ပုသိမ်ကြီးမြို့နယ်က နေအိမ်တစ်သောင်းနီးပါးကို စစ်ကောင်စီ ဖယ်ရှားခိုင်း

RFA Burmese
2023.07.01
ပုသိမ်ကြီးမြို့နယ်က နေအိမ်တစ်သောင်းနီးပါးကို စစ်ကောင်စီ ဖယ်ရှားခိုင်း ပုသိမ်ကြီးမြို့နယ်အတွင်း ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၆ ရက် နောက်ဆုံးထားပြီး ဖျက်ပေးရမည့် နေအိမ်အဆောက်အအုံအချို့အား တွေ့ရစဉ်။
Citizen Journalist

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့အနီးက ကန်ကောက်၊ ဂွေးကြီးကုန်း၊ နန်းဦးလွင်၊ သမ္မတောနဲ့ ကုန်းတန်း စတဲ့ရွာတွေက နေအိမ်တစ်သောင်းနီးပါးဟာ လယ်ယာမြေတွေပေါ်မှာ နေအိမ် ဆောက်လုပ်ထားတာ ကြောင့် လယ်ယာမြေ ဥပဒေနဲ့ မညီတဲ့အတွက် ဖယ်ရှားဖို့ စစ်ကောင်စီက အမိန့်ထုတ်ခဲ့ပါတယ်။

စစ်ကောင်စီရဲ့ ပုသိမ်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နဲ့ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က ဇွန်လ ၂၆ ရက်မှာ သတိပေး အကြောင်းကြားစာ ကပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီအကြောင်းကြားစာထဲမှာ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ-၇ ရရှိထားတဲ့ မြေပေါ်မှာ တရားမဝင် အဆောက်အအုံတွေ ဆောက်လုပ်ထားတာကြောင့် ဇူလိုင်လ ၆ ရက် နောက်ဆုံးထားပြီး ဆောက်လုပ်ထားတဲ့ အဆောက်အအုံတွေကို ဖယ်ရှားရှင်းလင်း ရမယ်လို့ ဖော်ပြထားပါတယ်။

"တခြားနေရာမှာ ပြန်ဝယ်နိုင်ဖို့လည်း အဆင်မပြေဘူး။ အငှားဘဝနဲ့ပဲ ကျင်လည်ရမယ့် အနေအထားမှာရှိတယ်။ ပိုပြီး ခက်ခဲသွားမယ် ကျွန်တော်တို့ဘဝတွေက”

ကန်ကောက်ရွာအနီး လယ်ယာမြေပေါ်မှာ အဆောက်အအုံ ဆောက်ထားတဲ့ ဒေသခံတစ်ဦး ကတော့ နေအိမ်ဖယ်ရရင် သူတို့ရဲ့ လူမှုဘဝတွေ ပိုပြီး ခက်ခဲသွားတော့မယ်လို့ RFA ကို ပြောပါတယ်။

“၂၆ ရက်နေ့မှာ အရှေ့ကန်ကောက်ကို စဝင်တယ်။ မြေတိုင်းစာရေးတွေ၊ လုံခြုံရေးတွေ ပါတယ်။ အိမ်တွေမှာ  အနီရောင်ကြက်ခြေခတ်အမှတ်အသားနဲ့ ဘယ်လောက် မျဉ်းစောင်း ဘယ်လောက်ဆိုပြီးတော့ နံပါတ်တွေလာပြီးတော့ ရေးသွားတယ်။ ဒီဘက်မှာ နေတဲ့သူက လူပျို၊ လူလွတ်ရှားပါတယ်။ မိသားစုတွေ၊ ကလေးအငယ်တွေနဲ့ နေကြတာ များတယ်။ အခြေအနေက မတည်မငြိမ်ဖြစ်သွားတယ်။ တခြားနေရာမှာ ပြန်ဝယ်နိုင်ဖို့ လည်း အဆင်မပြေဘူး။ အငှားဘဝနဲ့ပဲ ကျင်လည်ရမယ့် အနေအထားမှာရှိတယ်။ ပိုပြီး ခက်ခဲသွားမယ် ကျွန်တော်တို့ဘဝတွေက”

ဒီမြေကို လွန်ခဲ့တဲ့ ခြောက်နှစ်က သိန်းတစ်ရာနီးပါးနဲ့ဝယ်ခဲ့ရပြီး အခုတော့ နေအိမ်တွေ မဖျက်ဖို့ သူ အပါအဝင် ဒေသခံတွေက အသနားခံစာတင်ထားတယ်လို့ ပြောပါတယ်။

မူလဒေသခံလယ်သမားတွေက ရွာအနီးလယ်ယာမြေတွေကို ပေ ၂၀-၄၀၊ ပေ ၄၀-၆ဝနဲ့ ပေ ၄၀-၄၀ အကွက်ရိုက်ရောင်းခဲ့တာလို့ ဝယ်ယူခဲ့သူတွေက ပြောပါတယ်။

အခုဖျက်ရမယ့်နေအိမ်တွေထဲမှာ အိမ်အခက်အခဲရှိသူတွေ၊ ကျူးကျော်ဆိုပြီး နေအိမ်တွေ ဖျက်ခံရလို့ ပြောင်းရွှေ့ နေထိုင်ကြတဲ့သူတွေပါဝင်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော် လိုတဲ့ ပုသိမ်ကြီးမြို့ခံတစ်ဦးက ပြောပါတယ်။

“ဖျက်ခိုင်းတယ်ဆိုတဲ့ နေရာတွေက မန္တလေးမြို့ရဲ့ အရှေ့မြို့ရှောင်လမ်း၊ ပြင်ဦးလွင်-မန္တလေးလမ်းမကြီးရဲ့ အရှေ့ဘက် နေရာတွေဖြစ်တဲ့အတွက် အင်မတန်အရေးပါပြီးတော့ အင်မတန်ကို နေရာကောင်းတယ်။ မြေတွေကို အဲလိုလုပ်လာတာ ၂၀၁၈-၁၉ နောက်ပိုင်း မှာ အကွက်ရိုက်ပြီးရောင်းတယ်။ အဆိုးဆုံး အုံနဲ့ ကျင်းနဲ့ အုပ်စုလိုက်ကြီးဖြစ်သွားတာက တော့ ၂၀၂၁ နောက်ပိုင်း မြို့ထဲမှာ ကျူးဆိုပြီးဖျက်ခံရတဲ့သူတွေ၊ နေစရာတော်တော် အခက်အခဲ ရှိတဲ့သူတွေ ဝယ်ကြတာပေါ့။ အခုအများဆုံးဖျက်ခံရတာလည်း အဲလိုနေရာ တွေက ဖျက်ခံရတာ”

ဒီမြေတွေကို အကွက်ရိုက်ရောင်းချတုန်းကရော အဆောက်အအုံ ဆောက်လုပ်နေချိန် တုန်းကပါ ဒေသအာဏာပိုင်တွေက သတိပေးတားဆီးမှုတွေ မလုပ်ခဲ့ဘူးလို့လည်း သူက ပြောပါတယ်။

ပုသိမ်ကြီးမြို့နယ်က အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်သူတစ်ဦးကတော့ လယ်ယာမြေတွေကို အကွက်ဖော် ရောင်းချတဲ့ ဈေးကွက်ဟာ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကတည်းက ဖြစ်ခဲ့တာလို့ ပြောပါတယ်။

ပုသိမ်ကြီးမြို့နယ်အတွင်း ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၆ ရက် နောက်ဆုံးထားပြီး ဖျက်ပေးရမည့် နေအိမ်အဆောက်အအုံတစ်လုံးအား တွေ့ရစဉ်။ (Photo: Citizen Journalist)
ပုသိမ်ကြီးမြို့နယ်အတွင်း ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၆ ရက် နောက်ဆုံးထားပြီး ဖျက်ပေးရမည့် နေအိမ်အဆောက်အအုံတစ်လုံးအား တွေ့ရစဉ်။ (Photo: Citizen Journalist)

၂၀၁၂ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ လယ်ယာမြေဥပဒေအရ လယ်ယာမြေကို ခွင့်ပြုမိန့်မရဘဲ အခြားနည်း သုံးစွဲခြင်း မပြုရလို့ ဖော်ပြထားပါတယ်။ မလိုက်နာရင် မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့က ဒဏ်ကြေးဆောင်ခိုင်းတာ၊ လယ်ယာမြေပေါ် ကနေ နှင်ထုတ်တာ၊ ခွင့်ပြု ချက်မရှိဘဲ ဆောက်ထားတဲ့အဆောက်အအုံတွေကို ဖယ်ရှားတာတွေ လုပ်နိုင်တယ်လို့ ဥပဒေမှာ ဖော်ပြထားပါတယ်။

ဥပဒေအရ ဒီလိုမြေကွက်တွေကို ဖယ်ရှားလို့ရပေမယ့် အရပ်သားတွေရဲ့နစ်နာမှုတွေကို ထည့်သွင်း စဉ်းစားသင့်တယ်လို့ တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောပါတယ်။

"ယခင်အစိုးရ လက်ထက်မှာတော့ အဲဒီလောက်အထိ ပြင်းပြင်းထန်ထန်မလုပ်ဘဲနဲ့ သက်ဆိုင်တဲ့သူတွေနဲ့ ခေါ်ယူပြီးတော့မှ ဒဏ်ကြေးတွေ သွင်းခိုင်းတယ်။ လိုအပ်တဲ့ ဖြေလျှော့မှုတွေပေါ့လေ အကုန်လုပ်ပြီးတော့ တရားဝင်ဖြစ်အောင် ဆောင်ရွက်ပေးခဲ့ တယ်။ တကယ်တမ်း ဖြစ်သင့်တာကျတော့ ခိုင်ခိုင်မာမာ အိမ်ကြီးရခိုင် ဆောက်လုပ်ထား တာတွေ ဆိုရင်တော့ သီးခြားစဉ်းစားသင့်တာပေါ့။ အိမ်ကြီးရခိုင် ဆောက်လုပ်မထား သေးတဲ့ မြေကွက်တွေဆိုရင်တော့ ပြန်ပြီးညှိနှိုင်းပြီးတော့ ဆောင်ရွက်တာ တစ်မျိုးပေါ့"

နေအိမ်တွေ ဖယ်ရှားခိုင်းတာနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာမရှိပါဘူး။

အာဏာသိမ်းပြီးနောက်ပိုင်း မန္တလေးမှာ မီးရထားဌာနပိုင်မြေ၊ လျှပ်စစ်တာဝါတိုင် နယ်နိမိတ်၊ ဆည်မြောင်းမြေနယ်နိမိတ်နဲ့ လမ်းနယ်နိမိတ်ကို ကျူးကျော်တာ စတဲ့ အကြောင်းပြချက်တွေနဲ့ နေ့စဉ်လိုလို နေအိမ်ဖျက်ဆီးဖယ်ရှားတာတွေ ရှိနေတယ်လို့ မန္တလေးမြို့ခံတွေက ပြောကြပါတယ်။

မန္တလေးတိုင်းက ရပ်ကွက်ပေါင်း (၁၃) ခု၊ အိမ်ခြေ တစ်ထောင်ကျော်၊ လူငါးသောင်း ဝန်းကျင် နေထိုင်တဲ့ မြစ်ငယ်တစ်မြို့လုံးနီးပါးကိုလည်း စစ်ကောင်စီက ၂၀၂၂ ခုနှစ်၊ မတ်လ မှာ ဖျက်ဆီးဖယ်ရှားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။