ကလေးမြို့မှာ PDF ထောက်ပို့လူငယ်ဖမ်းဆီးခံရပြီး နောက်ထပ် ဒေသခံ ၇၀ ကျော်ဖမ်းဆီးခံရ

2022.07.30
ကလေးမြို့မှာ PDF ထောက်ပို့လူငယ်ဖမ်းဆီးခံရပြီး နောက်ထပ် ဒေသခံ ၇၀ ကျော်ဖမ်းဆီးခံရ ကလေးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တပ်ဖွဲ့ဝင်တချို့အား တွေ့ရစဉ်
Photo: People's Defense Force Kalay-Battalion 1

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် ချမ်းမြေ့အောင်စည် နယ်မြေ (၁၂) ပင်လုံရပ်ကွက်မှာ နေ ထိုင်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ထောက်ပို့လူငယ် ကိုချစ်မင်းခန့်နဲ့ မိခင်ဖြစ်သူကို ပြီးခဲ့တဲ့ ဇူလိုင်လ ၂၈ ရက်နေ့ မနက်မှာ စစ်ကောင်စီတပ်သားတွေက ဖမ်းဆီသွားးခဲ့ပါတယ်။ အဲဒီနောက် ဇူလိုင်လ ၃၀ ရက် ဒီနေ့အထိ ကလေးမြို့က ဒေသခံ ၇၀ ကျော် ဆက်လက် ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေနဲ့ အဖမ်းခံရတဲ့ မိသားစုဝင်တွေက ပြောပါတယ်။

နောက်ဆက်တွဲအဖြစ် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်ထားတဲ့ ဆရာ၊ ဆရာမ တွေ၊ ဆရာဝန်တွေ၊ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူတွေနဲ့ ပရဟိတသမားတွေ အများဆုံး ဆက်လက်အဖမ်းခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"သူပြသမျှ စစ်ကောင်စီက ဖမ်းတော့တာပဲ။ ၇၀ ကျော်လောက် အဖမ်းခံထားရတယ်"

ကိုချစ်မင်းခန့်ရဲ့ ထုတ်ဖော်မှုကြောင့် ဇူလိုင်၂၈ ရက်နေ့ ညနေ ၆ နာရီမှာပဲ ကလေးတက္က သိုလ် ဘူမိဗေဒ ဒုတိယနှစ်ကျောင်းသူ နေအိမ်မှာ အဖမ်းခံလိုက်ရတယ်လို့ မိသားစုဝင် တစ်ဦးက RFA ကို ပြောပြပါတယ်။

"ပြီးခဲ့တဲ့ ကြာသာပတေးနေ့က အိမ်မှာလာဖမ်းသွားတယ်လို့ ပြောတယ်။ အဲဒီနေ့က အန်တီတို့က အိမ်မှာမရှိဘူး။ သမီးကို စစ်ဆေးစရာရှိတယ် အလှူငွေထည့်ထားတဲ့ စခရင်ရှော့ခ်တွေပြပြီး လိုက်ခဲ့ဆိုပြီး ခေါ်သွားတယ်။ ကြောက်စရာ မလိုဘူး၊ စိုးရိမ်စရာ မလိုဘူး၊ နင်တို့ အပြစ်မလုပ်ထားရင် ပြန်လွှတ်ပေးမှာ၊ နင်ငြင်းဖို့ မကြိုးစားနဲ့၊ ချစ်မင်း ခန့် ကားပေါ်မှာ ကိုယ်တိုင်ပါတယ်။ အဲလိုပြောပြီး ဖမ်းသွားတာ"

စစ်ကောင်စီတပ်သား အင်အား ၅၀ နီးပါးပါတဲ့ အဖွဲ့ကလည်း ကလေးမြို့ တာဟန်းရပ်ကွက်၊ ပြည်တော်သာ၊ ပင်လုံနဲ့ မြို့သစ်ကြီးစတဲ့ ရပ်ကွက်တွေမှာ မွှေနှောက်ရှာဖွေနေတယ်လို့ လည်း သူက ဆိုပါတယ်။

ကိုချစ်မင်းခန့်ဟာ ကလေးမြို့နယ် PDF တပ်ရင်း (၂) ကနေ လွန်ခဲ့တဲ့ ရှစ်လခန့်က သင် တန်းဆင်းခဲ့တာဖြစ်ပြီး လက်ရှိ ရန်ပုံငွေရှာတာနဲ့ အလှူငွေကောက်ခံတာတွေ လုပ်ပေးနေ သူလို့ ကလေး PDF အဖွဲ့က အတည်ပြုပြောပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးကတော့ အဖမ်းခံရခါနီးမှာ နေအိမ်ကနေ ထွက်ပြေးခဲ့ရတယ်လို့ RFA ကို ပြောပါတယ်။

"ကျနော်တို့က နာမည်နဲ့တကွ ထုတ်ပြန်ထားတာရှိတယ်။ ပြီးတော့ အိမ်ကိုလိုက်ပြမယ်။ ရောက်လာလို့ရှိရင် အိမ်ပါမီးရှို့မယ်လို့ သတင်းအတိအကျရထားလို့ အဲဒါကြောင့်ရှောင် ပြေးရတာ။ အလှူရှင်တွေ သူ့ဆီမှာ မဲထိုးတဲ့လူတွေ ပါတာပေါ့၊ သူ့ကို ကားပေါ်တင်ပြီး တော့ သူနဲ့ ဆက်စပ်တဲ့လူမှန်သမျှကို အကုန်လက်ညှိုးထိုးပြီးတော့ ဖမ်းခိုင်းတဲ့ပုံစံမျိုးနဲ့ အဲလိုပုံစံမျိုးနဲ့ ဖမ်းသွားတာ"

ကိုချစ်မင်းခန့်ဟာ ပြီးခဲ့တဲ့ဇွန်လက ကလေး PDF အတွက် အွန်လိုင်းပေါ်ကနေ မဲရောင်း ချထားပြီး အဲဒီမဲဝယ်ယူထားသူတွေ အများဆုံး အဖမ်းခံခဲ့ရတာလို့ သူက ဆိုပါတယ်။

ဒါ့အပြင် ပင်လုံရပ်ကွက်က ဒေသခံတွေကိုလည်း NUG ရဲ့နွေဦးထီထိုးတဲ့ကိစ္စနဲ့ လိုက်လံ ဖမ်းဆီးခဲ့တယ်လို့ ကလေးမြို့ခံတစ်ဦးက ပြောပါတယ်။

"အဓိကက ရန်ပုံငွေ ထီလက်မှတ်ဝယ်တဲ့ဟာလေ။ အဲဒါနဲ့ တိုးသွားကြတာ။ အဲဒီလိုပဲ ကြားတယ်။ စစ်တုန်းရှိသေးတယ်။ သူတို့ကိုကိုလေ"

kalay.jpg
ကလေးမြို့ ဗိုလ်ချုပ်လမ်းတွင် သွားလာနေသူတချို့အား ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့က တွေ့ရစဉ် (Photo: RFA)

ကိုချစ်မင်းခန့်ရဲ့ ဦးလေးနဲ့ အဒေါ်ဖြစ်သူတို့ဟာ စစ်ကောင်စီတပ် အသိုင်းအဝိုင်းကဖြစ်ပြီး သူ့ရဲ့ ထုတ်ဖော်ပြောဆိုမှုတွေဟာ တမင်ရည်ရွယ်တာဖြစ်နိုင်တယ်လို့ ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက စွပ်စွဲပါတယ်။

"တော်လှန်ရေးထဲမှာလည်း ထဲထဲဝင်ဝင်ပါတဲ့ သူတွေတော့ မဟုတ်ဘူး။ အများခန့်မှန်း ချက်အရတော့ ရည်ရွယ်ချက်ရှိရှိနဲ့ တော်လှန်ရေးထဲဝင်ပြီး ထဲထဲဝင်ဝင်စုံစမ်းပြီးမှ လိုက်ဖော်တဲ့သဘောပဲ။ စစ်ကောင်စီက ဖမ်းဖို့သတ်မှတ်ထားတဲ့သူ မဟုတ်ဘဲနဲ့တောင် သူကလမ်းမှာတွေ့ရင်လည်း ဒီလူလည်းဖမ်းပါ၊ ဟိုလူလည်း ဖမ်းပါနဲ့ မြို့ထဲမှာ နှစ်ရက် ကားထဲကနေ လိုက်ပြနေတာ။ သူပြသမျှ စစ်ကောင်စီက ဖမ်းတော့တာပဲ။ ၇၀ ကျော် လောက် အဖမ်းခံထားရတယ်"

လက်ရှိ ဖမ်းဆီးခံထားရတဲ့သူတွေကို ကလေးမြို့ ဒေသကွပ်ကဲရေးစစ်ဌာနချုပ် (ဒကစ) ထဲမှာ ထိန်းသိမ်းစစ်ဆေးနေတယ်လို့ သတင်းရထားကြောင်းလည်း သူက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းတစ်စုံတစ်ရာ ထုတ်ပြန်တာမျိုး မရှိသေး သလို စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကိုလည်း RFA ကဆက်သွယ်ပေမယ့် ညနေပိုင်းအထိ ဆက်သွယ်လို့ မရခဲ့ပါဘူး။

RFA က ပြုစုထားတဲ့ စာရင်းတွေအရ ကလေးမြို့မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ် ရေးတပ်တွေအကြား အပြန်အလှန် တိုက်ပွဲတွေကြောင့် နေအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ဒေသခံ ငါးသောင်းကျော် ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။