စစ်ကောင်စီကို လောင်စာဆီ ပိတ်ဆို့အရေးယူဖို့ NUCC တောင်းဆို
2023.12.20
စစ်ကောင်စီကို လောင်စာဆီရောင်းချနေတဲ့ ကုမ္ပဏီကြီးတွေ၊ သယ်ယူပေးနေတဲ့ သင်္ဘောကုမ္ပဏီတွေနဲ့ ငွေကြေးလွှဲပြောင်းမှုအပါအဝင် တစ်ဆင့်ခံကူညီပေးနေတဲ့ ဘဏ်တွေကို ပိတ်ဆို့ဒဏ်ခတ်အရေးယူဖို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က အမေရိကန်နဲ့ ဗြိတိန်အစိုးရကို တောင်းဆိုလိုက်ပါတယ်။
စစ်ကောင်စီအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေကို ချိုးဖောက်ပြီး ငွေကြေးလွှဲပြောင်းပေးနေတဲ့ ဘဏ်တွေရှိသလို စစ်ကောင်စီဟာ လေယာဉ်ဆီနဲ့ စက်သုံးဆီတွေကို စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်းနဲ့ အိန္ဒိယ နိုင်ငံတို့ကနေ တိုက်ရိုက်ဝယ်ယူတာ၊ တစ်ဆင့်ခံ ဝယ်ယူတာတွေ လုပ်နေတယ်လို့ NUCC ရဲ့ ဒီဇင်ဘာ ၁၆ ရက် ထုတ်ပြန်ချက်က ဖော်ပြပါတယ်။
၂၀၂၃ ခုနှစ် အောက်တိုဘာ၊ နိုဝင်ဘာနဲ့ ဒီဇင်ဘာလတွေအတွင်း စစ်ကောင်စီထံ လောင်စာဆီ တင်သွင်းပို့ ဆောင်ပေးခဲ့တဲ့ သင်္ဘော ၁၂ စင်းရှိပြီး အဲဒီသင်္ဘောတွေဟာ လိုက်ဘေးရီးယား၊ ပနားမား၊ ဗီယက်နမ်၊ မလေးရှား၊ အင်ဒိုနီးရှား စတဲ့ နိုင်ငံတွေက ဖြစ်တယ်လို့ ဆိုပါတယ်။
“လေယာဉ်ဆီကိုသာ ပိတ်ဆို့နိုင်ရင် စစ်ကောင်စီတပ်က လေကြောင်းနဲ့ တိုက်ခိုက်တာတွေ၊ လေကြောင်းနဲ့ စစ်ကူပို့တာ၊ ရိက္ခာပို့တာတွေနဲ့ လက်နက်ပို့တာတွေ လုပ်နိုင်မှာ မဟုတ်တော့ဘူး"
ဒါပေမဲ့ အဲဒီသင်္ဘောတွေဟာ စစ်ကောင်စီအတွက် လေယာဉ်ဆီနဲ့ စက်သုံးဆီကို စင်ကာပူ ကတစ်ဆင့် အများဆုံး တင်သွင်းနေတာလို့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ပြောခွင့်ရသူ ဦးမောင်မောင်က ပြောပါတယ်။
“အင်ဒိုနီးရှားတို့၊ မလေးရှားတို့၊ ဗီယက်နမ်တို့က သင်္ဘောတွေကို မှတ်ပုံတင်ထားတဲ့ နိုင်ငံတွေ။ အဲဒီသင်္ဘောတွေက ဆီကို ဘယ်မှာအများဆုံးတင်တာလဲဆိုတော့ စင်ကာပူ မှာတင်တာ ဖြစ်နေတယ်။ စင်ကာပူနိုင်ငံမှာရှိတဲ့ ကုမ္ပဏီတွေကိုလည်း ကျွန်တော်တို့က ထပ်ပြီးတော့ လိုက်ရပါမယ်။ ဒါကြောင့်မို့ ကျွန်တော်တို့က အမေရိကန်နဲ့ ဗြိတိန်ကို အကြောင်းကြားတာပါ။ တိတိကျကျ သင်္ဘောနာမည်ရယ်၊ သင်္ဘောမှတ်ပုံတင်ထားတဲ့ နိုင်ငံရယ်၊ မှတ်ပုံတင်နံပါတ်ရယ်၊ နောက်ဆုံး ဘယ်ဆိပ်ကမ်းကနေတင်ပြီး ထွက်လာ တယ်ဆိုတာကိုလည်း ကျွန်တော်တို့ တင်ပြပေးနေတယ်”
အဲဒီကနေတစ်ဆင့် ငွေကြေးအလွှဲအပြောင်းလုပ်တဲ့ ဘဏ်တွေနဲ့ ဆီသယ်ယူပေးတဲ့ သင်္ဘောကုမ္ပဏီပိုင်ရှင်တွေ၊ ရေကြောင်းအာမခံကုမ္ပဏီတွေကိုပါ အရေးယူနိုင်ဖို့ ကြိုးစားနေတယ်လို့ ဦးမောင်မောင် က ပြောပါတယ်။
စင်ကာပူနိုင်ငံက စစ်ကောင်စီအတွက် လောင်စာဆီ အဓိကရောင်းပေးနေတယ်ဆိုတဲ့ကိစ္စနဲ့ ပတ်သက်လို့ ရန်ကုန်ရှိ စင်ကာပူသံရုံးကို RFA က အီးမေးလ်ပို့ မေးမြန်းရာမှာ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး Dr Vivian Balakrishnan ရဲ့ ဇူလိုင် ၃ ရက် စင်ကာပူလွှတ်တော် အတွင်း ဖြေကြားချက်ကို ရည်ညွှန်းပြီး အကြောင်းပြန်လာပါတယ်။
စင်ကာပူနိုင်ငံခြားရေးဝန်ကြီး Dr Vivian Balakrishnan က မြန်မာပြည်သူတွေအပေါ် ထိခိုက်မှာစိုးတဲ့အတွက် မြန်မာနိုင်ငံအပေါ် အထွေထွေကုန်သွယ်ရေး တားမြစ်ချက်ကို စင်ကာပူက မလုပ်ဘူး၊ ဒါပေမဲ့ စစ်လက်နက်နဲ့ လက်နက်မဲ့ အရပ်သားတွေအပေါ် အကြမ်းဖက်မှု ကျူးလွန်ရာမှာ အသုံးပြုနိုင်တယ်လို့ ယူဆရတဲ့ နှစ်မျိုးသုံး ပစ္စည်းတွေ မြန်မာနိုင်ငံထံလွှဲပြောင်းမှုကို တားဆီဖို့ စင်ကာပူအစိုးရက ကတိပေးထားတယ်၊ အဲဒီဥပဒေ ကို ချိုးဖောက်တဲ့ မည်သူ့ကိုမဆို အရေးယူမယ်လို့ ပြန်လည်ဖြေကြားထားပါတယ်။
ဒီဇင်ဘာ ၁၆ ရက် NUCC ထုတ်ပြန်ချက်မှာ စစ်ကောင်စီလက်အောက်ခံ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် (MFTB)၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနဲ့ ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ ပိတ်ဆို့အရေးယူခံထားရတာကြောင့် စစ်ကောင်စီအနေနဲ့ နိုင်ငံခြားငွေအကျပ်အတည်း ဖြစ်နေတယ်လို့ ဖော်ပြပါတယ်။ ဒါပေမဲ့ လိုအပ်တဲ့ နိုင်ငံခြားငွေကို လွှဲပြောင်းပေးနေတဲ့ ဘဏ်တွေ၊ အဲဒီလို လွှဲပြောင်းနိုင်အောင် ကူညီပေးနေသူတွေ ရှိနေတယ်လို့ NUCC ပြောခွင့် ရသူ ဦးမောင်မောင် က ဆိုပါတယ်။
သက်ဆိုင်ရာ အစိုးရတိုင်းမှာ ကိုယ်ကျိုးစီးပွားရှိနေတာကြောင့် စစ်ကောင်စီအတွက် နိုင်ငံတကာပိတ်ဆို့မှုတွေကို ကျော်လွှားနိုင်မယ့် ထွက်ပေါက်က ရှိနေဆဲပဲလို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ထောက်ပြပါတယ်။
“တကယ်တမ်း လက်တွေ့မှာ အဲဒီကြားခံကုမ္ပဏီတွေကတစ်ဆင့် ဒီစစ်ကောင်စီက လေယာဉ်ဆီတွေဝယ်လို့ ရနေတုန်း၊ သုံးနေတုန်းပါပဲ။ ဒါတွေက အမေရိကန် ပိတ်ဆို့မှု တွေထဲမှာလည်း မပါဘူး။ နောက်တစ်ခု သက်ဆိုင်ရာ အစိုးရတို့ ဘာတို့ကလည်း ဒါနဲ့ပတ်သက်လို့ ကြပ်ကြပ်မတ်မတ်လုပ်ဖို့ သဘောထားလည်းမရှိဘူး။ သူ့အကျိုး စီးပွားတွေနဲ့လည်း ဆိုင်နေတာကိုး။ အကျပ်အတည်းရှိတယ်ဆိုပေမယ့် သူ့မှာ ထွက်ပေါက်ရှိနေတုန်းပဲဆိုတာ ကျွန်တော်တို့ ဒီနေ့အထိ တွေ့နေရတာပါပဲ”
ဒီပြောဆိုချက်တွေအပါအဝင် NUCC ရဲ့ ထုတ်ပြန်ချက်အပေါ် တုံ့ပြန်ချက်ရရှိဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဒီနေ့ ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။
စစ်တပ်အရာရှိဟောင်းတစ်ဦးဖြစ်တဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက တော့ ပိတ်ဆို့ အရေးယူမှုတွေဟာ စစ်ကောင်စီကို မထိခိုက်ဘူးလို့ ပြောပါတယ်။
“စစ်တပ်နဲ့ပတ်သက်တဲ့ ကုမ္ပဏီတွေကို သွားပြီးတော့ ပိတ်ဆို့အရေးယူမယ်ဆိုရင် အဲဒီကုမ္ပဏီတွေက စစ်တပ် တစ်ခုတည်းကို ဝန်ဆောင်မှုပေးနေတာ မဟုတ်ဘူး။ ပြည်သူလူထုကိုပါ ဝန်ဆောင်မှုပေးနေတာဖြစ်တယ်။ လူထုဒုက္ခရောက်တာပဲ အဖတ်တင်တယ်။ သူတို့ အဲဒါက လုပ်လာခဲ့တာလည်း နှစ်ပေါင်းများစွာကြာပြီ။ အောင်လည်း မအောင်မြင်ဘူး။ တစ်ခုခု လုပ်တဲ့သဘောပဲ ဖြစ်နေတယ်။ အဲဒါက စစ်တပ်ကို ဘာမှ မထိခိုက်ဘူးဆိုတာကတော့ ကျွန်တော်တို့က အခိုင်အမာပြောရဲတယ်”
စစ်ကောင်စီနဲ့ဆက်စပ်နေတဲ့ ကုမ္ပဏီတွေနဲ့ အဖွဲ့အစည်းတွေကို နိုင်ငံတကာက အရေးယူ ပိတ်ဆို့ဒဏ်ခတ်မှုတွေ ရှိလာအောင် စဉ်ဆက်မပြတ် လှုံ့ဆော်နေတဲ့ Justice For Myanmar (JFM) အဖွဲ့ကတော့ ပိတ်ဆို့အရေးယူမှုတွေ ကြောင့် စစ်ကောင်စီမှာ နိုင်ငံခြားငွေလိုအပ်ချက် ကြီးကြီးမားမားရှိနေပြီး အကျပ်အတည်းမျိုးစုံနဲ့ ရင်ဆိုင်နေရပြီလို့ ဆိုပါတယ်။
ဒါပေမဲ့ အမေရိကန်၊ ဗြိတိန်နဲ့ အီးယူ အပါအဝင် နိုင်ငံတကာအစိုးရတွေအနေနဲ့ နောက်ထပ်ပစ်မှတ်ထား ပိတ်ဆို့မှုတွေကို ထပ်လုပ်ရမယ်လို့ ပြောပါတယ်။ အထူးသဖြင့် စစ်ကောင်စီအတွက် လက်နက်၊ ရန်ပုံငွေနဲ့ လေယာဉ်ဆီ မရနိုင်အောင် ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေကို အမြန်ဆုံး ချမှတ်ဖို့လိုနေတယ်လို့ JFM အဖွဲ့ ပြောခွင့်ရသူ မရတနာမောင် က RFA ကို ပြောပါတယ်။
ပိတ်ဆို့ဒဏ်ခတ်မှုတွေ ပိုထိရောက်မယ်ဆိုရင် တော်လှန်ရေးအတွက် အလှည့်အပြောင်းတစ်ခု ဖြစ်လာနိုင်တယ်လို့ သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့ ပြောခွင့်ရသူ မိုက် က ပြောပါတယ်။
“လေယာဉ်ဆီကိုသာ ပိတ်ဆို့နိုင်ရင် စစ်ကောင်စီတပ်က လေကြောင်းနဲ့ တိုက်ခိုက်တာ တွေ၊ လေကြောင်းနဲ့ စစ်ကူပို့တာ၊ ရိက္ခာပို့တာတွေနဲ့ လက်နက်ပို့တာတွေ လုပ်နိုင်မှာ မဟုတ်တော့ဘူး။ ဒါကြောင့် လေယာဉ်ဆီ ဖြတ်တောက်ရေးနဲ့ လေယာဉ်ဆီနဲ့ ပတ်သက် ပြီး ကြားခံလုပ်ပေးနေတဲ့ ကုမ္ပဏီတွေကို ပိတ်ဆို့ဖို့ အရေးကြီးတယ်ဆိုတာကို လုံးဝ အကြွင်းမရှိ လက်ခံတယ်။ ဒါဟာ ကျွန်တော်တို့ တော်လှန်ရေးရဲ့ အလှည့်အပြောင်း တစ်ခုလို့လည်း ရှုမြင်ပါတယ်”
ဒီတောင်းဆိုချက်တွေနဲ့ပတ်သက်လို့ ရန်ကုန်ရှိ အမေရိကန်သံရုံးကို RFA က အီးမေးလ်ပို့ မေးမြန်းထားပေမယ့် အကြောင်းမပြန်ပါဘူး။ ဆက်လက်ပြီး မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးကိုလည်း RFA က မေးမြန်းဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။
နိုင်ငံတကာအစိုးရတွေအနေနဲ့ မြန်မာပြည်သူတွေကို ကူညီဖို့အတွက် စစ်ကောင်စီရဲ့ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ ငွေကြေး၊ လက်နက်၊ တရားဝင်မှု စတဲ့ အချက်သုံးချက်ကို အဓိကပစ်မှတ်ထား ပိတ်ဆို့ဒဏ်ခတ် တာကသာ အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် အင်ဒရူး (Thomas H. Andrews) က အောက်တိုဘာ ၂၂ ရက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ တင်ပြတောင်းဆိုထားပါတယ်။