NUG ရဲ့ နွေဦးဖွံ့ဖြိုးရေးဘဏ် အောင်မြင်ဖို့ အလားအလာ
2023.07.26
အမျိုးသားညီညွတ်ရေးအစိုးရ NUG ဟာ စစ်အာဏာရှင်ကို ဆန့်ကျင်တွန်းလှန်နေတဲ့ အင်အားစုတွေအတွက် ဘဏ္ဍာငွေရှာဖွေဖို့နဲ့ စစ်တပ်က ထိန်းချုပ်ထားတဲ့ ဘဏ်လုပ်ငန်းကဏ္ဍကို အစားထိုးဖို့ ရည်ရွယ်ချက်နဲ့ နွေဦးဖွံ့ဖြိုးရေးဘဏ် SDB ကို စတင်လိုက်ပါတယ်။
ဒီ SDB ဘဏ်ဟာ စီးပွားရေး ကျဆင်းပြီး စစ်ရေး ပဋိပက္ခတွေ ဆက်တိုက်ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံမှာ စစ်ကောင်စီနဲ့ အခြား အုပ်စုတွေရဲ့ အွန်လိုင်းကနေ တိုက်ခိုက်မှုတွေ အပါအဝင် အခြားအခက်အခဲ အမျိုးမျိုးနဲ့ ကြုံရဦးမှာ ဖြစ်ပါတယ်။
ဒါပေမဲ့လည်း ဒီဘဏ်ဟာ အနာဂတ် မြန်မာနိုင်ငံရဲ့ ဘဏ္ဍာရေး စနစ်အတွက် အရေးကြီးတဲ့ အုတ်မြစ်တစ်ခု ချပေးလိုက်တာ ဖြစ်ပါတယ်လို့ RFA ရဲ့ ပင်တိုင် ဆောင်းပါးရှင် ဝါရှင်တန် ဒီစီ အမျိုးသား စစ်တက္ကသိုလ်က မြန်မာ့အရေး လေ့လာသူ ပါမောက္ခ ဇက်ခါရီ အဘူဇာက သုံးသပ်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတည်းက မြန်မာ စစ်တပ်ဟာ အွန်လိုင်းက ငွေပေးချေတဲ့လုပ်ငန်းတွေကို နည်းအမျိုးမျိုးနဲ့ ကန့်သတ်လာတဲ့အပြင်၊ ဘဏ်အားလုံးမှာ ယူနီဖောင်းဝတ် စစ်ဗိုလ်တွေ စေလွှတ်ပြီး၊ ဒေါ်လာ ၄၀ အထက် ငွေလွှဲပြောင်းမှု အားလုံးကိုလည်း စောင့်ကြည့်ခိုင်းထားပါတယ်။
ဒီလို အကန့်အသတ်တွေကြောင့် NUG ရဲ့ နွေဦးထီ လုပ်ငန်းနဲ့ အစောပိုင်းမှာ တော်လှန်ရေးအတွက် ဘဏ္ဍာငွေရှာဖို့ ကြိုးပမ်းမှုကို ထိခိုက်ခဲ့တာ တွေ့ရပါတယ်။
NUG ဟာ စစ်တပ်ပိုင် လုပ်ငန်းတွေနဲ့ မြေတွေကို လေလံတင် ရောင်းချတာ၊ သယံဇာတ တူးဖော်ခွင့်ပေးတာနဲ့ ခရစ်ပ်တို ငွေကြေးနဲ့ တန်ဖိုးဖြတ်တဲ့ ငွေချေးစာချုပ် Bond တွေ ရောင်းချတာလို လုပ်ငန်းတွေနဲ့ ဆက်လက်ပြီး ဘဏ္ဍာငွေ ရှာဖွေနေပါတယ်။ ဒီလုပ်ရပ်တွေဟာ နည်းပညာနဲ့ ဝယ်ယူသူတွေရဲ့ ယုံကြည်မှုအပေါ်မှာ လုံးဝ မူတည်နေပါတယ်။
ဒီ ငွေချေးစာချုပ်တွေ ဝယ်ယူပြီး ရင်းနှီးမြှုပ်နှံမှုအားလုံးဟာ တော်လှန်ရေး အင်အားစုတွေဘက်က အနိုင်ရမှသာ တန်ဖိုးရှိပြီး ငွေကြေးအဖြစ် လဲလှယ် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
NUG က ရောင်းချထားတဲ့ စစ်တပ်ပိုင် လုပ်ငန်းတွေနဲ့ မြေတွေဟာဆိုရင်လည်း တော်လှန်ရေးမှာ NUG အနိုင်မရသေးသရွေ့ ပြင်ပမှာ အမှန်တကယ် လွှဲပြောင်းရယူနိုင်မှာ မဟုတ်ပါဘူး။
အခုဆိုရင် NUG ဟာ စစ်တပ်က အာဏာသိမ်းပြီးကတည်းက ဒေါ်လာ သန်း ၁၅၀ ကျော် ရှာဖွေနိုင်ခဲ့တယ်လို့ ပြောထားပါတယ်။ ဒါပေမဲ့လည်း ဒီ ပမာဏဟာ စစ်တပ်က အခုနှစ်မှာ ၅၁ ရာခိုင်နှုန်းတိုးမြှင့် ရယူလိုက်တဲ့ စစ်ရေး အသုံးစရိတ် ဒေါ်လာ ၂.၇ ဘီလီယံနဲ့ ယှဉ်ရင် မပြောပလောက်ပါဘူး။
အခုအချိန်မှာ NUG ရဲ့ ခရစ်ပ်တို ငွေကြေးနဲ့ ချိတ်ဆက်ထားတဲ့ ငွေချေးစာချုပ်တွေကို ချက်သမ္မတ နိုင်ငံကနေ ထုတ်ပေးနေတာဖြစ်ပါတယ်။ ဒါပေမဲ့ ချက်သမ္မတ နိုင်ငံ အစိုးရဟာ NUG ကို ဘဏ္ဍာရေး စနစ်ထဲ အပြည့်အဝ ဝင်ရောက်ခွင့် မပြုသေးပါဘူး။
ဒီလိုအခက်အခဲတွေကို ကျော်ဖြတ်နိုင်ဖို့ NUG ရဲ့ စီမံဘဏ္ဍာဝန်ကြီးဌာနဟာ ဘဏ်လုပ်ငန်းဝန်ဆောင်မှုတွေကို အပြည့်အဝပေးနိုင်မဲ့ ဘဏ်တစ်ခုကို အဆင့်ဆင့် ဖွင့်လှစ် ဆောင်ရွက်သွားဖို့ လုပ်နေတာ ဖြစ်ပါတယ်။
NUG ရဲ့ SDB ဘဏ်မှာ ငွေအပ်နှံတာလို ပုံမှန် ဘဏ်လုပ်ငန်းတွေအပြင် ရွှေ ဝယ်ယူ စုဆောင်းတာ၊ ပြည်ပရောက် မြန်မာတွေရဲ့ ငွေပြန်ပို့တာ၊ နိုင်ငံခြားငွေ လဲလှယ်တာနဲ့ ရေရှည်ရင်းနှီးမြှုပ်နှံမှုတွေ လုပ်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
ဒီ SDB ဘဏ်ကို အခုနှစ် ဇွန်လမှာ ဖွဲ့စည်းတည်ထောင်လိုက်တဲ့ NUG ရဲ့ ဗဟိုဘဏ်ကနေ စီမံခန့်ခွဲမှာဖြစ်ပြီး၊ လုံခြုံရေးအရ အမည်မဖော်ပြထားတဲ့ နိုင်ငံတစ်နိုင်ငံမှာ တရားဝင် မှတ်ပုံတင်ထားပါတယ်။
SDB ဘဏ်ရဲ့ နောက်တစ်ဆင့်ကတော့ အကြွေးဝယ်ကဒ်တွေ ထုတ်ပေးတာ၊ ကုန်သွယ်ရောင်းဝယ်မှုတွေအတွက် ငွေပေးချေမှုနဲ့ စုဆောင်းသူတွေအတွက် ဘဏ်အမှတ်တံဆိပ်နဲ့ အကြွေစေ့တွေ ထုတ်ဝေတာတွေ လုပ်သွားဖို့ ဖြစ်ပါတယ်။
အရေးကြီးတာကတော့ SDB ဘဏ်ဟာ NUG က လုပ်တဲ့ ငွေချေးစာချုပ်တွေ၊ ထီလက်မှတ်တွေ၊ စစ်တပ်ပိုင် လုပ်ငန်းနဲ့ မြေတွေ လေလံတင် ရောင်းချမှုတွေ အားလုံးအတွက်လည်း ဝန်ဆောင်မှုပေးမှာဖြစ်ပြီး NUG ရဲ့ တော်လှန်ရေးအတွက် ဘဏ္ဍာငွေ ရှာဖွေရာမှာ အဓိကကျတဲ့ ဘဏ်တစ်ခုဖြစ်လာမှာ ဖြစ်ပါတယ်။
ဒီလို အသုံးဝင်မယ်မှန်းသိတဲ့အတွက် စစ်ကောင်စီကလည်း SDB ဘဏ်ကို ဖျက်လိုဖျက်ဆီး လုပ်ဖို့ ကြိုးစားနေပါတယ်။
ပြီးခဲ့တဲ့ ဇွန်လကတင်ပဲ ဗီယက်နမ် အိုင်တီ ကုမ္ပဏီ တစ်ခုဟာ SDB ဝက်ဆိုဒ်နဲ့ တစ်ထေရာတည်း တူညီတဲ့ ဝက်ဘ်ဆိုဒ်အတု တစ်ခုကို ဖန်တီး လွှင့်တင်ခဲ့ပါတယ်။ ဒီ ဝက်ဘ်ဆိုဒ် အတုဟာ ဘဏ်ကို အသုံးပြုသူတွေရဲ့ နာမည်နဲ့ ကိုယ်ရေး အချက်အလက်တွေကို ခိုးယူပြီး သွားရောက် ဖမ်းဆီးဖို့ ရည်ရွယ်ချက်နဲ့ လုပ်ထားတာ သေချာပါတယ်။
ဒါ့အပြင် စစ်ကောင်စီဟာ SDB ဘဏ်နဲ့ NUG ရဲ့ ငွေကြေးလုပ်ငန်းတွေကို အင်တာနက်ကနေ ထိုးဖောက်ဝင်ရောက်ပြီး အနှောင့်အယှက်ပေးတာတွေလည်း ကြုံလာနိုင်တာကို NUG က မျှော်လင့်ထားပါတယ်။
တစ်ဘက်မှာလည်း မြန်မာနိုင်ငံရဲ့ ဘဏ်လုပ်ငန်းတွေအပေါ် လူထုရဲ့ ယုံကြည်မှု လျော့နည်းနေပါတယ်။
စစ်ကောင်စီဟာ စစ်ပွဲတွေ ဆက်တိုက်နိုင်ဖို့ လိုအပ်တဲ့ ဘဏ္ဍာငွေတွေ ရဖို့၊ ငွေချေးစာချုပ်တွေ ထုတ်ပြီး၊ နိုင်ငံပိုင်နဲ့ ပုဂ္ဂလိကပိုင် ဘဏ်တွေကို အတင်းအကျပ် ဝယ်ယူခိုင်းနေပါတယ်။
အာဏာသိမ်းပြီးကတည်းက ဒီလိုပုံစံနဲ့ ငွေရှာလာတာ ဒေါ်လာ ရှစ်ဘီလီယံလောက်အထိ ရှိနေပါပြီ။
စစ်ကောင်စီက ထုတ်တဲ့ ငွေချေးစာချုပ်တွေအတွက် အချိန်တန်တဲ့အခါ ထိုက်တန်တဲ့ ငွေကြေးပြန်ပေးနိုင်မှာ မဟုတ်တဲ့အတွက်၊ ငွေရှားပါး ပြတ်လပ်နေတဲ့ ဘဏ်တွေကို ပိုပြီး ဖိစီးမှု ဖြစ်စေမှာပါ။
စစ်ကောင်စီဟာ နိုင်ငံ့စီးပွားရေး တည်ငြိမ်အောင် ထိန်းကျောင်းဖို့ လွတ်လပ်တဲ့ အဖွဲ့အစည်းအဖြစ် ရပ်တည်ရမဲ့ ဗဟိုဘဏ်ကိုလည်း လိုသလို ထိန်းချုပ်ထားပြီး၊ စစ်တိုက်ဖို့ လိုအပ်တဲ့ငွေကို စိတ်ကြိုက်ထုတ်သုံးလို့ရမဲ့ စုဗူးတစ်ခုလို အသုံးပြုနေပါတယ်။
ဒီလို အခြေအနေ အားလုံးကြောင့် NUG က ဖွင့်လှစ်လိုက်တဲ့ နွေဦးဖွံ့ဖြိုးရေးဘဏ် SDB ဟာ မြန်မာနိုင်ငံမှာ ဖက်ဒရယ် ဒီမိုကရေစီ တည်ထောင်နိုင်ဖို့အတွက်တင်မကဘဲ နိုင်ငံအတွင်းမှာ ခိုင်မာမှု အရှိဆုံး ဘဏ်တစ်ခု ဖြစ်လာနိုင်ပါတယ်လို့ ဆောင်းပါးရှင် ဇက်ခါရီ အဘူဇာက သုံးသပ် ရေးသားထားပါတယ်။