တိုက်ပွဲပြင်းထန်နေတဲ့ မြဝတီမှာ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ ပုံမှန်လည်ပတ်နေဆဲ

RFA Burmese
2024.04.12
တိုက်ပွဲပြင်းထန်နေတဲ့ မြဝတီမှာ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ ပုံမှန်လည်ပတ်နေဆဲ ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုမြို့သစ်မှ အဆောက်အအုံတစ်ခုကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလက တွေ့ရစဉ်။
Photo: RFA

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့မှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားအစည်းအရုံး KNU/ PDF ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်နေပေမယ့် တရုတ်နဲ့ ထိုင်းနိုင်ငံသားတွေ ဦးစီးတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကတော့ ပုံမှန်လည်ပတ်နေဆဲပဲလို့ ဒေသခံတွေနဲ့ ကိုယ်တိုင်အလုပ်လုပ်ခဲ့သူတွေက ပြောပါတယ်။

တရုတ်၊ ထိုင်းနဲ့ စစ်ကောင်စီတို့ ပူးပေါင်းပြီး ပြီးခဲ့တဲ့ မတ်လအတွင်း ဖမ်းဆီးမှုတချို့ လုပ်ခဲ့တာကြောင့် ခေတ္တရပ်တန့်သွားပေမယ့် အခုဧပြီဆန်းပိုင်းကစပြီး ကျားဖြန့်လို့ခေါ်တဲ့ ငွေလိမ်လုပ်ငန်းတွေ ပုံမှန်အတိုင်း ပြန်လည်ပတ်နေတာ တွေ့ရတယ်လို့ ဆိုပါတယ်။

ကရင်အမျိုးသားတပ်မတော် (KNA) အဖြစ် အမည်ပြောင်းထားတဲ့ နယ်ခြားစောင့်တပ် (BGF) ထိန်းချုပ်ရာ ရွှေကုက္ကိုဒေသမှာ အခုချိန်ထိ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေအတွက် ဝန်ထမ်းခေါ်ယူနေဆဲလို့ ဒီအကြောင်းကိုသိတဲ့ မြဝတီမြို့ခံတစ်ဦးက ပြောပါတယ်။

“ရွှေကုက္ကိုမှာလေ ခေါ်နေတာတော့ ပလူပျံနေတာပဲ။ အများကြီးပဲ အခုရက်ထဲမှာပဲ ခေါ်နေတာ။ အခြေခံလစာ ဘတ်တစ်သောင်းခွဲ (ကျပ်ဆယ့်ငါးသိန်းနီးပါး) ဆိုတော့ ဒါကျားဖြန့်ပဲလေ။ ထွက်သွားတဲ့ တရုတ်တွေကလည်း ထွက်သွားကုန်ပြီ။ ဟိုရက်ကလည်း ဖမ်းပြီးတော့ တရားမဝင် နိုင်ငံခြားသားတွေဆိုပြီးတော့ တံတားအမှတ် (၂) ကနေ ပို့လိုက်တာ ထောင်ဂဏန်းလောက်ရှိတယ်”

မြဝတီမြို့ပေါ်၊ ရွှေကုက္ကိုနဲ့ KK Park မှာ လုပ်ကိုင်ရမယ့် အလုပ်ခေါ်စာတွေကို လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာတွေမှာ အခုရက်ပိုင်း မကြာခဏ တွေ့လာရတယ်လို့ သူက ဆိုပါတယ်။

နောက်ထပ် မြဝတီမြို့ခံတစ်ဦးကလည်း အင်္ဂလိပ်စာနဲ့ ကွန်ပျူတာသုံးတတ်ရင် Customer လို့ခေါ်တဲ့ အွန်လိုင်းကနေ ငွေလိမ်လည်လို့ရနိုင်မယ့်သူ ရှာဖွေရေးနဲ့ မက်ဆင်ဂျာကနေ စကားပြောဆိုရမယ့် အလုပ်တွေအတွက် အဓိက ခေါ်ယူနေတာလို့ RFA ကို ပြောပါတယ်။

“လူရှာရမှာ အွန်လိုင်းကနေ၊ ဖောက်သည်ဝန်ဆောင်မှု ပုံစံမျိုးပဲ လုပ်ရမှာ။ မြဝတီမှာလက်ရှိလုပ်နေတဲ့ အလုပ်ပေါ့နော်။ မြဝတီမှာက အတော်များများ ဒီအလုပ် (ကျားဖြန့်အလုပ်) ပါပဲ။ မိုးကုတ်တို့၊ တောင်ကြီးတို့၊ မော်လမြိုင်တို့ အဲဒီဘက်ကနေ တက်လာတဲ့လူတွေလည်းရှိတယ်”

ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်တဲ့ နယ်ခြားစောင့်တပ်ဖွဲ့ BGF ထိန်းချုပ်ရာ ရွှေကုက္ကိုမြို့သစ်စီမံကိန်းမှာ တရုတ်နဲ့ ထိုင်းအပါအဝင် နိုင်ငံခြားသားပေါင်းစုံက အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို ကာစီနိုလောင်းကစားရုံတွေအဖြစ် အမည်ခံပြီး လုပ်ကိုင်နေကြတယ်လို့ ကိုယ်တိုင်အလုပ်လုပ်ခဲ့ဖူးသူတစ်ဦးက RFA ကို ပြောပါတယ်။

ဒီပြောဆိုချက်‌တွေနဲ့ ပတ်သက်လို့ BGF တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဗိုလ်မှူးကြီး စောချစ်သူကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအတွင်း RFA ကမေးမြန်းစဉ်မှာတော့ အွန်လိုင်းငွေလိမ်ဂိုဏ်းနဲ့ဆက်စပ်တဲ့ နိုင်ငံခြားသားတွေကို သက်ဆိုင်ရာနိုင်ငံတွေက တောင်းခံလာရင် ပြန်ပို့ပေးနေပြီး ထပ်အဝင်မခံတော့ဘူးလို့ ပြောထားပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်း တရုတ်၊ ထိုင်းနဲ့ မြန်မာစစ်ကောင်စီတို့ ပူးပေါင်းပြီး မြဝတီက အွန်လိုင်းငွေလိမ်ဂိုဏ်းနဲ့ ဆက်စပ်တဲ့ တရုတ်နိုင်ငံသား ရှစ်ရာကျော်ကို ဖမ်းဆီးပြန်ပို့ခဲ့ကြောင်း တရုတ်လုံခြုံရေးဝန်ကြီးဌာနနဲ့ စစ်ကောင်စီ နှစ်ဖက်စလုံးက သတင်းထုတ်ပြန်ထားပါတယ်။

ဒါကြောင့် အခုနောက်ပိုင်း မြဝတီက အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ ထိုင်းနိုင်ငံသားတွေ ပိုများလာတယ်လို့ ဒီလုပ်ငန်းတွေနဲ့ နီးစပ်တဲ့ မြဝတီမြို့ခံတစ်ဦးက ပြောပါတယ်။

“တရုတ်တွေလုပ်လို့ မရတော့ဘူးဆိုတော့ ထိုင်းတွေ တစ်စခန်း ထလာတယ်။ အရင်တုန်းကတော့ တရုတ်နိုင်ငံသားတွေကိုပဲ ပစ်မှတ်ထားပြီး လုပ်တာကိုး။ အခု ထိုင်းက ကျားဖြန့်လုပ်ဖို့အတွက် လူတွေဝင်လာတာတွေ့တယ်။ ကာစီနိုတွေမှာ။ မြဝတီမြို့ပေါ်မှာရှိတဲ့ ကျားဖြန့်ကတော့ တရုတ်နဲ့ ထိုင်းပဲ သူတို့ လက်ခံတယ်”

အဲဒီလုပ်ငန်းတွေဟာ အရင်က အနောက်နိုင်ငံသားတွေကို ပစ်မှတ်ထားလိမ်လည်ရာကနေ အခု နောက်ပိုင်း အာရှနိုင်ငံသားတွေကို ပိုပြီးပစ်မှတ်ထား လိမ်လည်ကြတယ်လို့ သူက ဆိုပါတယ်။

"အခု ထိုင်းက ကျားဖြန့်လုပ်ဖို့အတွက် လူတွေဝင်လာတာတွေ့တယ်။ ကာစီနိုတွေမှာ"

ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ရန်ကုန်ရှိ တရုတ်သံရုံးနဲ့ ထိုင်းသံရုံးတွေကို RFA က အီးမေးပို့ မေးမြန်းထားပေမယ့် အကြောင်းမပြန်ပါဘူး။

ရန်ကုန်ရှိ တရုတ်သံအမတ် မစ္စတာ ချန်းဟိုင်ကတော့ ဧပြီလ ၁၁ ရက်နေ့က နေပြည်တော်မှာ စစ်ကောင်စီရဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ကို တွေ့ဆုံပြီး အွန်လိုင်းလိမ်လည်မှုနဲ့ လောင်းကစားမှုတွေကို ပူးတွဲတိုက်ဖျက်ဖို့ ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွေက ဖော်ပြထားပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ထိုင်းဘုရင့်တပ်မတော် ပူးပေါင်းစစ်ဆင်ရေး ညွှန်ကြားရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး Jakkapong Janpengpen တို့ကတော့ မြဝတီခရိုင်က အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို နှစ်နိုင်ငံပူးပေါင်းတိုက်ဖျက်ဖို့ နေပြည်တော်မှာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်နေ့ ကတည်းက တွေ့ဆုံဆွေးနွေးပြီး သဘောတူထားတာပါ။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း မြဝတီခရိုင်က အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) တွေကို ထိုင်းနဲ့ မြန်မာ ပူးပေါင်းနှိမ်နင်းမယ်လို့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလက ပြောခဲ့ပါတယ်။

ဒါပေမဲ့ အခုချိန်ထိ ပုံမှန်လည်ပတ်နေဆဲ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို ဘယ်လိုနှိမ်နင်းမလဲဆိုတာသိနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဧပြီလ ၁၂ ရက်နေ့က ဖုန်းခေါ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

ဒါကြောင့် စစ်တပ်အရာရှိဟောင်း နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးကတော့ မြဝတီက အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ တိုက်ဖျက်ရေးကိစ္စကို စစ်ကောင်စီတစ်ဖွဲ့တည်းနဲ့ ဆောင်ရွက်လို့မရဘူးလို့ ပြောပါတယ်။

“မဖြေရှင်းနိုင်ဘူးခင်ဗျ။ ဘာလို့လဲဆိုရင် တရုတ်နဲ့က အရမ်းအလှမ်းဝေးတယ်လေ။ ပြီးတော့ ပတ်ဝန်းကျင်မှာရှိတဲ့ လက်နက်ကိုင်တွေကလည်း တရုတ်သြဇာခံတွေ မဟုတ်ကြဘူးလေ။ အစဉ်အလာအရကို KNU က အနောက် (နိုင်ငံတွေဘက်) ယိမ်းတာကိုး။ ကျားဖျန့်နဲ့ပတ်သက်လို့ တရုတ်လိုလားချက်ကို ထိုင်းက ခေါင်းငြိမ့်မှာပဲ။ ပြီးတော့ သူရသလောက် သူဖမ်းပေးမှာပဲ။ ဒီနေရာက နိုင်ငံရေးသက်သက်နဲ့ မပြီးဘူး။ စီးပွားရေး သိပ်ကြီးတဲ့အခါကျတော့ စီးပွားရေးသမားတွေရဲ့ လွှမ်းမှိုးမှုတော့ ရှိနေမှာပေါ့နော်”

မြန်မာနိုင်ငံ မြဝတီမြို့ကနေ တရုတ်နိုင်ငံကို ပြန်မည့် တရုတ်နိုင်ငံသားများအား ထိုင်းနိုင်ငံ မဲဆောက်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၉ ရက်နေ့က တွေ့ရစဉ်။ (Photo: Mr Joe)
မြန်မာနိုင်ငံ မြဝတီမြို့ကနေ တရုတ်နိုင်ငံကို ပြန်မည့် တရုတ်နိုင်ငံသားများအား ထိုင်းနိုင်ငံ မဲဆောက်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၉ ရက်နေ့က တွေ့ရစဉ်။ (Photo: Mr Joe)

ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ တရုတ်လုပ်ငန်းရှင်တချို့ ပူးတွဲလုပ်ကိုင်နေတဲ့ မြဝတီခရိုင် သောင်းရင်းမြစ်ကမ်းဘေးက KK Park စီမံကိန်းမှာလည်း အွန်လိုင်းငွေလိမ်လုပ်ငန်း အများအပြားရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ မြဝတီမြို့က စစ်ကောင်စီတပ်ရင်းနဲ့ တပ်စခန်းတွေကို KNU/ PDF ပူးပေါင်းတပ်တွေက ဝန်းရံတိုက်ခိုက်ပြီး စစ်ရေးအရ အရေးသာနေပါတယ်။

ဒါကြောင့် မြဝတီမြို့ကို ထိန်းချုပ်နိုင်တဲ့အခါ ရွှေကုက္ကိုနဲ့ KK Park မှာရှိတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို ဘယ်လိုကိုင်တွယ်သွားမလဲဆိုတာသိနိုင်ဖို့ KNU ပြောခွင့်ရ ပဒိုစောတောနီးကို ဆက်သွယ်မေးမြန်းတဲ့အခါ ဒီလုပ်ငန်းတွေကို ထိုင်း၊ တရုတ်တို့နဲ့ ပူးပေါင်းနှိမ်နင်းသွားမယ်ဆိုတဲ့သူတို့ရဲ့ မူလရည်မှန်းချက်အတိုင်း မပြောင်းလဲဘဲ ဆက်လုပ်သွားမယ်လို့ ပြောပါတယ်။ အသေးစိတ်ထပ်မံဖြေကြားဖို့ကိုတော့ ငြင်းဆိုပါတယ်။

ထိုင်း-မြန်မာနယ်စပ် မြဝတီခရိုင်မှာ ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ပေါင်းစုံ ထိန်းချုပ်လှုပ်ရှားနေပြီး အွန်လိုင်းငွေလိမ်ဂိုဏ်းနဲ့ လူကုန်ကူးမှုတွေကြောင့် နိုင်ငံတကာမှာ နာမည်ဆိုးနဲ့ ကျော်ကြားပါတယ်။

အဲဒီရာဇဝတ်မှုတွေကို နှိမ်နင်းဖို့ မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ထိုင်း၊ တရုတ်နဲ့ လာအိုနိုင်ငံတွေက ဩဂုတ်လ ၂၂ ရက်နေ့က ကြေညာချက်ထုတ်ထားတာပါ။

ဆိုက်ဘာ ရာဇဝတ်ဂိုဏ်းတွေကို နှိမ်နင်းရေးအတွက် ရဲတပ်ဖွဲ့တွေ ပူးပေါင်းဆောင်ရွက်ဖို့ ညှိနှိုင်းရေးစင်တာတစ်ခုကိုလည်း ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ထူထောင်ထားပါတယ်။

ဒါပေမဲ့ လက်တွေ့မှာတော့ ထိရောက်တဲ့ နှိမ်နင်းနိုင်မှု မရှိသေးတာကြောင့် ထိုင်း-မြန်မာနယ်စပ်က အွန်လိုင်းငွေလိမ်ဂိုဏ်းတွေဟာ ပိုင်ရှင်တွေသာပြောင်းသွားပြီး လုပ်ငန်းတွေကတော့ ပုံမှန်အတိုင်း လက်ဆင့်ကမ်း လည်ပတ်နေတယ်လို့ မြဝတီမြို့ဒေသခံတွေနဲ့ ကိုယ်တိုင်အလုပ်လုပ်ခဲ့ဖူးသူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။