အစဉ်အလာထဲကရုန်းထွက်ရန် ပအိုဝ်းအမျိုးသမီးများ ရွေးကောက်ပွဲဝင်မည်

လာမယ့် နိုဝင်ဘာရွေးကောက်ပွဲမှာ ပအိုဝ်းတိုင်းရင်းသားပါတီတွေကနေ အမျိုးသမီး စုစုပေါင်း ခြောက်ယောက် ဝင်ပြိုင်ဖို့ရှိနေပါတယ်။ နိုင်ငံရေးမှာ အမျိုးသမီးပါဝင်မှု များပြားလာစေဖို့ ရွေးကောက်ပွဲ ဝင်ပြိုင်ကြတာလို့ ကိုယ်စားလှယ်လောင်းတွေက ပြောကြပါတယ်။

ပြည်ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ရဲ့ အမျိုးသမီး ကိုယ်စားလှယ်လောင်းနှစ်ဦးထဲက တစ်ဦးဖြစ်တဲ့ နန်းကြယ်စင်က ပအိုဝ်းဒေသမှာ အမျိုးသမီးတွေကို ဒုတိယအတန်းစားလို့ ရှုမြင်ကြတာကြောင့် အမျိုးသမီး တွေလည်း နိုင်ငံရေးစိတ်ဝင်စားမှုနည်းတယ်လို့ ပြောပါတယ်။

"ပအိုဝ်းအမျိုးသမီးတွေအနေနဲ့ နိုင်ငံရေးက ငါတို့နဲ့ မဆိုင်ဘူးလို့ မတွေးစေချင်ဘူး။ ရပ်ရွာမှာ အစည်းအဝေး တက်တာဖြစ်ဖြစ်၊ သတင်းတွေ ဖတ်တာဖြစ်ဖြစ်၊ ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်တဲ့ အခွင့်အရေးကို ရယူစေ ချင်တယ်''

အမျိုးသမီးတွေရဲ့အရေးကို မဲပေးပြီးတော့ပြုပြင်ပြောင်းလဲကြဖို့ မကြာသေးခင်က ပအိုဝ်းအမျိုးသမီးတွေနဲ့ တွေ့ဆုံရာမှာ တိုက်တွန်းခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

"မဲပေးတယ်ဆိုတာက ကိုယ့်ရဲ့အခွင့်အရေးဖြစ်တယ်။ အပြောင်းအလဲတစ်ခုကို မြင်ချင်တယ်ဆိုရင် မိမိကစပြီး ပြောင်းလဲဖို့ လိုတယ်လို့ မြင်တယ်။ လွှတ်တော်နိုင်ငံရေးမှ မဟုတ်ဘူး၊ ရပ်ရွာကနေလည်း ကျမတို့ စလို့ရတယ်။ အမျိုးသမီးတွေကို ရဲရဲလုပ်စေချင်တယ်''

အသက် ၂၇ နှစ်ရှိပြီဖြစ်တဲ့ နန်းကြယ်စင်က ဆီဆိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဖြစ်ပါတယ်။

သူက လူမျိုးစုအလိုက် ပအိုဝ်းအမျိုးသား နိုင်ငံရေးဆွေးနွေးပွဲ ဦးဆောင်ကော်မတီဝင်၊ ပအိုဝ်း အမျိုးသမီးသမဂ္ဂ တွဲဘက်အမှုဆောင်ဒါရိုက်တာ၊ အမျိုးသမီး စွမ်းရည်မြင့်သင်တန်းတစ်ခုရဲ့တာဝန်ခံစတဲ့ တာဝန်တွေထမ်းဆောင် ခဲ့ဖူးသူပါ။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO ရဲ့အမျိုးသမီး ကိုယ်စားလှယ်လောင်း လေးဦးထဲက တစ်ဦးဖြစ်တဲ့ နန်းသီတာ ညိုဝင်း က အမျိုးသမီးတွေဟာ အမျိုးသားတွေလိုပဲ ဆောင်ရွက်နိုင်တဲ့ အရည်အချင်းအသွေးရှိတယ်ဆိုတာပြသဖို့ ပအိုဝ်း အမျိုးသမီးတွေက ရှေ့တန်းကို ထွက်လာတာလို့ ပြောပါတယ်။

"ကြက်မပဲတွန်တွန်၊ ကြက်ဖပဲတွန်တွန် မိုးကတော့ အချိန်တန်ရင်လင်းမှာပဲ။ ယောကျ်ားလေးမှ လုပ်နိုင်တာ မဟုတ်ဘူး၊ မိန်းမတွေ အနေနဲ့လည်း စိတ်ဝင်စားရင် ဘာမဆို လုပ်နိုင်တယ်''

ပအိုဝ်းတိုင်းရင်းသားတွေက ရှမ်း၊ ကရင်၊ ကယား၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းတို့မှာ အများစုနေထိုင်ကြပြီး၊ပျဉ်းမနား၊ ပခုက္ကူမြို့ ကျေးလက်ဒေသတွေအပြင် ရန်ကုန်မှာလည်း နေထိုင်ကြပါတယ်။

ဒါကြောင့် ပအိုဝ်းလူဦးရေအများအပြားနေထိုင်တဲ့ မွန်ပြည်နယ်မှာ တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာရှိတဲ့အတွက် အသက် ၃၈ နှစ်အရွယ် နန်းသီတာညှိဝင်းက ပအိုဝ်းရေးရာဝန်ကြီးနေရာအတွက် ဝင်ပြိုင်မှာပါ။

မွန်ပြည်နယ် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှာ အမျိုးသမီးရေးရာ ကော်မတီတာဝန်ခံအဖြစ် တာဝန်ထမ်းဆောင် ခဲ့တဲ့ နန်းသီတာညိုဝင်းက လူငယ်အရေး၊ အမျိုးသမီးအရေး၊ ငြိမ်းချမ်းရေးနဲ့ ပရဟိတလုပ်ငန်းတွေမှာ တက်တက် ကြွကြွ လုပ်ဆောင်ခဲ့သူပါ။

အမျိုးသားတွေကြီးစိုးတဲ့ လူမှုအသိုင်းအဝိုင်းမှာ အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်ကို မေးခွန်းထုတ်လေ့ရှိတာကို မမှုဘဲ ကိုယ်တိုင်ခိုင်မာတဲ့ ခံယူချက်ကိုပြသဖို့လိုကြောင်းလည်းနန်းသီတာညိုဝင်းက ပြောပါတယ်။

"တချို့အလုပ်တွေမှာ ယောင်္ကျားတွေက မမြင်နိုင်တဲ့ စေ့စေ့စပ်စပ် အရာတွေကို အမျိုးသမီးတွေ တွေ့မြင် နိုင်တာလည်းရှိတယ်။ ဒါ ကျမရဲ့ တစ်ယောက်တည်း အမြင်ပေါ့နော်။ ပအိုဝ်းအမျိုးသမီးတွေ အနေနဲ့ နိုင်ငံရေးက ငါတို့အရာ မဟုတ်ပါဘူး၊ သွားစရာ မလိုဘူး၊ ယောင်္ကျားတွေ လုပ်လိမ့်မယ်ဆိုတဲ့ mindset (စိတ်သဘောထား) တွေ လျှော့ပြီးတော့ ဒီထက်မက ပါဝင်လာဖို့လိုတယ်''

ပအိုဝ်းဒေသမှာ အမျိုးသမီး လွှတ်တော်အမတ်မှ မဟုတ်ပါဘူး၊ အမျိုးသမီး ရွာသူကြီး၊ အုပ်ချုပ်ရေးမှူးလည်း မရှိသလောက်နည်းပါးပါတယ်။ ကျေးရွာ အစည်းအဝေးလုပ်တဲ့အခါမှာလည်း အမျိုးသားတွေပဲ တတ်ကြတာ များပါတယ်။

ဆီဆိုင်မြို့နယ်က ပအိုဝ်းတိုင်းရင်းသူ မွိုးဘဲ့ရဲ့ ပြောစကားကို နားထောင်ကြည့်ရင် အမျိုးသမီးတွေ ရုန်းကန်ရမယ့် အခြေနေကို မြင်နိုင်ပါတယ်။

"ယောင်္ကျားဆိုတာ အိမ်တစ်အိမ်ရဲ့ အိမ်ထောင်ဦးစီးလေ၊ ရိုသေရမယ်၊ ဦးစားပေးရမယ်။ အစစ အရာရာ သူတို့ပဲ ဆုံးဖြတ်ရတာ။ ဒါကြောင့် အစည်းအဝေး ခေါ်ရင်လည်း ယောင်္ကျားတွေပဲ သွားတာများတယ်။ သူ မအားလို့၊ အိမ်မှာ မရှိလို့ ဆိုရင်တော့ ကိုယ်က အစားသွားပေးရတယ်။ သွားနားထောင်ရုံပဲပေါ့။ ဆွေးနွေးတာ တွေက မလုပ်ရဲဘူး''

ပအိုဝ်းဒေသက ချို့တဲ့ဆင်းရဲတဲ့ မိသားစုတွေဆိုရင် သားယောင်္ကျားတွေကို ပညာသင်ခွင့်ရအောင် ဘုန်းကြီး ကျောင်းပို့ပြီး ကိုရင်ဝတ်ပေးတာရှိပေမယ့် သမီးမိန်းကလေးတွေကတော့ မီးဖိုချောင် အလုပ်တွေ လုပ်ရင်းနဲ့ပဲ ဘဝကိုဖြတ်သန်းကြရတာပါ။

ဒီလို အခြေအနေတွေအောက်မှာပဲ တိုင်းရင်းသား ဒေသအသီးအသီးက အမျိုးသမီးတွေက လွှတ်တော်ထဲ ရောက်အောင် ကြိုးစားနိုင်ခဲ့ကြတဲ့အတွက် ကျေနပ်မိတယ်လို့ ပအိုဝ်းအမျိုးသမီးသမဂ္ဂ အဖွဲ့(PWU) က နန်းခိုင်ဖူးက ပြောပါတယ်။

"သမီးမိန်းကလေးက အချိန်တန် ယောင်္ကျားယူရင် ယောင်္ကျားက လုပ်ကျွေးလိမ့်မယ်၊ ပညာတတ်စရာ မလို ဘူး။ သားယောကျ်ားကိုတော့ သူများသမီးကို လုပ်ကျွေးဖို့လိုတယ်၊ ပညာသင်ရမယ်ဆိုပြီး ယောကျ်ားလေးကို ဦးစားပေးတာတွေရှိတော့ အခု အမျိုးသမီးတွေ လွှတ်တော်ထဲ ပါလာတာကို ဝမ်းသာတယ်''

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ကနေ အမျိုးသား ၁ဝ ဦး ဝင်ပြိုင်ခဲ့ရာမှာ အနိုင်ရရှိ ခဲ့ပါတယ်။ ပအိုးဝ် အမျိုးသမီးတစ်ယောက် ဝင်ပြိုင်ခဲ့ပေမယ့် ရှုံးနိမ့်သွားခဲ့ပါတယ်။

ပအိုဝ်းတိုင်းရင်းသား လူဦးရေ ၁၂ သိန်းကျော်ရှိတယ်လို့ ၂၀၁၄ သန်းခေါင်စာရင်းမှာ ဖော်ပြထားပါတယ်။ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ရဲ့ ပြီးခဲ့တဲ့နှစ် စာရင်းအရ တစ်နိုင်ငံလုံးမှာ ၁.၅ သန်းဝန်းကျင်ခန့်ရှိတယ်လို့ သိရပါတယ်။