ထိန်းသိမ်းခံ ကျောင်းထိုင်ဘုန်းကြီးအရေး မြောက်ဦးဒေသခံတွေစိုးရိမ်


2019.10.07
ohhtane-monk-622.jpg ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မြောက်ဦးမြို့နယ် အိုးထိန်းကျေးရွာက ကျောင်းတိုက်ဆရာတော် ဦးကဝိဓဇ ကို တွေ့ရစဉ်
ဓါတ်ပုံ - မြို့ဦးဂေါင်း ဆရာတော်

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မြောက်ဦးမြို့နယ် အိုးထိန်းကျေးရွာက ကျောင်းတိုက်ဆရာတော် ဦးကဝိဓဇ၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝေစိုးထွန်းနဲ့ ဒေသခံ ဦးမြင့်မောင်တို့ကို တပ်မတော်က စက်တင်ဘာလ ၂၀ ရက်နေ့ကတည်းက ဖမ်းဆီးသွားတာပါ။

ရက္ခိုင့်တပ်တော် (AA) နဲ့ဆက်နွယ်တယ်ဆိုပြီး သံဃာတွေကိုဖမ်းဆီးတာ အိုးထိန်းဆရာတော်ဟာ သုံးကြိမ်မြောက်ဖြစ်လာပါတယ်။ ပြီးခဲ့တဲ့ ဧပြီလကတုန်းက မြောက်ဦးနဲ့ ပုဏ္ဏားကျွန်းမြို့နယ်က သံဃာတော်နှစ်ပါးကို တပ်မတော်က ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

အိုးထိန်းကျေးရွာ ဆရာတော်ဟာ မြောက်ဦးမြို့နယ်က ကျောက်ကျပ်ကျေးရွာ ကျောင်းထိုင်ဆရာတော်ကို ဆွမ်းစားပင့်ဖို့ ကားနဲ့သွားရာ ကျောက်တော်-မြောက်ဦး အဝေးပြေးလမ်းမပေါ်က လင်းမြွေတောင် အရောက်မှာ ထိန်းသိမ်းခံရတာလို့ ရွာသားတွေကပြောပါတယ်။

ဖမ်းဆီးခံရသူတွေနဲ့တွေ့ဆုံခွင့်ရဖို့ မြို့ခံဆရာတော်တွေက ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ဒေသခံကွပ်ကဲမှု စစ်ဌာနချုပ်( စစ်တွေ) တို့ကို စက်တင်ဘာလကုန်ပိုင်းမှာ စာရေးသားပို့ပေးခဲ့ပေမယ့် ဒီနေ့အချိန်ထိ မိသားစုတွေ၊ ဆရာတော်တွေနဲ့ တွေ့ဆုံခွင့်မရသေးပါဘူး။

သံဃာတော်တွေက ဒီလိုစာပေးပို့ခဲ့ပြီးနောက် စစ်တွေတပ်နယ်မှာ ထိန်းသိမ်းစစ်ဆေးနေတယ်ဆိုတဲ့အကြောင်း ဝန်ကြီးချုပ် ဦးညီပုက ဖုန်းနဲ့လျှောက်ထားလာတယ်လို့ စစ်တွေမြို့က သံင်္ဃာတော်တစ်ပါးဖြစ်တဲ့ ဦးဇာကရက RFA ကိုမိန့်ပါတယ်။

ဦးဇာဂရဟာ စစ်တွေမြို့က အထင်ကရကျောင်းတိုက်တစ်ခုက ဆရာတော်တစ်ပါးဖြစ်ပေမယ့် အစိုးရနဲ့ ဆက်ဆံ ရေးအခြေအနေအရ ကျောင်းတိုက်အမည်ကို ဖော်ပြခွင့်မပြုပါဘူး။

“ဝန်ကြီးချုပ်က အခုစစ်တွေမှာ ရှိပါတယ်။ သိပ်ပြီးမစိုးရိမ်ပါနဲ့ဘုရား။ တပည့်တော်လည်း နယ်လုံဝန်ကြီးနဲ့ ခေါ်တွေ့ပြီးတော့ ပြောပြလိုက်ပါတယ် ဘုရား။ အဲလောက်ပဲအမိန့်ရှိပါတယ်။ အရှင်ဘုရားတို့လည်း ဆရာတော်တွေဖြစ်တဲ့အတွက်ကြောင့် တပည့်တော်လည်း တတ်နိုင်သလောက် သူတို့ကိုပြောပြပေးပါမယ်တဲ့။ အဲလောက်ပဲပြောပါတယ်”

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ လိုအပ်ချက်အရ မသင်္ကာမှုနဲ့ခေါ်ယူ စစ်ဆေးနေဆဲဖြစ်တာကြောင့် အသေးစိတ်ကို ပြောလို့မရသေးဘူးလို့ပြောပါတယ်။

“လောလောဆယ်တော့ ဒါလိုအပ်ချက်အရပေါ့နော် မသင်္ကာမှုနဲ့ ခေါ်ထားတယ်။ မေးထားတယ် ဒီအဆင့်ပဲ ပြောလို့ရမယ်။ အချိန်ကျတဲ့ တစ်နေ့ပေါ့နော် တာဝန်ရှိတဲ့လူတွေက ထုတ်ပြန်ပါလိမ့်မယ်။ ဘာမှငြိစွန်းမှု မရှိဆိုလည်း ပြန်လွှတ်ပေးမှာပေါ့ဗျာ။ ဒီအတွက်က ဘာမှစိုးရိမ်စရာလည်းမလိုဘူး။ ဆန္ဒစောစရာလည်းမလိုဘူး။ ဒီလောက်ပဲပြောချင်တယ်”

စက်တင်ဘာလ ၂၀ ရက်နေ့ ဖမ်းဆီးထိန်းသိမ်းခံရတဲ့ နောက်တစ်နေ့မှာပဲ အိုးထိန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝေစိုးထွန်းက ရွာမှာကျန်ရစ်ခဲ့တဲ့ သူ့အမျိုးသမီးကို ဖုန်းဆက်ပြီး သူတို့စီးနင်းလာတဲ့ကားဟာ မှားယွင်းစစ်ဆေးခံရတာဖြစ်ကြောင်း၊ မကြာခင် ပြန်လွတ်မှာဖြစ်ကြောင်းပြောဆိုခဲ့တယ်လို့ မိသားစုက ပြောပါတယ်။

ဒါပေမဲ့ နောက်တစ်နေ့မှာ ကျေးရွာလူကြီးတွေ၊ သံဃာတော်တွေက သွားရောက်တွေ့ဆုံဖို့ကြိုးစားခဲ့ပေမယ့် တပ်မတော် အရာရှိတွေက တွေ့ဆုံခွင့်မပေးတော့တာလို့ ဆိုပါတယ်။

တပ်မတော်က ထိန်းသိမ်းစစ်ဆေးစဉ်ကာလအတွင်း သေဆုံးတာတွေ၊ ကျန်းမာရေးချို့တဲ့သွားတာတွေရှိတဲ့ အတွက် ဆရာတော်နဲ့ ဒေသခံနှစ်ဦးထိန်းသိမ်းစစ်ဆေးခံနေရတဲ့အပေါ်မှာ စိုးရိမ်မှုတွေရှိနေကြပါတယ်။

အခုနှစ်အတွင်း အေအေအဖွဲ့နဲ့ဆက်သွယ်တယ်ဆိုတဲ့သံသယနဲ့ တပ်မတော်ကထိန်းသိမ်းစစ်ဆေးနေစဉ် ကာလအတွင်း မြောက်ဦး၊ ကျောက်တော်၊ ရသေ့တောင်မြို့နယ်တွေက သေဆုံးသူ ၁၄ ဦးအထိရှိခဲ့ပါတယ်။

မြောက်ဦးမြို့နယ် သံဃာ့အကျိုးတော်ဆောင်ဆရာတော် အရှင်ဝဏ္ဏသာရ က သံဃာတော်တစ်ပါးကို တပ်မတော်က ထိန်းသိမ်းစစ်ဆေးနေတာ လုပ်ထုံးလုပ်နည်းတွေနဲ့မညီဘူးလို့ မိန့်ပါတယ်။

“ဗုဒ္ဓဘာသာတိုင်းပြည်လေ ဗုဒ္ဓဘာသာအစိုးရက အုပ်ချုပ်နေတဲ့ ကာလမှာဆိုတော့ ဗုဒ္ဓဘာသာ သံဃာတော် တွေကို ဒီလိုလုပ်တာကတော့ မကောင်းဘူးလို့ ဦးဇင်းအနေနဲ့ မြင်ပါတယ်။ ဒီအိုးထိန်းဆရာတော်နဲ့ပတ်သက်လို့ က သာသနာရေးနဲ့ပတ်သက်လာရင်လည်း သူတို့က မြို့နယ်သာသာနာရေးတို့ကိုလည်း သူတို့က မေးတာ စစ်တာ ဘာမှမရှိဘူး။ ဒီမြောက်ဦးမြို့နယ်ရဲ့ သံဃာနာယကအဖွဲ့အသီးသီးရှိတယ်။ အဲဒီကိုလာပြီးတော့လည်း ဒီအိုးထိန်းဆရာတော်က ဒီလိုကိစ္စနဲ့ဖြစ်နေပြီ။ တပည့်တော်တို့က ဘာလုပ်တယ်၊ ဘာလုပ်မယ် ဆိုပြီး အဲလိုလာလျှောက်တာလည်းမရှိဘူး။ ဦးဇင်းတို့သဘောပြောရရင်တော့ မဖြစ်သင့်လို့မြင်တာပေါ့”

ဒါနဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးကို RFA ကမေးမြန်းရာမှာ -

“ကျွန်တော်တို့က စစ်ဆင်ရေးနယ်မြေမှာ တွေ့တဲ့အတွက်ကြောင့်မို့လို့ ဒါက ကျွန်တော်တို့က လိုအပ်ချက်အရ ပေါ့နော် ဒီဟာတွေက ဒီလိုလုပ်လိုက်ရခြင်းဖြစ်တယ်။ မြို့ပေါ်မှာဆိုရင်တော့ မှန်တယ်လေ။ ရဲပါမယ်၊ ပြီးလို့ရှိရင် သက်ဆိုင်ရာအဖွဲ့အစည်းတွေပါမယ်ပေါ့ဗျာ။ ဒါကနိုင်ငံတကာမှာလည်း စစ်ဆင်ရေးနယ်မြေမှာ ဒီလိုတွေ့လို့ရှိရင် တော့ ကျွန်တော်တို့ ဒါမျိုးတွေ့နေတယ် ဖမ်းရမလားဆိုတာမျိုးတွေရှိသလား။ မရှိပါဘူး။ အဲဒါနဲ့လာပြီးတော့မှ ဥပဒေနဲ့မညီဘူးဆိုပြီးတော့မှ ဒီလိုကောက်ချက်ဆွဲလိုကတော့ မရဘူးလေ”

အခုလိုဖမ်းဆီးခံထားရတာနဲ့ပတ်သက်လို့ ကျေးရွာသားတွေအကြားမှာ စိုးရိမ်ထိတ်လန့်နေကြရတယ်လို့ ရွာသားတွေကပြောပါတယ်။

ထိန်းသိမ်းခံထားရတဲ့ အိုးထိန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝေစိုးထွန်းရဲ့ ဆွေးမျိုးတစ်ဦးဖြစ်တဲ့ ဦးသန်းဝင်း က အခုလိုပြောပါတယ်။

“ရွာသားတွေကြားမှာတော့ ထိတ်လန့်မှုတွေရှိတယ်။ စိုးရိမ်ကြောင့်ကြမှုတွေလည်း အများကြီးဖြစ်နေတာပေါ့။ ဒီလို ရွာကအကြီးတွေ၊ ဘုန်းကြီးတွေ၊ အုပ်ချုပ်ရေးမှူးတွေကိုတောင်ဖမ်းတယ်ဆိုရင် ကျွန်တော်တို့ရွာထဲကိုလည်း ဘယ်နည်းနဲ့မဆို ဝင်လာနိုင်တယ်ဆိုပြီးတော့ပေါ့။ သူတို့ကိုအပြစ်မရှိဘူးဆိုလို့ရှိရင် မိသားစုတွေ၊ ကျေးရွာသူ ကျေးရွာသားတွေနဲ့ တွေ့ခွင့်ပေးစေချင်တာပေါ့”

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ဇွန်လအထိ AA နဲ့ ဆက်နွယ်တယ်ဆိုတဲ့ သံသယနဲ့ တပ်မတော်က ဖမ်းဆီးခဲ့သူ ၉၀ ကျော်ရှိပြီး၊ စစ်ဆေးနေဆဲ ၃၆ ယောက်၊ တရားစွဲဆိုအမှုဖွင့်အရေးယူထားတာ ၄၅ ယောက်နဲ့ ပြစ်ဒဏ်ချမှတ်ခံရသူ ၃ ယောက် ရှိခဲ့တယ်လို့ တပ်မတော်က ပြောထားပါတယ်။

ဒါပေမဲ့ ဒီနေ့အထိ နောက်ဆုံးစာရင်းအချက်အလက်နဲ့ပတ်သက်လို့ တပ်မတော်ဘက်က ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူးခင်ဗျာ။

(RFA သတင်းထောက် ကိုမင်းသိန်းအောင် ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။