စစ်ကိုင်းနဲ့ မကွေး ၃၆ မြို့နယ်မှာ NUG ရဲ့ ပြည်သူ့အုပ်ချုပ်ရေးဖွဲ့စည်းထား

ဇင်မာဝင်း (ဝါရှင်တန်ဒီစီ)
2022.04.24
စစ်ကိုင်းနဲ့ မကွေး ၃၆ မြို့နယ်မှာ NUG ရဲ့ ပြည်သူ့အုပ်ချုပ်ရေးဖွဲ့စည်းထား ၂ဝ၂၂ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့က စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် စစ်အာဏာရှင်ဆန့်ကျင်ရေးကျေးရွာသပိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်က လုံခြုံရေးယူပေးနေစဉ်။
Photo: PVTV

စစ်ကောင်စီလက်အောက်မှာ တာဝန်မထမ်းဆောင်လိုတဲ့အတွက် အကြမ်းမဖက်အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာပါဝင်ခဲ့ကြတဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက CDM ဝန်ထမ်းတွေနဲ့ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာနကို ဖွဲ့စည်းလိုက်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဧပြီ ၂၄ ရက်နေ့က ကြေညာလိုက်ပါတယ်။

NUG စိုးမိုးနယ်မြေတွေနဲ့ ထိန်းချုပ်နယ်မြေတွေမှာ စစ်ကောင်စီဘက်က လစ်လပ်သွားတဲ့ အုပ်ချုပ်ရေးယန္တရားမှာ အစားထိုးဝင်ရောက်လုပ်ကိုင်ဖို့ ရည်ရွယ်တယ်လို့ NUG ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ NUG ရဲ့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တစ်နိုင်ငံလုံးမှာ စစ်ကောင်စီ မအုပ်ချုပ်နိုင်တော့တဲ့ ဒေသ ၅ဝ ရာခိုင်နှုန်းမက ရှိနေပြီလို့ ဧပြီ ၁၈ ရက်နေ့က RFA နဲ့ မေးမြန်းခန်းမှာ ပြောခဲ့ပါတယ်။

ဧပြီ ၁၆ ရက်နေ့က နိုင်ငံတော်အခြေပြမိန့်ခွန်းပြောခဲ့တဲ့ NUG ရဲ့ယာယီသမ္မတ ဒူဝါလရှီးလကလည်း မကြာခင်လွတ်မြောက်နယ်မြေတွေ ဖန်တီးနိုင်တော့မယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

“NUG ဦးဆောင်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေဟာ နိုင်ငံရဲ့နေရာအတော်များများ၊ အထူးသဖြင့် ကျေးလက်ဒေသတွေကို ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ပါတယ်။ မြို့ပြအချို့ကိုလည်း ဝိုင်းပတ်စိုးမိုးထားပြီး ဖြစ်ပါတယ်။ များမကြာမီ နယ်မြေတော်တော်များများကို လွတ်မြောက်နယ်မြေအဖြစ် ဖန်တီးနိုင်တော့မှာ ဖြစ်ပါတယ်။ NUG အစိုးရဟာ မိမိတို့ ထိန်းချုပ်ထားတဲ့ လွတ်မြောက်နယ်မြေတွေမှာ ကြားကာလ အုပ်ချုပ်ရေးနဲ့ အသွင်ကူးပြောင်းရေးကာလ တရားစီရင်ရေး ယန္တရားများကို ဒေသခံများရဲ့ ကူညီဆောင်ရွက်မှုနဲ့ မဟာမိတ်များရဲ့ ပူးပေါင်းဆောင်ရွက်မှုများနဲ့အတူ စတင်အကောင်အထည်ဖော်နေပြီ ဖြစ်ပါတယ်။”

“ဖာပွန်မြို့ထဲမှာ သူတို့(စစ်ကောင်စီ) အုပ်ချုပ်ရေးယန္တရား ပြိုပျက်ပြီး ဘာမှမရှိတော့ဘူး။ စစ်တပ်ပဲ ရှိတော့တယ်၊ စစ်တပ်မိသားစုတွေလည်း ထွက်ပြေးကုန်ပြီ”

NUG စိုးမိုးထားနိုင်ပြီလို့ ယူဆတဲ့ဒေသတွေကို အသေးစိတ် ထုတ်ဖော်ပြောဆိုတာ မရှိပေမယ့် စစ်ကိုင်းတိုင်း ၃၇ မြို့နယ်ထဲက ၂၉ မြို့နယ်၊ မကွေးတိုင်း ၂၅ မြို့နယ်ထဲက ၇ မြို့နယ် စုစုပေါင်း ၃၆ မြို့နယ်မှာ ကြားကာလပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ ဖွဲ့စည်းထားတယ်လို့ NUG ရဲ့ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန က သတင်းထုတ်ပြန်ထားပါတယ်။

“ ၁ဝဝ ရာခိုင်နှုန်း NUG က နိုင်သွားမှ ပညာရေး၊ ကျန်းမာရေး၊ တရားဥပဒေ စိုးမိုးရေးတွေ လုပ်မယ်ဆိုရင် အင်မတန်မှ နှောင်းသွားလိမ့်မယ်။ ကျွန်တော်တို့က စစ်လည်း တိုက်မယ်။ တည်ဆောက်ရေးလည်း လုပ်မယ်။ နှစ်ခုကို တစ်ပြိုင်တည်း လုပ်တာ။ ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေကလည်း သူ့အလုပ် သူလုပ်၊ ပ.လ.ဖ တွေ ပ.အ.ဖ တွေကလည်း ဒေသဖွံ့ဖြိုးရေးတွေပေါ့။ ကျွန်တော်တို့ အဖွဲ့အစည်းကြီးကို တည်ဆောက်နေတာ။ သေနတ်ကြီး ကိုင်ပြီး စစ်တိုက်နေရုံနဲ့ ပြည်သူကို လုံခြုံအောင် ကာကွယ်နေတာမဟုတ်ဘူး။”

စစ်ကိုင်းတိုင်း ကနီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ နာယက ဦးထွန်းထွန်းဝင်း ပြောသွားတာပါ။

ကနီမြို့နယ်ထဲမှာ ရပ်ကွက် ၃ ရပ်ကွက်၊ ကျေးရွာပေါင်း ၁၉၃ ရွာရှိတဲ့အထဲက ရပ်ကွက် ၃ ရပ်ကွက်နဲ့ ရေလယ်ကျွန်းဆိုတဲ့ တစ်ရွာကလွဲပြီး ကျန်တဲ့နေရာတွေမှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ ဖွဲ့စည်းထားပြီးပြီလို့ သိရပါတယ်။

ဒီ ပ.အ.ဖ အဖွဲ့ထဲမှာ ဥပဒေအသိုင်းအဝိုင်းက တချို့ပါဝင်တဲ့ တရားရေးဌာနနဲ့ ဥပဒေရေးရာကော်မတီတို့ကို ဖွဲ့စည်းထားသလို ယာယီအချုပ်တွေလည်း ရှိနေပြီ ဖြစ်ပါတယ်။ NUG အစီအစဉ်နဲ့ ကနီမြို့နယ်ထဲမှာ ပညာသင်ပေးနေပြီး ဧပြီ ၁၁ ရက်နေ့က မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အောက်က ပညာရေးအဖွဲ့က ဦးဆောင်ပြီး ပညာရေးစုံညီပွဲတော်တစ်ခု ကျင်းပခဲ့ပါသေးတယ်။

image.jpg
၂ဝ၂၂ ခုနှစ် ဧပြီလ ၁၁ ရက်နေ့က စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် NUG အစိုးရပညာရေးစုံညီပွဲတော် ကျင်းပစဉ်။ (Photo: Citizen Journalist)

ယင်းမာပင်မြို့နယ်မှာတော့ ပညာရေးနဲ့အုပ်ချုပ်ရေးကဏ္ဍတချို့ လည်ပတ်နိုင်နေပေမယ့် တရားရေးကဏ္ဍနဲ့ ပြည်သူ့ရဲတပ်ဖွဲ့ တည်ထောင်နိုင်ဖို့ ကျန်နေသေးတယ်လို့ မြောက်ယမား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြောခွင့်ရှိသူ ကိုခန့်က ပြောပါတယ်။

“ကျွန်တော်တို့ မလုပ်နိုင်သေးတာက တရားရေးကဏ္ဍ၊ ရဲတပ်ဖွဲ့၊ ဒေသဖွံ့ဖြိုးရေးတွေပေါ့နော်။ တရားရေးနဲ့ ဒေသဖွံ့ဖြိုးရေးကလွဲရင် ပြည်သူ့ရဲတပ်ဖွဲ့ကို မကြာခင် ဖွဲ့စည်းနိုင်မယ်လို့ ခန့်မှန်းပါတယ်”

စစ်ကိုင်းတိုင်းဟာ စစ်ကောင်စီတပ်တွေရဲ့ ထိုးစစ်ဆင်မှုကို ပြင်းပြင်းထန်ထန် ခံနေရတာဖြစ်ပြီး စစ်ဘေးဒုက္ခသည် သိန်းနဲ့ချီ ရှိနေပါတယ်။

မကွေးတိုင်းထဲက ဆောမြို့နယ်မှာဆိုရင် ကျေးရွာ ၁၁၇ ရွာ ရှိတဲ့အထဲက ၈၂ ရွာမှာ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့တွေ ဖွဲ့စည်းထားပါတယ်။

“ကျေးရွာတိုင်းမှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့ပြီးပြီပေါ့နော်။ အဲဒီအဖွဲ့တွေမှာ အုပ်ချုပ်ရေးတာဝန်ခံပါတယ်။ ပ.က.ဖ(ပြည်သူ့ကာကွယ်ရေးအဖွဲ့) တာဝန်ခံပါတယ်။ ပညာရေးတာဝန်ခံ၊ ကျန်းမာရေးတာဝန်ခံ၊ စစ်ဘေးရှောင်တွေကို ကူညီမယ့် လူမှုကယ်ဆယ်ရေး တာဝန်ခံ ပါတယ်။ ဒီငါးယောက်နဲ့ ရွာတိုင်းမှာ ဖွဲ့စည်းထားတာ ရှိတယ်။ ပ.အ.ဖ ကို စက်တင်ဘာလောက်ကတည်းက စဖွဲ့တာ၊ စဖွဲ့စဉ်က CDM ဝန်ထမ်းတွေနဲ့ စစ်ဘေးရှောင်တွေကို ကူညီတဲ့အလုပ်တွေ လုပ်ခဲ့ပြီး ဒီဇင်ဘာ ၁၅ လောက်ကစပြီး ကျေးရွာတွေထဲကို ကွင်းဆင်းတယ်။ ရပ်ရွာအတွင်း အမှုအခင်းတွေကိုလည်း ကိုင်တွယ်ဖြေရှင်းနေပြီ”

ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ခံ ဒေါက်တာကြည်စိုးထွန်း ပြောသွားတာပါ။

မကွေးတိုင်း ဂန့်ဂေါမြို့နယ်မှာတော့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ကြုံတွေ့ရတဲ့ အခက်အခဲတချို့ကို မြို့နယ် ပ.အ.ဖ သတင်းနဲ့ ဆက်သွယ်ရေးတာဝန်ခံက အခုလိုပြောပါတယ်။

“ပြည်သူ့အုပ်ချုပ်ရေးဆိုတာက ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကို အခြေပြုပြီး လှုပ်ရှားရတာပေါ့နော်။ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ အားကောင်းတဲ့အခြေအနေပေါ် မူတည်ပြီး လှုပ်ရှားတဲ့အခါကျတော့ နေရာအနည်းငယ်မှာ ဥပမာ-ဟံသာဝတီတို့ မြောက်ခရမ်းတို့ ရွာတွေကဆိုရင် ပျူစောထီး အားကောင်းတဲ့ ရွာတွေဖြစ်တော့ ကျွန်တော်တို့ အုပ်ချုပ်ရေးကို ထူထောင်နိုင်ခြင်း မရှိဘူး။ ကျွန်တော်တို့က ဝန်ကြီးဌာနပိုင်းနဲ့ ချိတ်ဆက်ရတာ။ အလှူရှင်တွေနဲ့ ချိတ်ဆက်ရတာ ခေါင်းဆောင်တွေနဲ့ ချိတ်ဆက်ရတာဆိုတော့ ဆက်သွယ်ရေး အခက်အခဲ ရှိတယ်။ အင်တာနက်တွေ ဖြတ်တောက်ခံထားရတယ်။ တစ်ခါတစ်လေ ဖုန်းလိုင်းတွေ အဖြတ်ခံရတယ်။ အဲ့တော့ ဆက်သွယ်ရေးပိုင်းမှာ အခက်အခဲတွေ တော်တော်လေး ရှိတယ်”

NUG တစ်နှစ်ပြည့် သတင်းစာရှင်းလင်းပွဲမှာ သတင်းထုတ်ပြန်ရေးအဖွဲ့က ဦးနေဘုန်းလတ် ပြောဆိုချက်အရ ကျန်းမာရေးဝန်ဆောင်မှုတွေကို အွန်လိုင်းဝန်ဆောင်မှုတွေအပြင် NUG စိုးမိုးထားတဲ့ နယ်မြေတွေမှာ ဆေးရုံ ၅၁ ရုံ၊ အခြေခံ ကျန်းမာရေးဆေးခန်း ၅၅ ခု၊ ရွေ့လျားဆေးခန်း ၁၆၇ ခုနဲ့ ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

ပညာရေးနဲ့ ပတ်သက်လို့တော့ အခြေခံပညာ၊ အဆင့်မြင့်ပညာနဲ့ အသက်မွေးဝမ်းကျောင်းပညာတွေကို မြို့နယ် ၂၈၆ ခုမှာ အွန်လိုင်းကနေ ပညာရေးဘုတ်အဖွဲ့တွေက သင်ကြားပေးနေပြီး စိုးမိုးနယ်မြေတချို့မှာတော့ မြေပြင်သင်ကြားရေးလုပ်ငန်းတွေ လုပ်နိုင်ပြီလို့ ဆိုပါတယ်။

NUG ရဲ့ နယ်မြေစိုးမိုးထားနိုင်မှု ပြောဆိုချက်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်း ကို RFA က အကြိမ်ကြိမ်ဆက်သွယ်ရာမှာ ဧပြီ ၂၈ ရက်နေ့က ဖုန်းလက်ခံဖြေကြားရမှာတော့ ---

“မြန်မာပြည်မှာရှိနေတဲ့ လက်ရှိအနေအထားကိုပဲ ကြည့်လို့ ပြောချင်ပါတယ်၊ ဘယ်သူတွေ အုပ်ချုပ်နေလဲ၊ ဘာတွေလုပ်နေတယ်၊ ဘယ်သူတွေက ဆက်ဆံမှုတွေ လုပ်နေတယ်ဆိုတာပဲ ကျွန်တော် ပြောချင်ပါတယ်။ ဒါက သူတို့လုပ်ရိုးလုပ်စဉ်၊ သူတို့ပြောနေကျအတိုင်း အရင်ကတည်းကအတိုင်း ပြောနေတာဖြစ်လို့ အဖက်လုပ်ပြီး တုံ့ပြန်စရာမရှိဘူးလို့ ပြောချင်ပါတယ်။”

“တရားရေးနဲ့ ဒေသဖွံ့ဖြိုးရေးကလွဲရင် ပြည်သူ့ရဲတပ်ဖွဲ့ကို မကြာခင် ဖွဲ့စည်းနိုင်မယ်လို့ ခန့်မှန်းပါတယ်”

တပ်မတော်သားအရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာရဲ့ အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးကတော့ NUG က နယ်မြေတော်တော်များများ စိုးမိုးနိုင်နေပြီဆိုတဲ့ ပြောဆိုချက်ကို ငြင်းဆိုပါတယ်။

“NUG က သူတို့ ပြောနေတာ ၅ဝ တို့ ၄၅ တို့။ တကယ်ရပြီဆိုရင် သူတို့ ကြေညာနိုင်ရမှာပေါ့။ ကြေညာလိုက်ပေါ့။ ဝါဒဖြန့်မှုသက်သက်ပဲဆိုတာ သေချာပါတယ်။ ဘယ်လိုမှတော့ အလုပ်မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ကံဆိုးတာက မြေပြင်က တချို့ကတော့ ဒါကို အားတက်စရာ အဖြစ်နဲ့ ဆက်ပြီး ပေါက်တတ်ကရ လုပ်နေရင်တော့ ဆုံးရှုံးမှုက ပိုများသွားမယ်လို့ပဲ ကျွန်တော်ပြောချင်တယ်။ နစကအနေနဲ့ အခုချိန်မှာ တချို့အပိုင်းတွေ မထိန်းချုပ်နိုင်တာ ကျွန်တော်တို့ သဘောပေါက်တယ်။ သို့သော်လည်းပဲ အနေအထားအရ တစ်နိုင်ငံလုံးကြီး သူတို့ (NUG) ပြောသလောက် ၅ဝ ရာခိုင်နှုန်းဆိုတာ နည်းနည်း ဟာသဖြစ်နေတယ်။ အဲ့လောက်ကြီး မဟုတ်ဘူး။ လောလောဆယ် ကျွန်တော်တို့ မြင်နေတာ စစ်ကိုင်းတိုင်းနဲ့ ကရင်ပြည်နယ် တချို့နေရာဒေသတွေပေါ့။ ကယားတောင် အရင်က တော်တော်လေး နာမည်ထွက်ခဲ့တယ်။ အခု ကယားတောင် အသံပျောက်သလောက် ဖြစ်သွားပြီ။ သေချာတာတော့ မြေပြင်မှာ တချို့အပိုင်းတွေ လုံခြုံရေး လက်လှမ်းမမီတဲ့နေရာတွေမှာ အားနည်းချက်တွေ ရှိနေတာမှန်တယ်။ ဒါပေမဲ့ NUG ဂုဏ်ယူဝင့်ကြွားစွာ ပြောသလောက်တော့ ဘယ်လိုမှ မဟုတ်နိုင်ဘူး”

knu.jpg
ဇန်နဝါရီ ၁၅ ရက်နေ့က ကရင်ပြည်နယ်တွင် စစ်ဘေးဒုက္ခသည်များအား ကူညီပေးနေသော KNU တပ်သားတချို့။ ( Photo: Citizen Journalist)

ကရင်အမျိုးသားအစည်းအရုံး KNU နိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီးကတော့ -

“ဟန်မပျက်ပဲ ဆိုကြပါစို့။ မြို့ပေါ်မှာ မြို့နာမည်ပဲ ရှိတော့တယ်။ ဥပမာ - ဖာပွန်ပေါ့ဗျာ။ ဖာပွန်ဆိုတာ မြို့ထဲမှာ သူတို့(စစ်ကောင်စီ) အုပ်ချုပ်ရေးယန္တရား ပြိုပျက်ပြီး ဘာမှမရှိတော့ဘူး၊ စစ်တပ်ပဲ ရှိတော့တယ်၊ စစ်တပ် မိသားစုတွေလည်း ထွက်ပြေးကုန်ပြီ။ ဒါ တပ်မဟာ ၅ ဘက်မှ၊ နောက် တပ်မဟာ - ၆ ဘက်မှာလည်း ဒီလောက်တောင် တိုက်ပွဲဖြစ်နေတာ။ သူတို့အုပ်ချုပ်ရေး ဘာလုပ်လို့ရမလဲ၊ နောက်တချက်က ဧပြီ ၂ဝ ရက်နေ့က တပ်မဟာ-၁ ဘက်က ဒါ ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်မှာ ရှိတဲ့ KNU တပ်မဟာတစ်ခုကနေပြီးတော့ အဲဒီမှာရှိတဲ့ စစ်စခန်းတွေ ထွက်ပါဆိုပြီး ရာဇသံ ပေးလာနိုင်တဲ့ အနေအထားတစ်ခုက ဒါတော်ရုံတန်ရုံ ဖြစ်ခဲတယ်လေ။ ဆိုလိုတာက အရင်က တိုက်ပွဲဖြစ်တာ နယ်တွေမှာပဲ ဖြစ်တာ။ အခုက တိုက်ပွဲဖြစ်တာ ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်မှာပဲ ဖြစ်တော့တာ။ ကျွန်တော်တို့က မြို့ကြီးတွေ ဘာတွေ သိမ်းတယ်လို့ မပြောသေးဘူး။ သို့သော်ငြားလည်း ရှိတဲ့ မြို့တွေက ဘာမှအလုပ်မဖြစ်တော့ဘူးဆိုတာ ဒါက ရှင်းရှင်းလင်းလင်း ဖော်ပြနေပြီလေ”

စစ်တပ် အာဏာသိမ်းပြီးနောက် နှစ်ပတ်လောက်အကြာမှာကတည်းက ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေကို မြို့နယ်တော်တော်များများမှာ ဖွဲ့စည်းခဲ့ကြပေမယ့် အုပ်ချုပ်ရေးလုပ်ငန်းတွေ မလုပ်ဆောင်နိုင်ခဲ့ကြပါဘူး။

အခု စစ်ကိုင်းနဲ့ မကွေးက နေရာတချို့မှာတော့ အုပ်ချုပ်ရေးယန္တရား လည်ပတ်နေတဲ့ အခြေအနေတွေ ရှိလာတဲ့အကြောင်း တင်ပြလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။