စစ်ကောင်စီကို နယူးဇီလန်မှာ တရားစွဲနိုင်ဖို့ NUG ကြိုးပမ်း

ဝေမာထွန်း (ဝါရှင်တန်ဒီစီ)
2024.05.10
စစ်ကောင်စီကို နယူးဇီလန်မှာ တရားစွဲနိုင်ဖို့ NUG ကြိုးပမ်း အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေး ဝန်ကြီး ဦးအောင်မျိုးမင်းနှင့် ဥပဒေပညာရှင်များအား ၂၀၂၄ ခုနှစ်၊ မေလ ၉ ရက်နေ့က နယူးဇီလန်နိုင်ငံတွင် တွေ့ရစဉ်။
National Unity Government of Myanmar

နယူးဇီလန်နိုင်ငံမှာ ကမ္ဘာ့လွှမ်းခြုံတရားစီရင်မှု (Universal Jurisdiction) စနစ်နဲ့ စစ်ကောင်စီကို တရားစွဲနိုင်ဖို့ ဘယ်လိုပုံစံမျိုးနဲ့ ဆောင်ရွက်သင့်တယ်ဆိုတဲ့ နည်းလမ်းတွေအပါအဝင် ပြင်ဆင်ထားသင့်တဲ့ အချက်အလက်တွေကို ဥပဒေပညာရှင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာလို့ NUG က မေလ ၁၀ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက နယူးဇီလန်ဝန်ကြီးချုပ်ဟောင်း Sir Geoffrey Palmer၊ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ တရားသူကြီးချုပ်ဟောင်း Sir Kenneth Keith အပါအဝင် ဥပဒေပညာရှင်တွေနဲ့ တွေ့ခဲ့တာပါ။

တရားစွဲနိုင်ရေး စတင်ဆွေးနွေးနေတာဖြစ်ပြီး ရှေ့လျှောက်ဥပဒေပညာရှင်တွေက ပံ့ပိုးကူညီပေးသွားဖို့ ရှိတယ်လို့ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက RFA ကိုပြောပါတယ်။

“အခုမှစတင်ပြီး ဆွေးနွေးတယ်။ ပညာရှင်တွေနဲ့ တိုင်ပင်တယ်။ ဖြစ်နိုင်တဲ့ နည်းလမ်းတွေရှာတယ်။ နယူးဇီလန်မှာ ဒါမျိုးကိုလက်ခံပြီးအမှုဖွင့်နိုင်တဲ့ လမ်းကြောင်းရှိတဲ့အတွက် ပိုမိုတိကျခိုင်မာတဲ့ နည်းလမ်းနဲ့ သက်သေအထောက်အထားတွေဖြစ်ဖို့အတွက် ဆက်လက်ပြီးကူညီမယ့် ဥပဒေပညာရှင်တွေနဲ့ ဆွေးနွေးနေပါတယ်”

NUG က ဒီလိုကြိုးပမ်းနေတယ်ဆိုတဲ့အပေါ်… လူမျိုးတုံးသတ်ဖြတ်မှုနဲ့ပတ်သက်ရင် မြန်မာပြည်တွင်းမှာ ရိုဟင်ဂျာအမှုဟာ ခိုင်မာတဲ့အမှုဖြစ်လို့ ဒီအမှုကို ထည့်သွင်းဖို့လိုသလို တခြားနိုင်ငံတကာတရားရုံးတွေမှာ မရောက်သေးတဲ့ မြန်မာတစ်နိုင်ငံလုံးနဲ့ဆိုင်တဲ့ အကြောင်းအရာတွေကို စနစ်တကျထည့်သွင်းပြီး တရားစွဲနိုင်အောင် လုပ်သင့်တယ်လို့ အကြံပြုတာတွေလည်း ရှိပါတယ်။

လူမျိုးတုံးသတ်ဖြတ်မှုအပါအဝင် ရာဇဝတ်မှုအမျိုးမျိုး ကျူးလွန်ခဲ့သူတွေကို တရားစွဲဆိုလို့ရတဲ့ နိုင်ငံတိုင်းမှာ တရားစွဲနိုင်ဖို့ လုပ်နေတာတွေကို အားပေးတယ်လို့ ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူ ရိုနေဆန်းလွင်က နယူးဇီလန်မှာ တရားစွဲဆိုရေးလုပ်ဆောင်လာတဲ့အပေါ် အခုလိုအကြံပြုပါတယ်။

“တစ်ခါတစ်ခါကျရင် နိုင်ငံတွေမှာရှိတဲ့ တရားရုံးတွေက ဒီလိုအမှုမျိုးနောက်တစ်နိုင်ငံမှာ ရှိတယ်။ အဲ့တော့ ဒါကိုလုပ်စရာမလိုဘူးဆိုတဲ့ ပုံစံမျိုး၊ ဟိုဘက်က လုပ်လိမ့်မယ်ဆိုတဲ့ ပုံစံမျိုးစဉ်းစားကြတာရှိတယ်။ ဖိလစ်ပိုင်မှာရှိတဲ့အမှုဆိုရင် ချင်းလူမျိုးတွေနဲ့ ပတ်သက်တဲ့အမှုပေါ့။ တစ်နိုင်ငံကိုတင်တဲ့အမှုနဲ့ နောက်တစ်နိုင်ငံကိုတင်တဲ့အမှု အကြောင်းအရာတွေ ကွဲလွဲပြီးတော့၊ အကြောင်းအရာတစ်ခုကို ဒီနိုင်ငံက တရားရုံး၊ နောက်အကြောင်းအရာတစ်ခုကို ဒီနိုင်ငံက တရားရုံး။ ဥပမာ Sexual Violence ကို နယူးဇီလန်မှာ တင်တယ်ဆိုလို့ရှိရင် နောက်တစ်နိုင်ငံမှာ နေအိမ်တွေကို မီးရှို့ပြီးတော့ အိမ်တွေထဲမှာ လူတွေကို မီးတိုက်တာ အဲ့လိုမျိုးတွေကွဲလွဲပြီးတင်မယ်ဆိုရင် ဖိအားတွေလည်း များမယ်”

နိုင်ငံအများစုမှာ စစ်ကောင်စီကို တရားစွဲဆိုမှုများလာတဲ့အခါ ဖမ်းဝရမ်းထုတ်လာတဲ့ နိုင်ငံတွေရှိလာရင် ဒီနိုင်ငံတွေအပါအဝင် တခြားချိတ်ဆက်မိတ်ဖက်နိုင်ငံတွေကို ဖမ်းဝရမ်းထုတ်ခံရတဲ့ စစ်ခေါင်းဆောင်နဲ့ ကျူးလွန်သူတွေ သွားလာခွင့်မရဘဲ အကျပ်ရိုက်မယ့် အခြေအနေတွေကြုံလာနိုင်တာမို့ တရားစွဲခွင့်ရတဲ့ နိုင်ငံတိုင်းမှာ တရားစွဲဆိုနိုင်ရေးကို NUG တရားရေးဝန်ကြီးဌာနဘက်က တစိုက်မတ်မတ် လုပ်စေလိုတယ်လို့ ရိုနေဆန်းလွင်က ဆက်ပြောပါတယ်။

စစ်ကောင်စီဟာ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ အမှုရင်ဆိုင်နေရသလို အာဂျင်တီးနားနိုင်ငံ တရားရုံးမှာလည်း တရားစွဲဆိုခံထားရပါတယ်။

အာဂျင်တီးနားနိုင်ငံတရားရုံးထံ တင်သွင်းထားတဲ့အမှုမှာ မြန်မာစစ်ခေါင်းဆောင်တချို့နဲ့ သတ်ဖြတ်မှုတွေမှာ ပါဝင်ခဲ့သူတွေရဲ့ အမည်စာရင်းတွေပါဝင်နေပြီး စာရင်းပါသူတွေကို ဒီနှစ်အတွင်း နိုင်ငံတကာအဆင့် ဖမ်းဝရမ်းထုတ်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ အမှုမှာ တရားလိုရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူး ကိုယ်စားလှယ်ဟောင်း မစ္စတာတိုးမာ့စ်ကင်တားနားက RFA နဲ့ ဒီလပထမပတ်အတွင်း သီးသန့်တွေ့ဆုံမေးမြန်းရာမှာ ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။