PDF တပ်ဖွဲ့ဝင်အချင်းချင်း ဖမ်းဆီးသတ်ဖြတ်မှုတွေကို NUG တားဆီးဖို့လို
2023.06.22
စစ်တပ်အာဏာသိမ်းတာကို လက်မခံဘဲ လက်နက်ကိုင်ခုခံတော်လှန်နေကြတဲ့ PDF တပ်ဖွဲ့အချင်းချင်းကြား သဘောထားကွဲလွဲမှုတွေကနေ အချင်းချင်းဖမ်းဆီးသတ်ဖြတ် ခံရမှုတွေ ဆက်ပြီးဖြစ်နေပါတယ်။
RFA က သီးခြားပြုစုထားတဲ့ အချက်အလက်တွေအရ အာဏာသိမ်းပြီးချိန်ကစလို့ ၂၀၂၃ ခုနှစ်၊ ဇွန်လအထိ နိုင်ငံတစ်ဝန်းမှာ PDF တပ်ဖွဲ့အချင်းချင်း ဖမ်းဆီးသတ်ဖြတ်မှု ဖြစ်စဉ်ငါးခုရှိခဲ့ပြီး ဒီဖြစ်စဉ်တွေအတွင်း PDF တပ်ဖွဲ့ဝင် ၁၉ ဦး သေဆုံးခဲ့ပါတယ်။
"လက်နောက်ပြန် ကြိုးတုပ်တယ်။ မျက်နှာအဝတ်စည်းပြီးတော့ ဆိုင်ကယ်ပေါ်ကို တင်သွားတာ"
၂၀၂၂ ခုနှစ် မတ်လက စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ PDFတပ်ဖွဲ့ဝင် ခြောက်ဦး၊ သြဂုတ်လက ဝက်လက် မြို့နယ်မှာ နှစ်ဦး သေဆုံးခဲ့ပါတယ်။ ဇူလိုင်လမှာ မကွေးတိုင်း ရေစကြိုမြို့နယ်မှာ PDF တပ်ဖွဲ့ဝင်တစ်ဦး သတ်ဖြတ်ခံရပါတယ်။ နိုဝင်ဘာလ ၂၃ ရက်မှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်မှာ PDF တပ်ဖွဲ့ဝင် အချင်းချင်း အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး ခြောက်ဦးသေဆုံးခဲ့ပါတယ်။
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် ရွှေပေါက်ပင်ရွာအနီးမှာ Zamani Revolution Force - မြင်းမူ/မြောင်တပ်ဖွဲ့ ခေါင်းဆောင် ကိုဇော်မိုး၊ တပ်ဖွဲ့ဝင်နှစ်ဦးနဲ့ အရပ်သားတစ်ဦးကို မြောင်မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁ ရက်က ဖမ်းဆီးခဲ့ပါတယ်။ နောက်၁၀ ရက်အကြာမှာ ဖမ်းဆီးခံရသူ လေးဦး သေဆုံးခဲ့ပါတယ်။
မြင်းမူမြို့နယ် ပဒတ္တိုင်းရွာအခြေစိုက်တဲ့ Zamani Revolution Force - မြင်းမူ/မြောင် တပ်ဖွဲ့ခေါင်းဆောင် ကိုဇော်မိုးဟာ မြောင်မြို့နယ်၊ မရိုးကုန်းကျေးရွာကို သွားတဲ့လမ်းမှာ ဖမ်းဆီးခံလိုက်ရတာလို့ အဲဒီအဖွဲ့ရဲ့ ဒုတိယ ခေါင်းဆောင် ကိုဒိုးကြီးက RFA ကိုပြောပါတယ်။
“သင်တန်းဆင်းပြီးပြန်သွားတဲ့ သူတွေကို မရိုးကုန်းရွာဘက်ကို လိုက်ပို့တာ။ အနောက်က ဆရာ(ကိုဇော်မိုး) က လိုက်လာတယ်။ သူတို့က သတင်းကြားပြီးတော့ အင်အားအလုံးအရင်းနဲ့ လာဖမ်းတယ်။ လက်နောက်ပြန် ကြိုးတုပ်တယ်။ မျက်နှာ အဝတ်စည်းပြီးတော့ ဆိုင်ကယ်ပေါ်ကို တင်သွားတာ။ အဲကတည်းကနေပြီးတော့ ဘာအဆက်အသွယ်မှ မရခဲ့ဘူး။ ဇွန်လကိုးရက်နေ့က ဆရာ့အမျိုးသမီးနဲ့ ကျွန်တော်တို့အဖွဲ့တွေသွားတော့ တွေ့ခွင့်မပေးဘူး။ ၁၀ ရက်နေ့မနက်မှာ မြောင်မြို့နယ်ထဲကအဖွဲ့က ကျွန်တော်တို့ကို လှမ်းဆက်သွယ်တယ်၊ လက်လွန် ဆုံးသွားပြီဆိုတဲ့ အကြောင်းကိုပြောတယ်”
မြောင်မြို့နယ်၊ မရိုးကုန်းရွာက တိုက်နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင် ကိုဖိုးထောင်ကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်မှာ သတ်ဖြတ်ခဲ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ဇာမဏီတပ်ဖွဲ့ခေါင်းဆောင် ကိုဇော်မိုးကို မြောင်မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က ဖမ်းဆီးခဲ့တာလို့ သူက ပြောပါတယ်။ ဒီဖြစ်စဉ်အတွက် အမှုမှန်ပေါ်ပေါက်စေချင်တယ်လို့ ကိုဒိုးကြီးက ပြောပါတယ်။
သေဆုံးသူတွေဟာ Zamani Revolution Force - မြင်းမူ/မြောင် အဖွဲ့ခေါင်းဆောင် အသက် ၄၀ အရွယ် ကိုဇော်မိုး၊ အဖွဲ့ဝင်တွေဖြစ်တဲ့ အသက် ၄၀ အရွယ် ကိုလှမျိုး၊ အသက် ၂၀ အရွယ် ကိုခန့်မင်းသာနဲ့ အသက် ၄၀ အရွယ် အရပ်သား ဦးစိုးဝင်းတို့ဖြစ်ပါတယ်။
စစ်ကိုင်းခရိုင်၊ အမှတ် ၁ တပ်ရင်း၊ တပ်ရင်းမှူး ဗိုလ်ယက္ခကတော့ ပြစ်မှုကျူးလွန် ထားရင်တောင် တရားရေးက စီရင်ဆုံးဖြတ်မှာဖြစ်ပြီး မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့အနေနဲ့ သေဆုံးတဲ့အထိ မလုပ်သင့်ဘူးလို့ မှတ်ချက်ပြုပြောဆိုပါတယ်။
“ကိုဇော်မိုး လုပ်ပါတယ်လို့ ခိုင်လုံတဲ့ သက်သေအထောက်အထားရှိရင် တရားရုံးမှာ တင်ပြပိုင်ခွင့်ရှိတယ်။ ဒီလိုဆို အမှုတွေ ထပ်တိုးမှာပဲလေ။ တရားရုံးနေပြီးတော့ ဒါကိုလက်ခံတယ်။ ယုံကြည်ရလောက်သော သက်သေအထောက်အထားရှိတဲ့ အတွက်ကြောင့် လက်ခံတယ်ဆိုရင် တရားရုံးက စစ်မှာပေါ့။ စစ်တဲ့အခါ ဒါသည် ဟုတ်တယ် သူကျူးလွန်ပါတယ်ဆိုရင်တော့ လူသတ်မှုဆိုတာ ကြိုတင်ရည်ရွယ်ချက်ရှိရှိ သတ်တယ်ဆိုရင် တရားရုံးက သေဒဏ်အနေနဲ့ ဆုံးဖြတ်မှာပဲ။ အဲဒီဟာကို စစ်ဆေးရေး အဖွဲ့တွေက သတ်ပစ်ရလောက်တဲ့အထိ သူတို့မှာ ဥပဒေအရ လုပ်ပိုင်ခွင့်မရှိဘူး”
ဒီသတ်ဖြတ်ခံရမှုဖြစ်စဉ်က အမျိုးသားညီညွတ်ရေးအစိုးရက ချမှတ်ထားတဲ့ စစ်ဘက် ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို ဆန့်ကျင်နေတာကြောင့် အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကို အသိပေးစာ ပေးပို့မယ်လို့ သူက ပြောပါတယ်။
ဒီဖြစ်စဉ်ကို ကျူးလွန်ခဲ့တဲ့ မြောင်မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ကတော့ အခြေအနေ အသေးစိတ်ကို မပြောနိုင်သေးဘူးလို့ RFA ကို ပြောပါတယ်။
“ကျွန်တော်တို့ အမှုတွဲတည်ဆောက်နေတုန်းဗျ။ တည်ဆောက်ပြီးတော့ ကျွန်တော်တို့ ပြည်ထဲရေး၊ အတွင်းဝန်ရုံးကို စာတင်ဖို့လုပ်နေတယ်ဗျ။ ပြီးတော့မှ ကျွန်တော်တို့ အဲဒါတွေဖြေလို့ရမယ်ဗျ”
ဝက်လက်မြို့နယ်က GZ Special Task Force – Wetlet ရဲ့ အဖွဲ့ခေါင်းဆောင် ကိုဂျီဇတ်ကတော့ ကာကွယ်ရေးတပ်ဖွဲ့တွေအချင်းချင်း ပေါင်းစည်းပြီး စစ်တပ်တစ်တပ်လို သွားနိုင်ဖို့လိုတယ်လို့ ထောက်ပြပါတယ်။
“သူတို့ (NUG - ကာကွယ်ရေးတပ်ဖွဲ့) အဖွဲ့ဝင်ပဲဖြစ်ဖြစ် တခြားအဖွဲ့ဝင်ပဲဖြစ်ဖြစ်၊ ပြည်သူပဲဖြစ်ဖြစ်၊ တရားရေးနဲ့ ပတ်သက်လာရင် အားလုံးက တပြေးညီပဲသွားရမှာပဲလေ။ ပြည်သူတွေကို အခွန်အခတွေကောက်ခံပြီး တပ်ရင်း၊ တပ်ဖွဲ့တွေကို လက်နက်ဆင်ပေး ခဲ့ပြီးတဲ့နောက် ဒေသကာကွယ်ရေးတပ်ဖွဲ့နဲ့ ပစ်ခတ်မှုတွေဖြစ်တယ်။ ဖမ်းတာ၊ ဆီးတာတွေလုပ်တယ်။ ကျွန်တော်အနေနဲ့ကတော့ စစ်တပ်တစ်တပ်လိုသွားမယ်ဆိုရင် တပ်နဲ့တူအောင်ပြုမှုလေ့ကျင့် နေထိုင်ကြဖို့ တိုက်တွန်းချင်တယ်ဗျ”
ဒီလို PDF တပ်ဖွဲ့ဝင်အချင်းချင်း ဖမ်းဆီးသတ်ဖြတ်မှုတွေအတွက် NUG ရဲ့ ပြည်ထဲရေး ဝန်ကြီးဌာနကလည်း သတင်းထုတ်ပြန်ထားတာ မရှိသေးသလို ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်ကို RFA က စာရေးသားပေးပို့မေးမြန်းခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
စစ်ကိုင်းတိုင်းအတွင်း အကြမ်းမဖက် အာဏာရှင်ဆန့်ကျင်ရေးကို ဦးဆောင်လှုပ်ရှားနေသူ တွေကတော့ NUG အနေနဲ့ PDF တွေကို စနစ်တကျ ထိန်းကျောင်းပေးဖို့လိုတယ်လို့ ထောက်ပြပါတယ်။
ဒီဖြစ်ရပ်တွေကိုကြည့်ရင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာရဲ့ စစ်သည်တော်ကျင့်ဝတ်တွေကို ဘယ်လောက်အထိ အကောင်အထည်ဖော်နိုင်လဲ ဆိုတာမေးခွန်းထုတ်စရာဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက ထောက်ပြပါတယ်။
“NUG က PDF တွေ စပြီးပေါ်တဲ့ချိန်မှာ အမိန့်ပေးကွပ်ကဲမှုစနစ် (Chain of Command) အကောင်အထည်ဖော်မယ်ဆိုပြီး လုပ်ခဲ့တယ်။ အဲဒီဟာနဲ့အတူ စစ်သည်တော်ကျင့်ဝတ်တွေလည်း အကောင်အထည်ဖော်မယ်ဆိုပြီး ပြောလာတယ်။ အဲဒီဟာတွေက ဘယ်လောက်အထိ အကောင်အထည်ဖော်နိုင်လဲဆိုတာ အခုဖြစ်စဉ်က မေးခွန်းထုတ်စရာရှိတယ်။ တရားလက်လွတ် ဖမ်းဆီးသတ်ဖြတ်တာတွေ၊ အင်အားသုံးပြီး အနိုင်ကျင့်တဲ့ဟာတွေကို မကြိုက်လို့ တော်လှန်နေကြတဲ့အချိန်မှာ တော်လှန်တဲ့သူတွေဟာ ကိုယ်မကြိုက်တဲ့ အဖွဲ့အစည်း (စစ်တပ်) လုပ်နေတဲ့ဟာမျိုးကို တော်လှန်ရေးတပ်ဖွဲ့တွေ လုပ်နေတာမကောင်းဘူးဆိုတာ ကျယ်ကျယ်ပြန့်ပြန့် နားလည်အောင်ကြိုးစားကြဖို့လိုတယ်”
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကတော့ PDF တပ်ရင်းတွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့၊ ပြောက်ကျားတပ်ဖွဲ့တွေ အနေနဲ့ စစ်သည်ဆိုင်ရာကျင့်ဝတ်စည်းကမ်းတွေ လိုက်နာဖို့၊ အမိန့်ပေးကွပ်ကဲမှုစနစ် (Chain of Command) မှာပါဝင်ဖို့နဲ့ PDF တပ်ဖွဲ့ဝင်တွေအကြား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြဖို့ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၅ ရက်က လမ်းညွှန်ချက်ထုတ်ပြန်ခဲ့ပါတယ်။
NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့အချက်အလက်တွေအရ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းမှာ PDF တပ်ရင်းနဲ့ စစ်ကြောင်း စုစုပေါင်း ၃၀၀ ကျော်အပြင် ရပ်ရွာအခြေပြု ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေကို မြို့နယ်ပေါင်း ၂၅၀ ကျော်မှာ ဖွဲ့စည်းထား ပါတယ်။