မြန်မာနိုင်ငံမှာ အသေးစား နျူကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အခြေခံမူကြမ်းတစ်ရပ်ကို ရုရှားအစိုးရက အတည်ပြုလိုက်ပြီလို့ ဗြိတိန်မဂ္ဂဇင်း NUCLEAR ENGINNERING INTERNATIONAL က ဇွန်လ ၃ ရက်နေ့မှာ ဖော်ပြပါတယ်။
သဘောတူညီချက်မူကြမ်းအရ မြန်မာနိုင်ငံမှာ အနည်းဆုံး မဂ္ဂါဝပ် ၁၁၀ ထွက်ရှိမဲ့ အသေးစား နျူကလီးယား ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးအတွက် ရုရှားက ထောက်ပံ့ကူညီသွားမှာ ဖြစ်ပါတယ်။
စက်ရုံတည်ဆောက်ရေးအတွက် အင်ဂျင်နီယာသုတေသန၊ ပတ်ဝန်းကျင်ထိခိုက်မှုအကဲဖြတ်ချက်၊ စက်ရုံဒီဇိုင်းနဲ့ တည်ဆောက်မှု၊ စက်ကိရိယာနဲ့ ပစ္စည်း ပံ့ပိုးမှု၊ တပ်ဆင်မှုနဲ့ ချိန်ညှိမှု၊ လောင်စာဆီ ထောက်ပံ့မှု၊ လုပ်ငန်းတာဝန် ပေးအပ်မှု၊ အာမခံဝန်ဆောင်မှု၊ အသုံးပြုတဲ့လောင်စာဆီ ကိုင်တွယ်မှုနဲ့ တခြားနယ်ပယ်တွေမှာ ရုရှားက ပူးပေါင်း ဆောင်ရွက်သွားမှာဖြစ်ကြောင်း သဘောတူညီချက်မူကြမ်းရဲ့ အပိုဒ် ၂ မှာဖော်ပြထားတယ်လို့လည်းဆိုပါတယ်။
ဒီသဘောတူညီချက်မူကြမ်းကို နှစ်နိုင်ငံအစိုးရကြား လက်မှတ်ရေးထိုး အတည်ပြုသွားဖို့ ရှိနေပါတယ်။
NUCLEAR ENGINNERING INTERNATIONAL ရဲ့ သတင်းဖော်ပြချက်နဲ့ပတ်သက်ပြီး အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီ အဏုမြူစွမ်းအင်ဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သိင်္ဂီမောင်မောင်ကို RFA ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားခြင်း မရှိပါဘူး။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်တပ်အရာရှိဟောင်းတစ်ဦးကတော့ မြန်မာနိုင်ငံမှာ ပထမဦးဆုံးဖြစ်လာမဲ့ အဲဒီ နျူကလီးယားဓာတ်အားပေးစက်ရုံဟာ စမ်းသပ်မှုတစ်ခုအနေနဲ့ နိုင်ငံရဲ့ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို တစ်ထောင့်တစ်နေရာက ဖြည့်ဆည်းပေးနိုင်လိမ့်မယ်လို့ ပြောပါတယ်။
"သူက ဒီ နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ရဲ့ ကွပ်ကဲမှုအောက်ကနေ သွားရမှာလေ။ စောင့်ကြပ်မှုကပဲသွားရမှာလေ၊ အားလုံးကလေ။ အဲဒီတော့ ဒါက ဘာမှပြဿနာမရှိပါဘူး။ တိုင်းပြည်အတွက် လျှပ်စစ်ဓာတ်အားလိုအပ်ချက်အတွက်ကို တစ်ထောင့်တစ်နေရာက လုံလောက်တာတော့မဟုတ်ဘူးပေါ့။ တစ်ထောင့်တစ်နေရာလောက်ကပဲ ဖြည့်ဆည်းနိုင်မှာပါ။ ပြီးတော့ ဒါက စမ်းသပ်မှုပဲဖြစ်မယ်လေ"
ရုရှား အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း Rosatom ရဲ့ ဖော်ပြချက်အရ နျူကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးအတွက် ဖြစ်နိုင်ခြေအလားအလာ ပူးပေါင်းလေ့လာရေးနားလည်မှု စာချွန်လွှာတစ်ရပ်ကို ကုမ္ပဏီနဲ့ စစ်ကောင်စီတို့ကြား ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၂ ရက်ကတည်းက လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နျူကလီးယားနည်းပညာကို ငြိမ်းချမ်းတဲ့နည်းနဲ့ စိုက်ပျိုးရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ လျှပ်စစ်နဲ့ စွမ်းအင်ကဏ္ဍ၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွေမှာ အသုံးပြုမယ်လို့ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလက ပြောခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးစိုးသူရထွန်းကတော့ စစ်ကောင်စီရဲ့ ကြိုးပမ်းချက်ဟာ ရုရှားနဲ့ ပိုနီးကပ်အောင်လုပ်တာဖြစ်နိုင်တယ်လို့ ပြောပါတယ်။
"မူရင်းထဲကမှ ငွေတောင်မရှိလို့ အခုကုန်စျေးနှုန်းတွေ အဆမတန် ကြီးမြင့်နေတယ်။ မြန်မာငွေစျေးနှုန်း ထိုးကျနေတဲ့အချိန်မှာ ဒီဟာ လတ်တလောလုပ်သင့်လား၊ မလုပ်သင့်လားဆိုတာ အားလုံးအမြင်မှာတော့ တော်တော်လေးတော့ ရှင်းနေပါတယ်။ ရုရှားကို မျက်နှာရအောင်ဖြစ်နိုင်သလို ပြည်သူလူထုကိုလည်း လျှပ်စစ်မီးတွေ ပေးပါတော့မယ်ပြောတာ ဖြစ်နိုင်တယ်။ တတိယအချက်ကတော့ သူတို့တွေရဲ့ ထုံးစံအတိုင်း လုပ်ငန်းတစ်ခုလုပ်ပြီဆိုရင် သူတို့ကိုယ်ကျိုးစီးပွားအတွက် ရာခိုင်နှုန်းတစ်ခုခုရလို့ လုပ်နေတာဖြစ်နိုင်တယ်လို့ ကျွန်တော်တော့ မြင်ပါတယ်"
လက်ရှိမှာ စစ်အာဏာသိမ်းမှုကြောင့် စီးပွားရေး ဇောက်ထိုးကျနေချိန် စစ်ကောင်စီက ကုန်ကျစရိတ်များလွန်းတဲ့ နျူကလီးယားစီမံကိန်းတွေကို အကောင်အထည်ဖော်လာတာက မေးခွန်းထုတ်စရာဖြစ်တယ်လို့ လေ့လာသုံးသပ်သူတွေကလည်း ပြောဆိုနေကြပါတယ်။
"သူတို့တွေရဲ့ ထုံးစံအတိုင်း လုပ်ငန်းတစ်ခုလုပ်ပြီဆိုရင် သူတို့ကိုယ်ကျိုးစီးပွားအတွက် ရာခိုင်နှုန်းတစ်ခုခုရလို့ လုပ်နေတာဖြစ်နိုင်တယ်လို့ ကျွန်တော်တော့ မြင်ပါတယ်"
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြန်မာ့စွမ်းအင်ကဏ္ဍ လေ့လာသုံးသပ်သူတစ်ဦးကတော့ စစ်ကောင်စီရဲ့ နျူကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်နိုင်ရေးကြိုးပမ်းမှုဟာ အကျိုးစီးပွားထက် ပထဝီနိုင်ငံရေးအရ နောက်ဆက်တွဲ မတည်မငြိမ်မှုတွေ ဖြစ်လာနိုင်တယ်လို့ သုံးသပ်ပါတယ်။
"ပထမတစ်ချက်သည် နည်းပညာအရ ကျွန်တော်တို့က ဘယ်လောက်အထိ လုံလုံခြုံခြုံ ဆောင်ရွက်လို့ရမလဲဆိုတဲ့ဟာက တစ်ချက်ပေါ့နော်။ နောက် ဒုတိယအချက်သည် ဒါသည်စွမ်းအင်လို့ ပြောထားပေသော်ငြားလည်းပဲ မည်သည့်နေရာမှာမဆို နျူကလီးယားလို့ ပြောလိုက်မယ်ဆိုရင် ဒါသည် ကျွန်တော်တို့ မြန်မာပြည်သူတွေအတွက်တော့ ဒီရဲ့ အကျိုးစီးပွားရတာ၊ မရတာ တစ်ကဏ္ဍထားဦး ဒါသည် နောက်ထပ် ပထဝီနိုင်ငံရေးအရ ထပ်ပြီးတော့မှ မတည်ငြိမ်မှုတွေ အများကြီး ဖန်တီးနိုင်တာတစ်ခုလို့ ကျွန်တော်မြင်ပါတယ်"
စစ်ကောင်စီရဲ့ နျူကလီးယားဓာတ်အားပေးစက်ရုံစီမံကိန်းဟာ ရုပ်လုံးပေါ်တဲ့အဆင့်အတွက် အနည်းဆုံး ငါးနှစ်က ဆယ်နှစ်အထိ ကြာမြင့်နိုင်တယ်။ အပြီးသတ်တဲ့အထိ ဆယ်နှစ်က နှစ်နှစ်ဆယ် ကြာမြင့်နိုင်တယ်လို့လည်း သူကဆိုပါတယ်။
မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အားပေးနေတဲ့ ရေအားလျှပ်စစ်စက်ရုံ ၂၉ ရုံ၊ သဘာဝဓာတ်ငွေ့သုံးစက်ရုံ ၂၇ ရုံ၊ ကျောက်မီးသွေးသုံးစက်ရုံ နှစ်ရုံ၊ နေရောင်ခြည် စွမ်းအင်သုံးစက်ရုံ ခြောက်ရုံကနေ နိုင်ငံတစ်ဝန်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေတာပါ။
ဒါပေမဲ့ နိုင်ငံတစ်ဝန်း လျှပ်စစ်ဓာတ်အားလိုအပ်ချက် ၅၀ ရာခိုင်နှုန်းကိုသာ ဖြည့်ဆည်းပေးထားနိုင်တယ်လို့ စစ်ကောင်စီလျှပ်စစ်စွမ်းအားဝန်ကြီးဌာနရဲ့ ပြီးခဲ့တဲ့ မေလ ၁ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

တရုတ်နိုင်ငံအခြေစိုက် မြန်မာ့အရေးလေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇောကတော့ စစ်ကောင်စီအနေနဲ့ နျူကလီးယားဓာတ်အားပေးစက်ရုံအကောင်အထည်ဖော်ဖို့ ကြိုးပမ်းနေတာဟာ လက်တွေ့အလုပ်ဖြစ်ရေးထက် လက်တလော ပြည်သူလူထုရဲ့ မကျေနပ်မှုတွေကို အာရုံလွှဲဖို့အတွက်သာဖြစ်တယ်လို့ ပြောပါတယ်။
"စစ်ကောင်စီရဲ့ ရည်ရွယ်ချက်ကိုက တကယ်အလုပ်ဖြစ်ရေးမဟုတ်ဘူးလေ။ ပြည်သူလူထု သူတို့အပေါ်မှာ မကျေမနပ်ဖြစ်နေတာအတွက် လမ်းလွှဲရေးအတွက်ပဲလုပ်တာပါ။ ဒီ စစ်ကောင်စီအနေနဲ့ကတော့ ဘာမှ ဖြစ်ဖြစ်မြောက်မြောက်ဖြစ်အောင် လုပ်နိုင်မယ်မထင်ဘူး။ သူလုပ်နေတာ ဟိုရောက်ဒီရောက်နဲ့။ နောက်အခုတလော ရခိုင်ဘက်မှာ ဗုံးတွေကြဲ၊ လူသတ်နဲ့ လုပ်နေတဲ့ကိစ္စတွေကို အဲဒါတွေကို အာရုံလွှဲဖို့ လျှောက်လုပ်နေတာ ထင်တယ်"
ရုရှားနဲ့ မြန်မာအကြား နျူကလီးယားကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက် ၂၀၀၇ ခုနှစ်မှာ စတင်ခဲ့တာပါ။
မြန်မာနဲ့ ရုရှား အဏုမြူကော်ပိုရေးရှင်း ROSATOM အကြား နျူကလီးယားစွမ်းအင် အသုံးချရေး ပူးပေါင်းဆောင်ရွက်မှု ပထမဆုံး နားလည်မှုစာချွန်လွှာကိုတော့ သမ္မတ ဦးသိန်းစိန်အစိုးရ သက်တမ်းကုန်ခါနီး ၂၀၁၅ ခုနှစ် ဇွန်လ ၁၈ ရက်နေ့က စိန့်ပီတာစ်ဘတ်မြို့မှာ လက်မှတ်ထိုးခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်မှာတော့ မြန်မာနဲ့ ROSATOM အကြား နျူကလီးယား စွမ်းအင်ကဏ္ဍ ပူးပေါင်းရေးကို ရပ်တန့်ခဲ့ပါတယ်။