စစ်ကိုင်းတိုင်းမှာ ၁၀ လအတွင်း အရပ်သား ၄၀၀ ကျော် သေဆုံး

2021.12.01
စစ်ကိုင်းတိုင်းမှာ ၁၀ လအတွင်း အရပ်သား ၄၀၀ ကျော် သေဆုံး စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့မှာ ၂၀၂၁၊ ဧပြီ ၅ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြစဉ်
Photo: TAZE

စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းဟာ လက်နက်ကိုင်တော်လှန်မှု အရှိန်အမြင့်ဆုံးဒေသ တစ်ခု ဖြစ်လာနေပြီး စစ်ကောင်စီဘက်ကလည်း အင်အား အလုံးအရင်းနဲ့ ချေမှုန်းနေတာကြောင့် ၁၀ လ အတွင်းမှာ အရပ်သား ၄၀၀ ကျော် သေဆုံးခဲ့တာကို တွေ့ရပါတယ်။

အဲဒီထဲမှာ ရဲနဲ့ စစ်တပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးရတဲ့သူ ၃၀၉ ယောက်နဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနဲ့ ဒလန်သတင်းပေးလို့ စွပ်စွဲခံရပြီး PDF တွေရဲ့ သတ်ဖြတ်ခံရသူ ၁၀၅ ယောက် ပါဝင်ပါတယ်။

စစ်ကိုင်းတိုင်းက လက်နက်ကိုင်ခုခံမှုတွေနဲ့ သေဆုံးထိခိုက်မှုတွေမှာ ကလေးမြို့ တာဟန်းရပ်ကွက်က ခံတပ်သပိတ် ဖြိုခွင်းခံရမှုက အထင်ရှားဆုံး ဖြစ်ခဲ့ပါတယ်။

ချင်းပြည်နယ်နဲ့ နီးကပ်တဲ့ ကလေးမြို့ တာဟန်းခံတပ်ကို ရဲနဲ့ စစ်တပ်က မတ်လ ၂၈ ရက်နဲ့ ဧပြီ ၇ ရက် နေ့တွေမှာ လက်နက်ကြီးလက်နက်ငယ်တွေသုံးပြီး ပစ်ခတ်ဖြိုခွင်းခဲ့တာကြောင့် ဆန္ဒပြသူတွေဘက်က အနည်းဆုံး ၁၈ ယောက် သေဆုံးပြီး၊ ဒဏ်ရာရသူ အဖမ်းခံရသူ အများအပြား ရှိခဲ့ပါတယ်။

ဒါကြောင့် ဆန္ဒပြနေရုံနဲ့ မရတော့ဘဲ သေနတ်ကိုင်ပြီး ပြန်တိုက်မှ ရတော့မယ်လို့ နားလည်လာတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မင်းကင်းမြို့နယ် PDF တပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

"နောက်ဆုံး ဆုံးဖြတ်ချက် ချလိုက်တာက ကျနော်တို့ ဒီအတိုင်း ဆန္ဒပြနေရုံနဲ့ မရတော့ဘူး။ သူ့ဆီမှာ သေနတ်ရှိရင် ကိုယ်လည်း သေနတ်ရှိမှ ငြိမ်းချမ်ရေး ပြန်တောင်းလို့ရမယ့် အနေအထားဖြစ်တာမို့ ကျနော်တို့ လက်နက်ကိုင်ရမယ်လို့ တွေးမိတယ်။ ပြီးရင် လက်နက်ကိုင်တယ်ဆိုတာ ဘယ်လိုကိုင်ရမယ် ဆိုတာ ကျနော်တို့ လူငယ်တွေက မသိဘူး။ မသိတော့ EAOs တွေဆီမှာ သွားပြီးတော့ စစ်ပညာတွေ ဘာတွေ သင်တယ်ပေါ့၊ ဒီလိုမျိုး ခေတ်ဆိုး၊ စနစ်ဆိုးကို ကျနော်တို့ လက်ထက်မှာပဲ ခံစားပေါ့၊ နောင်လာ နောက်သားတွေ လုံး၀ မခံစားရအောင်ဆိုတဲ့စိတ်နဲ့ ဒီတော်လှန်ရေး စတင်ဝင်လိုက်တာပေါ့။ အမျိုးသား တွေ အပြင် အသက်ကြီးကြီး အမျိုးသမီးတွေကပါ သူတို့က မတိုက်နိုင်ဘူး၊ တိုက်နိုင်တဲ့သူတွေကို သူ့တို့ နားကပ်ကို ချွတ်ပေးပြီး လက်နက်ထုတ်ပါ၊ ကောင်းတဲ့လက်နက်ဝယ်ပြီးတော့ တိုက်ပါပေါ့။ စစ်ကိုင်းတိုင်း မှာတော့ စိတ်အားထက်သန်မှုက အမျိုးသမီးတွေပါ တော်တော်ထက်သန်တယ်လို့ ပြောလို့ရပါတယ်"

စစ်ကိုင်းတိုင်းမှာ မြို့နယ်ပေါင်း ၃၇ ခုရှိပြီး၊ မြို့နယ်အားလုံးနီးပါးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေ ရှိနေပါတယ်။ အဲဒီအပြင် အမည်မျိုးစုံနဲ့ နောက်ထပ်တပ်ဖွဲ့တွေလည်း ရှိနေတာကြောင့် လက်နက်ကိုင်တပ်ဖွဲ့ အနည်းဆုံး ၅၀ နီးပါး ရှိတယ်လို့ PDF တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ မြောင်မြို့နယ်မှာဆိုရင် အမျိုးသမီး စစ်သည်တော်များအဖွဲ့ သီးသန့် ဖွဲ့စည်းပြီးတဲ့နောက် ရဲကင်း စခန်းတွေကိုပါ အခြား PDF တပ်တွေနဲ့ ပူးပေါင်း တိုက်ခိုက်တာတွေ လုပ်ခဲ့ပါတယ်။

ခံယူချက်ပြင်းပြင်းနဲ့ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ပြီး တိုက်ပွဲဝင်နေတာလို့ မြောင်မြို့နယ် အမျိုးသမီး စစ်သည်တော်များအဖွဲ့ဝင် တစ်ယောက်က RFA ကို ပြောပါတယ်။

“လက်နက်ကိုင်လမ်းစဉ်ကို စပြီးတော့ လျှောက်လှမ်းလာတာဆိုရင် ညီမတို့စစ်ကိုင်းတိုင်းက ပထမဦးဆုံး လို့ ပြောရမယ်ပေါ့နော်။ တူမီးသေနတ်တွေနဲ့ တော်လှန်တိုက်ပွဲဝင်လာခဲ့တာဆိုရင် ဧပြီလ အလယ်လောက် ကတည်းကလို့ ထင်တယ်။ နောက်ဆုံးတော့ စစ်ကိုင်းတိုင်းထဲမှာရှိနေတဲ့ PDF အဖွဲ့တွေက ချိတ်ဆက်မှု အားကောင်းတယ်၊ ပြီးတော့ PDF အဖွဲ့တိုင်း၊ အဖွဲ့တိုင်းကလည်း အင်အားတွေက များများလာတယ်။ ဖိနှိပ်ခံပြည်သူတွေရဲ့အားကောင်းလာတယ်လို့လည်း ပြောလို့ရတယ်ပေါ့နော်။ ဒီအချက်တွေပေါ်မှာပဲ မူတည်ပြီးတော့ ခံယူချက်ပြင်းပြင်းနဲ့ လက်နက်ကိုင်လမ်းစဉ်ကို တော်လှန်တိုက်ပွဲဝင်ခဲ့ရတယ်”

စစ်ကိုင်းတိုင်းဟာ တတိယမြန်မာနိုင်ငံကို ထူထောင်ခဲ့တဲ့ အလောင်းမင်းတရားလို့ ခေါ်တဲ့ ဦးအောင်ဇေယျရဲ့ မွေးရပ်ဇာတိ ရွှေဘိုမြို့တည်ရှိရာ တိုင်းဖြစ်သလို ကုန်းဘောင်မင်းဆက် ၁၁ ဆက် စတင်ရာ ဒေသ ဖြစ်တာ ကြောင့် သမိုင်းအစဉ်အလာ ကြီးမားပြီး၊ အညာသူ အညာသား ဒေသခံတွေဟာ ဇာတိမာန်နဲ့ မျိုးချစ်စိတ် ပြင်းထန်ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်းထဲမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့အင်အားဟာ စတင်စုစည်းချိန်က တစ်ရွာကို လေးငါးယောက်ခန့်သာ ရှိရာကနေ လက်ရှိမှာ ဆယ်ဆလောက်အထိ တိုးတိုးလာပြီး အင်အား ကောင်းလာ တယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တွေက ပြောကြပါတယ်။

ဒီအချက်တွေကြောင့်ပဲ စစ်ကောင်စီဘက်ကလည်း အလောင်းမင်းတရား စစ်ဆင်ရေး ဆိုတဲ့ နာမည်ဝှက်သုံးပြီး လေကြောင်း၊ ရေကြောင်း၊ ကြည်းကြောင်း မျိုးစုံသုံးပြီး အင်အားအလုံး အရင်းနဲ့ ထိုးစစ်ဆင် ချေမှုန်းနေတယ် လို့ ဒေသခံတွေက ပြောပါတယ်။

သူတို့ဘက်လောက်ပဲ စစ်ဆင်ရေးလုပ်လုပ် စစ်အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းနိုင်လိမ့်မယ်လို့ ရွှေဘိုခရိုင်၊ ခင်ဦးမြို့မှာ လှုပ်ရှားနေတဲ့ တောကြီး မြွေဟောက်အဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

"သူတို့အနေနဲ့ ပြည်သူလူထုကို မျက်ကွယ်ပြုတဲ့အချိန်ကစပြီးတော့ ကျနော်တို့လည်း ရရာလက်နက်နဲ့ တော်လှန်မှသာလျင် အောင်မြင်မယ့်အတွက် ကျနော်တို့ လက်နက်ကိုင်ရခြင်း ဖြစ်ပါတယ်၊ သူတို့ ဘယ်လောက်ပဲ အလောင်းမင်းတရား စစ်ဆင်ရေးတွေ ဘယ်လိုပဲ လုပ်လုပ်ပေါ့ဗျာ၊ အောင်မြင်မှုတော့ သူတို့မရနိုင်ဘူး၊ ပြည်သူလူထုတစ်ရပ်လုံးက ဒီလိုတောင့်ခံပြီးတော့ ညီညွတ်နေမယ်ဆိုရင် ဒီအာဏာရှင် စနစ်ကြီး အမြစ်ပြတ်နိုင်မယ်လို့ ကျနော်တို့တို့က ရာခိုင်နှုန်းပြည့် ယုံကြည်နေတယ်ပေါ့ဗျာ”

ခင်ဦးတောကြီးမြွေဟောက်အဖွဲ့က အခုနိုဝင်ဘာလအထိ စစ်ကောင်စီသတင်းပေး ပျူစောထီးအဖွဲ့ဝင် ၆၀ ကျော်ကို ရှင်းလင်းပြီးပြီလို့ ဆိုပါတယ်။ ဒါနဲ့ပတ်သက်ပြီး RFA က သီးခြား အတည်ပြုနိုင်ခြင်း မရှိပါဘူး။

minkin-pdf.jpg
မင်းကင်း PDF တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ် (ဓာတ်ပုံ - မင်းကင်း PDF)

စစ်ကောင်စီ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကတော့ အလောင်းမင်းတရား စစ်ဆင်ရေး ဆိုတာကို ငြင်းဆိုထားပြီး၊ စစ်ကိုင်းတိုင်းမှာ PDF တွေရဲ့ အကြမ်းဖက်မှုတွေကြောင့် သူတို့ဘက်က နယ်မြေ တည်ငြိမ်အောင် လုပ်နေရတာလို့ RFA ကို ပြောပါတယ်။

“တပ်မတော်အနေနဲ့ သီးခြားစစ်ဆင်ရေးလုပ် ဆောင်ရွက်တာမရှိပါဘူး။ လုံခြုံရေးနဲ့ ကျနော်တို့ စစ်ကိုင်းမှာ ဖြစ်ပျက်နေတဲ့ အခြေအနေကလည်း တချို့ရွာတွေမှာဆိုရင် PDF အကြမ်းဖက် သောင်းကျန်းသူတွေ အနေနဲ့ ရွာမှာ စည်းရုံးတာတွေ ရှိတယ်။ ရွာမှာ စည်းရုံးပြီးမှ PDF မလုပ်ရင် ဒလန်ဆိုပြီးတော့ သတ်မယ် ဆိုပြီးတော့ ခြိမ်းခြောက်မှုမျိုးတွေ ရှိတယ်။ တချို့ရွာတွေမှာဆိုရင် မိသားစုလိုက် အသတ်ခံရတာတွေ မီးရှို့ခံရတာတွေရှိတယ်၊ အဲဒီမှာတော့ အမြန်ဆုံး တည်ငြိမ်မှု ရရှိရေးအတွက် လုံခြုံရေးဆိုင်ရာ ဆောင်ရွက် မှုများ ဆက်လက်ပြုလုပ်လျက် ရှိပါတယ်”

မုံရွာမြို့သား ကိုအောင်နေမျိုး ကတော့ စစ်ကိုင်းတိုင်းဟာ ပထမဆုံး လွတ်မြောက်မယ့်တိုင်း ဖြစ်လာမယ်လို့ သူ့အမြင်ကို ပြောပါတယ်။

“စစ်ကိုင်းတိုင်းက နိုင်ငံရေး ရေခံ၊ မြေခံ ကောင်းတာပေါ့နော်၊ အဲဒါကြောင့်မိုလို့ ဘယ်တော်လှန်ရေးပဲ ဖြစ်ဖြစ် အဖွင့်ကောင်းကို ကျနော်တို့က စဖွင့်ခဲ့ရတာပဲ။ ဗိုလ်ချုပ် အောင်ဆန်း တို့ခေတ် ကတည်းက နိုင်ငံရေး ရေခံ၊ မြေခံ ကောင်းခဲ့တယ်။ အဲဒါကြောင့်မိုလို့ အခု နွေဦးတော်လှန်ရေးမှာလည်း တိုက်ပွဲအဖြစ် အများဆုံး၊ တကယ်ပြောင်မြောက်တဲ့ တော်လှန်ရေးအား လမ်းပေါ်မှာ ဆန္ဒထွက်ပြတဲ့ အားကပေါ့နော်၊ မုံရွာကစပြီးတော့ တအားကောင်းခဲ့တာကိုး၊ အားက တဖြည်းဖြည်းကောင်းလာတာဗျ။ ကျသွားတာ မဟုတ်ဘူး၊ မီးတောက်က တစ်ဖြည်းဖြည်း မှိန်သွားတာမဟုတ်ဘဲနဲ့ အားကောင်းလာတယ်။ ကျနော် ထင်တယ် နောက်ဆုံး လွတ်မြောက်နယ်မြေ ပထမဆုံးရမယ်ဆိုရင်တောင် စစ်ကိုင်တိုင်းဘက်ခြမ်းကနေပဲ စရလာမယ်လို့ ထင်တယ်”

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေပေါ် အခြေခံပြီး RFA က ပြုစုထားတဲ့ စာရင်းတွေအရ ပြီးခဲ့တဲ့ ဇွန်လကနေ နိုဝင်ဘာလ ၆ ရက်အထိ ငါးလအတွင်း စစ်ကိုင်းတိုင်းမှာ တိုက်ပွဲပေါင်း ၅၉၇ ကြိမ်ဖြစ်ခဲ့ပြီး၊ အရပ်သားပြည်သူ ၂၇၄ ယောက်နဲ့ စစ်တပ်ဘက်က ၁၁၃၇ ယောက် သေဆုံးခဲ့တာ တွေ့ရပါတယ်။

NUG ရဲ့ လစဉ်ထုတ်ပြန်ချက်တွေ၊ ဒေသခံတွေရဲ့ ပြောဆိုချက်တွေနဲ့ ပြည်တွင်းသတင်းမီဒီယာတွေရဲ့ ရေးသားချက်တွေပေါ် အခြေခံပြီး RFA က သီးသန့်ပြုစုထားတဲ့ စာရင်းတွေအရ စစ်ကိုင်းတိုင်းမှာ ရဲနဲ့စစ်တပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှု၊ ဒေသခံပြည်သူ့ကာကွယ်ရေးတပ် PDF တွေရဲ့ လုပ်ကြံသတ်ဖြတ်မှုတွေကြောင့် စစ်အာဏာသိမ်း ၁၀ လအတွင်းမှာ အရပ်သား ၄၁၄ ယောက် သေဆုံးခဲ့ပါတယ်။

ဒါဟာ RFA က လက်လှမ်းမီသလောက် ကောက်ယူထားတဲ့ စာရင်းသာဖြစ်ပြီး စစ်ကိုင်းတိုင်းထဲက နယ်စွန်း နယ်ဖျား ကျေးရွာတွေမှာ လူမသိသူမသိ အသတ်ခံရ၊ သေဆုံးခဲ့ရသူတွေလည်း ရှိနိုင်ပါတယ်။

"ဒီတစ်တိုင်းလုံးကို PDF တွေနဲ့ ပကဖတွေနဲ့ စုပေါင်းပြီး အကုန်သိမ်းဖို့ပဲ ပထမအချက် ရည်ရွယ်ထားပါတယ်"

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မင်းကင်း PDF တပ်ဖွဲ့ဝင်တစ်ဉီးကတော့ စစ်ကိုင်းတိုင်းထဲက ရွာတွေမှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တယား ပျက်နေပြီလို့ RFA ကို ပြောပါတယ်။

“စစ်ကိုင်းတိုင်းထဲမှာ တော်တော်များများ မြို့နယ်တွေမှာတော့ ကျနော်တို့ PDF တွေအနေနဲ့က အုပ်ချုပ်ရေး ယန္တရားရော လူမှုဆက်ဆံရေး နေထိုင်ရေးယန္တရားတွေကအစ ကျနော်တို့ ရသလောက် သိမ်းထားပါတယ်။ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားတွေကတော့ တော်တော်များများ မရှိသလောက် ပါပဲ။ အခြားမြို့ပြ ဒေသတွေလောက်ပဲ ကျန်တယ်၊ တောနယ်တွေနဲ့ ခန်မှန်း ၄၀ ရာခိုင်နှုန်းလောက်တော့ ကျနော်တို့ဆီမှာ ရောက်နေပါပြီ။ အုပ်ချုပ်ရေးမှူးတွေဆိုရင် မရှိတာ ကြာလှပြီ။ ဒီတစ်တိုင်းလုံးကို PDF တွေနဲ့ ပကဖတွေနဲ့ စုပေါင်းပြီး အကုန်သိမ်းဖို့ပဲ ပထမအချက် ရည်ရွယ်ထားပါတယ်”

အရင်က ပြည်တွင်းစစ်ဆိုတာကို မကြုံဖူးတဲ့ စစ်ကိုင်းတိုင်းဒေသခံတွေဟာ လက်ရှိမှာ အပြင်းထန်ဆုံး တိုက်ပွဲတွေနဲ့ ရင်ဆိုင်နေရပြီး၊ တချို့ကျေးရွာတွေမှာ ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

မူဝါဒနဲ့ မဟာဗျူဟာ လေ့လာရေးအင်စတီကျူ (ISP Mynmar) ရဲ့ စာရင်းတွေအရ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းချိန်ကနေ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်အထိ ကိုးလကျော်ကာလအတွင်း စစ်ကိုင်းတိုင်းမှာ အိုးအိမ်စွန့်ခွာထွက်ပြေးရသူ စစ်ဘေးဒုက္ခသည် ခုနစ်သောင်းခွဲကျော် (၇၅,၂၅၀) ကျော် ရှိနေပါတယ်။

စစ်ကိုင်းတိုင်းဟာ ရှေးဘုရင်တွေ လက်ထက်ကတည်းက သတ္တိရှိတဲ့ သူရဲကောင်းတွေ ပေါ်ထွက်ခဲ့ဖူးတာ ကြောင့် လက်ရှိမှာလည်း တစ်တိုင်းလုံးနီးပါး ဇွဲရှိရှိနဲ့ စစ်အာဏာရှင်ကို ခုခံနေကြတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စာရေးဆရာတစ်ယောက်က RFA ကို မှတ်ချက်ပေး ပြောဆိုပါတယ်။

“စစ်ကိုင်းတိုင်းကိုပဲ အဓိထားပြီးတော့ ဖြိုကြတယ်။ ဘာလို့ဆို စစ်ကိုင်းတိုင်းသားတွေကလည်း သတ္တိ အပြောင်ဆုံးဆိုတာ သိတယ်။ ပထမအချက်က စားနပ်ရိက္ခာ ပေါတယ်၊ တောတောင်တွေ ရှိတယ်၊ ကုန်လမ်းရေလမ်းနဲ့ သွားလို့ အဆင်ပြေတာတွေ ရှိတယ်။ နောက်တစ်ချက်က တိုက်ပွဲ ခင်းကျင်းမယ့် နေရာတွေမှာ တောတောင်တချို့ တော်တော် ကောင်းတာတွေ ရှိတယ်။ နောက်တစ်ခုက ရှေးခေတ်က ဘုရင်တွေခေတ်မှာလည်း သူရဲကောင်း ရွေးတဲ့အခါမှာလည်း ဒီတိုင်း ဒီနယ်တဝိုက်က လူတွေပဲ ဖြစ်ထွန်း ပေါ် ပေါက်တာ ရှိတယ်။ အပူပိုင်း အညာသားတွေရဲ့ သတ္တိက အခြားတိုင်းတွေထက် အောက်ပိုင်းတွေထက် ပိုတာ၊ တော်တော်နဲ့ ဇွဲမလျှော့တဲ့ သဘော။ ဒါကြောင့်မို့ ဒီစစ်ကိုင်းတိုင်း က သူများတိုင်းတွေထက် ဇွဲရှိရှိနဲ့ တိုက်ပွဲဝင်နေကြတာပဲ”

ဒီအခြေအနေတွေကြောင့်ပဲ စစ်ကောင်စီက နိုဝင်ဘာ ၃၀ ရက်နေ့က စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်မှာ ဝါဒဖြန့် စာရွက်တွေကို ရဟတ်ယာဥ်တွေသုံး၊ ကြဲချပြီး PDF တွေနဲ့ ဒေသခံတွေကို ခြိမ်းခြောက်တာ၊ စည်းရုံး တာတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။