ဘုရားသုံးဆူဒေသကို ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေ ပြောင်းရွှေ့နေ

RFA Burmese
2024.12.13
ဘုရားသုံးဆူဒေသကို ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေ ပြောင်းရွှေ့နေ ၂ဝ၂၄ ခုနှစ် မေလ ၂၃ ရက်နေ့က တွေ့ရသည့် ထိုင်း-မြန်မာနယ်စပ် ဆန်ခလဘူရီ၊ ဘုရားသုံးဆူမြို့ ညနေခင်း မြင်ကွင်းတစ်ခု။
Photo: RFA

ကျားဖြန့်အွန်လိုင်းငွေလိမ်လုပ်ငန်းက တရုတ်နိုင်ငံသားတွေဟာ စစ်ကောင်စီရဲ့ အုပ်ချုပ်မှုယန္တရား ရပ်ဆိုင်းနေ တဲ့ ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ကို ပြောင်းရွှေ့အခြေချနေထိုင်တာ များလာတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ဒီအကြောင်းတွေကို သိထားပေမဲ့ လတ်တလောအနေထားအရ ထိထိရောက်ရောက် မဖြေရှင်းနိုင်သေးဘူးလို့ ထိုင်း-မြန်မာနယ်စပ်မှာ လှုပ်ရှားနေတဲ့ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ရဲ့ အဆင့်မြင့်အရာရှိတစ်ဦးက RFA ကို ပြောပါတယ်။

“ကိုယ့်ဝမ်းစာ ကိုယ်ရှာ၊ ကိုယ့်သေနတ်ကိုယ် ဝယ်ပြီး တော်လှန်ရေးတွေ လုပ်နေကြတဲ့အခါကျတော့ (ကျားဖြန့်) ဒါတွေနဲ့ ကြံဖန်ပြီးတော့ စီးပွားရှာနေကြတာ။ အတင်းအကျပ် ပြောရ ဆိုရခက်တယ်။ ကျားဖြန့်နဲ့ ပတ်သက်ပြီး ပြောင်းရွှေ့လာမှုများတာကို သိတယ်။ ဘာမှကို မလုပ်နိုင်တာ”

ဘုရားသုံးဆူမြို့မှာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလကစပြီး စစ်ကောင်စီရဲ့ အုပ်ချုပ်မှုယန္တရား ရပ်တန့်ခဲ့တာပါ။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း အပြင်ကို လုံးဝမထွက်ဘဲ သူတို့တပ်ရင်းထဲမှာပဲ နေကြသလို ဌာနဆိုင်ရာ ဝန်ထမ်းတွေလည်း အုပ်ချုပ်ရေးပိုင်းမှာ မပါကြတော့ဘူးလို့ ဆိုပါတယ်။

"တရားဥပဒေစိုးမိုးမှုက လုံးဝကို မရှိတဲ့အခါမှာ ဒီအပေါ်မှာ သူတို့လုပ်နိုင်နေတာဖြစ်တယ်လို့ မြင်တယ်"

လတ်တလောမှာ ကရင်ငြိမ်းချမ်းရေးကောင်စီ ( KNU / KNLA - PC)၊ နယ်ခြားစောင့်တပ် (BGF)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) နဲ့ မွန်ပြည်သစ်ပါတီ NMSP တို့က အုပ်ချုပ်ရေးလုပ်ငန်းတွေကို ပူးပေါင်းလုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၁ ရက်နေ့ကစပြီး အောက်တိုဘာလ ၃၁ ရက်နေ့အထိ ခြောက်လအတွင်း ရွှေကုက္ကိုမြို့သစ်မှာ ဖွင့်လှစ်ထားတဲ့ ကျားဖြန့်လုပ်ငန်းတွေ ပိတ်သိမ်းပြီး ထွက်ခွာကြဖို့ မြဝတီ အခြေစိုက် ကရင်နယ်ခြားစာင့်တပ် (BGF) က သတိပေးစာထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ ရွှေကုက္ကိုက ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူ တရုတ်လူမျိုးတချို့ဟာ ဘုရားသုံးဆူမြို့ကို ပြောင်းနေလာကြတာပါ။


ဆက်နွှယ်သောသတင်းများ

အကြီးစားအွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို တိုက်ဖျက်နိုင်ခဲ့ကြောင်း တရုတ်ပြော

ဖမ်းဆီးမှုတွေရှိပေမဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ လည်ပတ်နေဆဲ

တရုတ်နိုင်ငံသား ၁၈ ဦး အပါအဝင် ကျားဖြန့်လုပ်ကိုင်သူ ၄၅ ဦးကို အရေးယူထားကြောင်း စစ်ကောင်စီပြော


ပြောင်းရွှေ့လာသူတွေအထဲမှာ ကိုးကန့်ဒေသက တရုတ်တွေရော၊ ငွေလိမ်ဂိုဏ်းတွေမှာ ထိပ်ပိုင်းကြီးကြပ်ရေးတာဝန်ရှိတဲ့ တရုတ်နိုင်ငံသားခြောက်ရာလောက်နဲ့ အောက်ခြေဝန်ထမ်း မြန်မာအလုပ်သမားတွေ ပါ၀င်တယ်လို့ ဒေသခံတွေက ခန့်မှန်းကြပါတယ်။

ဘုရားသုံးဆူမြို့ကို တရုတ်လူမျိုးတွေ ပြောင်းလာတဲ့အတွက် အိမ်ငှားခတွေ ပုံမှန်ထက် ငါးဆလောက် တက်သွားတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

“ပုံမှန် ဘတ်ခုနစ်ရာတန် အခန်းဆိုရင် ဘတ် သုံးထောင်လောက် ပြေးတက်တယ်။ ဘတ်တစ်ထောင် တန်အခန်းဆိုရင် ဘတ်ငါးထောင်နဲ့ ခုနစ်ထောင်ကြားအထိ ပြေးတက်တယ်။ ပုံမှန်ထက်စာရင် ငါးဆ လောက်ပြေးတက်သွားတာပေါ့။ လမ်းမတန်းမှာ တရုတ်တော်တော်များများ ငှားထားတဲ့နေရာက မြန်မာတွေက မငှားတဲ့နေရာများတယ်။ အဲလိုနေရာတွေမှာ သူတို့က ဈေးကြီးပေးပြီး ငှားလိုက်တယ်”

မြို့ပေါ်မှာ ရပ်ကွက် (၄) ခုရှိပြီး အဲဒီအထဲက မြို့လယ်ရပ်ကွက်တွေဖြစ်တဲ့ ရပ်ကွက် (၃) နဲ့ (၄) မှာ တရုတ်လူမျိုးတွေ အများဆုံးနေကြတယ်လို့ ဆိုပါတယ်။

မြို့ပေါ်မှာ စားသောက်ဆိုင်၊ အလှပြင်ဆိုင်၊ အလုံပိတ်ဆိုင်တွေနဲ့ အွန်လိုင်းလောင်းကစားဆိုင်တွေ ဖွင့်ထားကြတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ဆိုပါတယ်။

“တရုတ်တွေက လာတယ်။ လာပြီးတော့ သူတို့ကကြိုက်တဲ့ခြံဆိုရင် ဈေးကောင်းပေးဝယ်တယ်။ ပြီးရင် အဲဒီမှာပဲ နေတယ်။ နေပြီး စီးပွားရေးတွေ သူတို့ လုပ်တယ်။ စီးပွားရေးက အစုံပဲ။ အစားအသောက် လုပ်ငန်းရှိမယ်။ လောင်းကစား ရှိမယ်။ အွန်လိုင်းလောင်းကစားရှိမယ်။ နောက် အလှအပရေးရာနဲ့ ပတ်သက်ပြီး Beauty Saloon တွေရှိမယ်။ အဲလိုမျိုး ဆိုင်အသစ်တွေလည်း ဖွင့်တယ်။ အဲလိုမျိုးတွေပေါ့။ လမ်းမတန်းတွေမှာချည်းပဲ။ လမ်းမတန်းတောင်မှ လမ်းမကြီးမှာ အကုန်လုံးဖွင့်ထားတယ်”

ဘုရားသုံးဆူမြို့ဘက်ကို တရုတ်ငွေလိမ်ဂိုဏ်းတွေ ပြောင်းရွှေ့လာတယ်ဆိုတဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး KNU တာဝန်ရှိသူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လတ်တလော မရသေးပါဘူး။

ရွှေကုက္ကိုမြို့သစ်ဘက်က ကျားဖြန့်လုပ်ငန်းတချို့လည်း ဆက်လုပ်နေတုန်းပဲလို့ မြန်မာအလုပ်သမားဟောင်းတစ်ဦးက ပြောပါတယ်။

“ရွှေကုက္ကိုက သူတို့ ၁၀ လပိုင်း ၁၅ ရက်နေ့ ပိတ်မယ်ဆိုတာ မဟုတ်ဘူး။ ကျားဖြန့်တွေက သောင်ရင်းမြစ် တောက်လျှောက်ပေါ့နော်။ ရွှေတြိဂံဘက် သူတို့က အဲဒီ နယ်စပ်တောက်လျှောက်မှာ တစ်နေရာလုပ်တယ်။ လုပ်လို့ အဲလိုမျိုး နာမည်ကြီးလာပြီ အဆင်မပြေတော့ဘူးဆိုရင် သူတို့ တစ်နေရာကို ထပ်ပြောင်းတယ်။ အဲလိုမျိုးပဲ ပြောင်းနေကြတာ”

လောင်းကစားရုံများရှိသည့် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုမြို့သစ်တွင် အဆောက်အအုံများ ဆောက်လုပ်နေသည်ကို ၂၀၂၃ ခုနှစ် မတ်လအတွင်းက တွေ့ရစဉ်။ (Photo: RFA)
လောင်းကစားရုံများရှိသည့် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုမြို့သစ်တွင် အဆောက်အအုံများ ဆောက်လုပ်နေသည်ကို ၂၀၂၃ ခုနှစ် မတ်လအတွင်းက တွေ့ရစဉ်။ (Photo: RFA)

ထိုင်းအာဏာပိုင်တွေက သောင်ရင်းမြစ်တစ်လျှောက်မှာရှိတဲ့ ငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းဖို့ လုပ်ဆောင်နေပေမဲ့လည်း လိမ်လည်တဲ့လုပ်ငန်းတွေက အဲဒီမှာ ခြေကုပ်ယူနိုင်ဆဲပဲဖြစ်တယ်လို့ ကရင်နိုင်ငံရေး လေ့လာသုံးသပ်သူ စောဘဦးလေးက ပြောပါတယ်။

“နယ်မြေအုပ်ချုပ်မှုကို မလုပ်နိုင်သေးတဲ့အပေါ်မှာ အခွင့်ကောင်းယူတဲ့ အနေအထားမျိုးဖြစ်တယ်။ ဒေသအုပ်ချုပ်မှုလုပ်ငန်းတွေ ကောင်းကောင်းမတည်ထောင်နိုင်သေးဘူး။ တရားဥပဒေစိုးမိုးမှုက လုံးဝကို မရှိတဲ့အခါမှာ ဒီအပေါ်မှာ သူတို့လုပ်နိုင်နေတာဖြစ်တယ်လို့ မြင်တယ်။ ထိုင်းက ဒါကို နှိမ်နင်းနေပေမဲ့ သူ့ရဲ့ ပူးပေါင်းဆောင်ရွက်မှု အခြေအနေက လမ်းကြောင်းမမှန်ဘူးလို့ ကျွန်တော် မြင်တယ်။ သူ့အနေနဲ့က တရားမ၀င်တဲ့ စစ်ကောင်စီနဲ့ပဲ ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့အခြေအနေမျိုးက ဒါသူ့ရဲ့လုပ်ဆောင်ချက်က ရာနှုန်းပြည့် အောင်မြင်မှု မရှိဘူးလို့ ခန့်မှန်းလို့ရတယ်”

ဘုရားသုံးဆူမြို့မှာ လူကုန်ကူးမှုနဲ့ ရာဇဝတ်မှုတွေများလာမှာကိုလည်း ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

အွန်လိုင်းငွေလိမ်ဂိုဏ်းတွေဟာ ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ် အနောက်ဘက်ကမ်းတစ်လျှောက်မှာ ရှိနေပြီး အရှေ့တောင်အာရှနိုင်ငံပေါင်း ငါးဆယ်ကျော်ကနေ လူကုန်ကူးခံထားရသူတွေကို အဲဒီ လုပ်ငန်းတွေမှာ အဓမ္မခိုင်းစေနေတယ်လို့ အမေရိကန်ငြိမ်းချမ်းရေးအင်စတီကျု (USIP) အစီရင်ခံစာ တစ်စောင်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။