ပလက်ဝ စစ်ဘေးဒုက္ခသည် နှစ်သောင်းခန့် စားနပ်ရိက္ခာနဲ့ဆေးဝါး အရေးပေါ်လိုအပ်နေ

RFA Burmese
2024.10.16
ပလက်ဝ စစ်ဘေးဒုက္ခသည် နှစ်သောင်းခန့် စားနပ်ရိက္ခာနဲ့ဆေးဝါး အရေးပေါ်လိုအပ်နေ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် မြိတ်ဝကျေးရွာမှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့က တွေ့ရစဥ်။
Khine Murn Chun

အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်က စစ်ဘေးဒုက္ခသည် နှစ်သောင်းခန့် စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေပြီး အများစုလည်း ဒီနေ့အထိ နေရပ်မပြန်နိုင်ကြသေးဘူးလို့ ကူညီပေးနေသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။

ပလက်ဝမြို့နယ်က စစ်ဘေးဒုက္ခသည် တစ်သောင်းခွဲကျော်အပြင် အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ဘက်အခြမ်းမှာ ခိုလှုံနေရတဲ့ စစ်ဘေးဒုက္ခသည် လေးထောင်ကျော်ပါ အကူအညီတွေ လိုအပ်နေတာလို့ ဆိုပါတယ်။

စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေပြီး ဆန်ပြုတ်သောက်နေရသူတွေတောင် ရှိတယ်လို့ စစ်ဘေးဒုက္ခသည်စခန်း တာဝန်ခံတစ်ဦးက RFA ကို ပြောပါတယ်။

“အခက်အခဲဆုံး အများစုက စားဝတ်နေရေး‌ ကျပ်တည်းမှုဖြစ်တယ်။ စပါးတွေကို ချေးငှားပြီးမှ အဲဒီလိုမျိုး အရေးပေါ်ကိစ္စတွေကို ဖြေရှင်းရတဲ့ကိစ္စတွေ ရှိတယ်။ တချို့ဆိုရင် စားဖို့ အဆင်မပြေတဲ့ အနေအထားတွေလည်း ရှိတယ်။ ဆိုတော့ လိုအပ်ချက်က စားနပ်ရိက္ခာအတွက် လိုအပ်တယ်။ ပြီးတော့ ဆေးဝါးအတွက် လိုအပ်တယ်။ ဆေးဝါးက လက်လှမ်းမီသလောက်ပဲ ဝင်တဲ့အခါကျတော့ တစ်မြို့နယ်လုံးကို မခြုံနိုင်ဘူး”

ကုန်စည်ရှားပါးမှုကြောင့် မြို့ပေါ်မှာ ကုန်ဈေးနှုန်းတွေ အဆမတန် စျေးကြီးနေတယ်လို့လည်း ဆိုပါတယ်။

ဆန်ကြမ်းတစ်အိတ်ကို တစ်သိန်းခွဲ၊ ကြက်ဥတစ်လုံးကို တစ်ထောင်ကျော်၊ ဓာတ်ဆီတစ်ဂါလံ ခုနစ်သောင်းခွဲနဲ့ ကော်ဖီအထုပ်ကြီး တစ်ထုပ်ကို သုံးသောင်းကျပ်အထိပေးပြီး ဝယ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆေးဝါးတွေလည်း စျေးကြီးပေးရပေမဲ့ ကတ်လိုက်ဝယ်မရဘဲ တစ်ခါသောက်စာသာ ဝယ်လို့ရတော့တယ်လို့ ပလက်ဝမြို့နယ်၊ ဆမီးဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဆေးဝါးတို့ ဘာတို့၊ မုန့်ပဲသရေစာတို့၊ အစားအသောက်တွေဆိုရင် ဆောဘက်ကပဲ ကယ်ရီတို့ ဘာတို့ သယ်ကြတာ ရှိတယ်။ သူတို့ဘက်ကရောင်းပေးမှ ကျွန်တော်တို့က စားရတယ်။ ဆေးကတော့ ကတ်လိုက်တော့ မဝယ်နိုင်တော့ဘူးပေါ့။ တစ်ကြိမ်စာ၊ နှစ်ကြိမ်စာ အဲဒီလိုဝယ်တယ်။ တစ်ကြိမ်စာဆိုရင် သုံးထောင်လောက် ရှိတယ်”

အရင်က ရခိုင်ပြည်နယ် ကျောက်တော်ကနေ ကုန်စည်တွေကို သယ်ယူရောင်းချကြပေမဲ့ ၂၀၂၄ ခုနှစ်၊ နှစ်စပိုင်းကတည်းက သယ်ယူလို့ မရတော့တာကြောင့် ကုန်စည် ပြတ်လပ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။


ဆက်နွှယ်သောသတင်းများ

စစ်ရေးအရ အရေးပါတဲ့ ပလက်ဝမြို့ကို AA သိမ်းယူ

ပလက်ဝမြို့နယ်မှာ တိုက်ပွဲကြောင့် လူဦးရေထက်ဝက်ခန့် ထွက်ပြေးနေရ

ရန်ကုန်ရောက် ဆမီးစစ်ဘေးဒုက္ခသည်တွေ အကူအညီလိုအပ်နေ


လောလောဆယ်မှာ မကွေးတိုင်း‌၊ ဆောမြို့ဘက်ကနေ မင်းတပ်၊ မတူပီမြို့တွေကိုဖြတ်ပြီး ဆိုင်ကယ်နဲ့ ကုန်ပစ္စည်းတွေ သယ်ယူရောင်းချကြပေမဲ့ စစ်ရေးအခြေအနေကြောင့် အများအပြား သယ်ယူလို့မရဘူးလို့ ပလက်ဝဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ရခိုင်ကတော့ မရတော့ဘူး။ သူတို့တောင်မှ ဒီဘက်က သယ်ယူရတဲ့အပိုင်း ဖြစ်တယ်။ ပခုက္ကူဘက်ကဆိုရင်တောင် အဆင်မပြေဘူးဆိုတာက မင်းတပ်ရယ်၊ မတူပီရယ်၊ အဲဒီလိုဖြတ်ပြီးမှ လာရတဲ့လမ်းကြောင်း ဖြစ်တဲ့အခါကျတော့ နယ်မြေလုံခြုံရေးအရ သွားရေး၊ လာရေး အခက်အခဲဖြစ်တဲ့အပိုင်းပေါ့နော်။ ဒါက ပိတ်တယ်ဆိုတာထက် လုံခြုံရေးအရ သွားရေးလာရေးအတွက် အဆင်မပြေတဲ့အပိုင်း ဖြစ်တဲ့အခါကျတော့ ကျွန်တော်တို့ရဲ့ ကုန်စည်စီးဆင်းမှုက တော်တော်လေး အခက်တွေ့တာပေါ့”

မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ဘက်ကနေလည်း အကန့်အသတ်နဲ့သာ ကုန်စည်ဝယ်ယူလို့ရတာကြောင့် ကုန်ပစ္စည်းတွေ ရှားပါးနေတာလို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ အာရက္ခတပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်း မရှိသေးပါဘူး။

ချင်းပြည်နယ် ပလက်ဝနဲ့ ဆမီးမြို့ကို AA က အခုနှစ်၊ ဇန်နဝါရီ ၁၄ ရက်နေ့မှာ ထိန်းချုပ်ပြီးကတည်းက ကုန်ပစ္စည်း၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ ပြတ်လပ်လာတာကြောင့် ဒေသခံအများစု မြို့ကို စွန့်ခွာခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။