။ အဲဒီလိုမျိုး သဘောတရားတွေ ရှိပါလိမ့်မယ်။ အဲဒါတွေကြောင့် သူတို့ ဒီလိုမျိုး ဆုံးဖြတ်တယ်လို့ ယူဆလို့ရတယ်”

NLD ပါတီ လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းဌာနရဲ့ ၂၀၂၃ ဇန်နဝါရီ ၃၁ ရက်နေ့အထိ စာရင်းအရ စစ်တပ်အာဏာသိမ်းထားတဲ့ နှစ်နှစ်အတွင်း NLD လွှတ်တော်အမတ် သုံးဦး အပါအဝင် ပါတီဝင် ၈၄ ဦး သေဆုံးခဲ့ပါတယ်။ သေဆုံးသူ ၈၄ ဦးအနက် စစ်ကြောရေးမှာ သေဆုံးသူ ၁၆ ဦး၊ ထောင်တွင်း သေဆုံးသူ ရှစ်ဦး၊ အကြောင်းမဲ့ သတ်ဖြတ်ခံရသူ ၅၉ ဦးနဲ့ ကြိုးပေးကွပ်မျက်ခံရသူတစ်ဦး ပါဝင်ပါတယ်။

ဒီနှစ်နှစ်အတွင်း လွှတ်တော်အမတ်တွေ အပါအဝင် နိုင်ငံတစ်ဝန်းက ပါတီဝင် ၁,၂၃၂ ဦး အဖမ်းခံထားရပြီး လွှတ်တော်ကိုယ်စားလှယ် ၂၀၆ ဦး အပါအဝင် ပါတီဝင် ၃၇၁ ဦးရဲ့ ပိုင်ဆိုင်မှုတွေ ချိပ်ပိတ်သိမ်းယူခံထားရပါတယ်။

လားရှိုးမြို့တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ မဲဆွယ်စည်းရုံးရေးအား ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
လားရှိုးမြို့တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ မဲဆွယ်စည်းရုံးရေးအား ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

နိုင်ငံရေးသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ ပါတီမှတ်မတင်ခြင်းကြောင့် ပါတီဖျက်သိမ်း ခံရကြောင်း ကြေညာလာနိုင်ပေမယ့် ပြည်သူလူထု ထောက်ခံမှုရှိတဲ့ပါတီတွေဟာ ဆက်လက်ရှင်သန်နေလိမ့်မယ်လို့ သုံးသပ်ပါတယ်။

“NLD ပါတီ မတင်တဲ့အတွက် NLD ပါတီ ဖျက်သိမ်းလိုက်ရင် သူတို့ ဖျက်သိမ်းလိုက် တယ်ဆိုတဲ့ ကြေညာချက်အပြင် ဘာမှဖြစ်မသွားပါဘူး။ ဘာကြောင့်လဲဆိုတော့ ပြည်သူလူထုရဲ့ ရင်ထဲမှာ NLD ပါတီရှိနေတာပါ။ အလားတူ SNLD ကလည်း သူတို့မှတ်ပုံမတင်လည်း ရှမ်းလူထုရဲ့ ရင်ထဲမှာ SNLD ရှိနေမှာပဲ။ အလားတူ ရခိုင်လူထုကတော့ သူတို့ရဲ့ ရခိုင်အမျိုးသားပါတီကို ဆက်လက်ထောက်ခံနေမှာပဲ။ အဲဒီတော့ လတ်တလော ကောက်ပြီးတော့ ရွေးကောက်ပွဲမှာ တရားဝင် မှတ်ပုံတင်တာ၊ မတင်တာနဲ့ ပါတီတစ်ရပ် တည်ရှိတယ်၊ မတည်ရှိဘူးဆိုတာဟာ အလွန်ကို ကလေးဆန်တဲ့ သမိုင်းရေးအမြင် ချိနဲ့ကင်းမဲ့တဲ့ အယူအဆဖြစ်တယ်။ ပါတီတစ်ရပ်ရဲ့ ရပ်တည်မှုဆိုတာ ပြည်သူလူထုအပေါ် မူတည်တယ်။ ပြည်သူလူထု ထောက်ခံရင်ရှိမယ်။ ပြည်သူလူထု မထောက်ခံရင် မရှိဘူး ဒါပါပဲဗျ”

ပါတီမှတ်ပုံမတင်တဲ့အတွက် ဖိနှိပ်မှုတွေ၊ ကန့်သတ်မှုတွေ အဆက်မပြတ်လုပ်လာ နိုင်ပေမယ့် ဒါတွေဟာ အာဏာရှိစဉ်သာ လုပ်ဆောင်နိုင်ပြီး ပါတီတစ်ခုရဲ့ ရပ်တည်ချက်ဟာ အင်အားစုတစ်ခုရဲ့ စိုးမိုးခြယ်လှယ်မှုကြောင့် ပျောက်ကွယ်မသွားနိုင်ဘူးလို့လည်း သူက ဆိုပါတယ်။

NLD ပါတီဟာ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ မဲဆန္ဒနယ် ၉၂၀ မှာ အနိုင်ရခဲ့ ပြီး ထောက်ခံမှု ၈၂.၄ ရာခိုင်နှုန်း ရရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ မဲမသမာမှုတွေရှိခဲ့တယ်လို့ စစ်တပ်ကစွပ်စွဲပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အာဏာသိမ်းခဲ့သလို အချိုးကျ ကိုယ်စားပြုစနစ်နဲ့ ရွေးကောက်ပွဲအသစ် ထပ်လုပ်ဖို့လည်း ကြိုးစားနေပါတယ်။

မတ်လ ၂၂ ရက်နေ့အထိ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင် (UEC) ထံ မှတ်ပုံပြန်တင် တဲ့ နိုင်ငံရေးပါတီ ၃၃ ပါတီ ရှိပါတယ်။ အဲဒီအထဲမှာ ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမယ့် ပါတီ ရှစ်ပါတီရှိပြီး ကျန်တဲ့ ၂၅ ပါတီကတော့ ပြည်နယ် ဒါမှမဟုတ် တိုင်းတစ်ခုအတွင်း စည်းရုံးမယ့်ပါတီတွေဖြစ်တယ်လို့ စစ်ကောင်းစီရဲ့ UEC က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။