အမှန်တကယ်တိုက်နေသူတွေမပါတဲ့ ငြိမ်းချမ်းရေး လက်တွေ့အလုပ်မဖြစ်နိုင်

RFA Burmese
2023.01.05
အမှန်တကယ်တိုက်နေသူတွေမပါတဲ့ ငြိမ်းချမ်းရေး လက်တွေ့အလုပ်မဖြစ်နိုင် ကော်ဘရာပူးပေါင်းစစ်ကြောင်းတပ်ဖွဲ့ဝင်အချို့ကို တွေ့ရစဉ်။
Cobra Column

လက်တွေ့ကျတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဖော်ဆောင်ဖို့၊ နိုင်ငံရေး၊ အုပ်ချုပ်ရေးနဲ့ လုံခြုံရေးကိစ္စတွေ ဆောင်ရွက်ဖို့အတွက် စစ်ရေးလှုပ်ရှားမှုတွေကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်ကနေ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ တစ်နှစ် ရပ်စဲလိုက်ကြောင်း စစ်ကောင်စီရဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံးက ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်နေ့က ထုတ်ပြန်ပါတယ်။

အဲဒီကြေညာချက်မှာ အချက်ရှစ်ချက် ပါဝင်ပြီး ပြည်တွင်းငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ဆွေးနွေးဖို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာပါဝင်တဲ့ သက်ဆိုင်သူတွေ ဝိုင်းဝန်းကြိုးပမ်းကြဖို့ တိုက်တွန်းထားပါတယ်။

စစ်ကောင်စီနဲ့ နေပြည်တော်မှာ သုံးကြိမ်တိတိ လာရောက်ဆွေးနွေးခဲ့တဲ့ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) ရဲ့ ဒုတိယဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက တစ်ဖက်က အပစ်ရပ်စဲရေး ကြေညာထားပြီမို့ လက်ခံ၊ မခံကတော့ တိုင်းရင်းသားလက်နက်ကိုင် တစ်ဖွဲ့ချင်းစီပေါ်မှာပဲ မူတည်တယ်လို့ ပြောပါတယ်။

"တိုက်ပွဲဆိုတာကတော့ နှစ်ဖက်တိုက်တာ။ တစ်ဖက်က ရပ်မယ်၊ နောက်တစ်ဖက်က မရပ်ဘူးဆိုရင်လည်း မရဘူး။ အဲဒါကြောင့်မို့လို့ တစ်ဖက်ကရပ်တယ်လို့တော့ ကြေညာပြီးပြီဆိုလို့ရှိရင် နောက်တစ်ဖက်ကရော ရပ်မလား၊ အဲဒါကတော့ ကိုယ်ကတော့ ကံသေကံမ မပြောနိုင်ဘူး။ တစ်ဖက်က အပစ်ရပ်တယ်လို့ ကြေညာလိုက်ပြီး ဒီလိုရပ်ခြင်းသည် ဘယ်လိုပုံစံဖြစ်လာမလဲဆိုတော့ စောင့်ကြည့်ရမှာပေါ့။ အပစ်အခတ် ရပ်မလား၊ မရပ်ဘူးလားဆိုတာကတော့ တိုင်းရင်းသားလက်နက်ကိုင်တစ်ဖွဲ့ချင်းစီရဲ့ ဆန္ဒ၊ တစ်ဖွဲ့ချင်းစီရဲ့ လုပ်ဆောင်ချက်၊ တစ်ဖွဲ့ချင်းစီရဲ့ ရည်မှန်းချက်တွေအပေါ်မှာ အများကြီးမူတည်လိမ့်မယ်လို့ပဲ ထင်ပါတယ်"

နိုင်ငံတစ်ဝန်းက လက်နက်ကိုင်ပဋိပက္ခတွေ လျှော့ချနိုင်ဖို့ အခု ဇန်နဝါရီလထဲမှာပဲ စစ်ကောင်စီနဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး NCA လက်မှတ်ထိုးထားတဲ့ ခုနစ်ဖွဲ့ ထပ်တွေ့ဖို့ စီစဉ်ထားတယ်လို့လည်း သူက ပြောပါတယ်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) အပါအဝင် အပစ်ရပ် ငါးဖွဲ့ဟာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်းမှာ စစ်ကောင်စီရဲ့ ငြိမ်းချမ်ရေးဖော်ဆောင်မှု ကော်မတီနဲ့ တွေ့ဆုံပြီး ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ရွေးကောက်ပွဲကျင်းပရေးဆိုတဲ့ အဓိကအချက်တွေကို သဘောတူခဲ့ကြပါတယ်။

စစ်တပ်ဘက်က ငြိမ်းချမ်းရေးကို ပုံမှန်ကမ်းလှမ်းနေပြီး တိုင်းရင်းသားလက်နက်ကိုင်တွေ ဘက်က ဒါကို လက်ခံ၊ မခံ စောင့်ကြည့်ရမယ်လို့ စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးက ပြောပါတယ်။

"ငြိမ်းချမ်းရေးအတွက် အပစ်ရပ်ကာလကိုတော့ သူက (စစ်ကောင်စီ) ပုံမှန်လေး ထပ်တိုးပေးမှာပဲ။ ဒါကိုတော့ သူက လုံးဝ ထိန်းသိမ်းပေးထားတာပေါ့၊ ဒါပေမဲ့ အဲဒါနဲ့ပတ်သက်တဲ့ အကျိုးသက်ရောက်မှု ဘယ်လောက်ရောက်မလဲ၊ ဘယ်လောက် အထိ ထွက်လာမလဲဆိုတာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAOs) ကရော ဒါနဲ့ပတ်သက်ပြီး သေသေချာချာ ပူးပေါင်းဆောင်ရွက်မှု လုပ်နိုင်ပါ့မလား၊ ဒါကိုတော့ ကျနော်တို့ဆက်ပြီး စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ငြိမ်းချမ်ရေးသဘောတရားကတော့ ဆက်သွားနေမှာပဲ၊ သို့သော် အရမ်းကြီးလည်း ထိုးတက်လာတာမဟုတ်သလို ဆုတ်ယုတ်သွားတာလည်းမဟုတ်ဘူး။ ပုံမှန်ဘောင်တစ်ခုအတွင်းမှာပဲ သွားနေတယ်လို့ သုံးသပ်နိုင်ပါတယ်"

တိုင်းရင်းသားလက်နက်ကိုင်တွေကို ဖိတ်ခေါ်နေပေမယ့် အမှန်တကယ်တိုက်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ PDF တွေကို မဖိတ်သ၍ ငြိမ်းချမ်းရေးက ထူးလာမှာမဟုတ်ဘူးလို့ မွန်ပြည် ဖွံ့ဖြိုးရေးစင်တာ (MSDC) ညွှန်ကြားရေးမှူး နိုင်ဗညားမွန်က ထောက်ပြဝေဖန်ပါတယ်။

"အပစ်အခတ်ရပ်စဲရေး တစ်နှစ် ကြေညာတယ်။ တစ်ကယ်တွေ့ချင်ရင် အားလုံး ဖိတ်ခေါ်ပြီးတွေ့ရမှာပေါ့။ အခုက ဒီတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကို တွေ့မယ်၊ PDF နဲ့ NUG ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာမယ်၊ တိုက်မယ်ဆိုတဲ့ ပုံစံမျိုး။ အဲလိုပုံစံမျိုး အရင်ကလည်း လုပ်ဖူးတယ်။ အခုလည်း လုပ်တယ်။ ဒါက မထူးလာ နိုင်စရာရဲ့ အကြောင်းအချက်ဖြစ်တယ်။ နောက်တစ်ချက်က တစ်ကယ်တမ်း နိုင်ငံရေး ပဋိပက္ခကို ဖြေရှင်းနိုင်တဲ့အခင်းအကျင်းကို ဖန်တီးဖို့ဆိုရင် စစ်ကောင်စီရဲ့ အကြမ်းဖက်မှု အားလုံးကို ရပ်ဆိုင်းဖို့လိုတယ်။ ဒါကလည်း ကမ္ဘာက တောင်းဆိုနေတယ်၊ အာဆီယံက လည်း တောင်းဆိုချက်ထဲမှာလည်း ရှိတယ်။ နောက်တစ်ခု နိုင်ငံရေး အကျဉ်းသားအားလုံးကို လွှတ်ပေးဖို့လိုတယ်။ လူထုရဲ့ သူတို့အခွင့်အ‌ရေး လှုပ်ရှားမှုတွေ ကိုလည်း အသိအမှတ်ပြုဖို့ အဲဒါတွေ အရင်လုပ်ပြီးတော့မှ ငြိမ်းချမ်းရေးဆွေးနွေးပွဲက ထူးလာမှာ"

စစ်တပ်ဟာ ဒီလို အပစ်အခတ်ရပ်စဲရေးကို ၂၀၁၈ ခုနှစ်ကတည်းက စတင်ကြေညာခဲ့ပြီး အခု ငါးနှစ်ကြာတဲ့အထိ တိုးတက်မလာသေးဘူးလို့ နိုင်ငံရေး၊ စစ်ရေးနဲ့ တိုင်းရင်းသား အရေး လေ့လာသူတွေက ပြောပါတယ်။

"တစ်ကယ်တမ်း နိုင်ငံရေး ပဋိပက္ခကို ဖြေရှင်းနိုင်တဲ့အခင်းအကျင်းကို ဖန်တီးဖို့ဆိုရင် စစ်ကောင်စီရဲ့ အကြမ်းဖက်မှုအားလုံးကို ရပ်ဆိုင်းဖို့လိုတယ်"

ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး NCA မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို မစည်းရုံးနိုင်သေးသလို NCA ထိုးထားတဲ့ ၁၀ ဖွဲ့ထဲက ငါးဖွဲ့သာ နေပြည်တော်မှာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်း လာရောက်ဆွေးနွေးခဲ့ပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌကတော့ ၂၀၂၃ ဟာ ငြိမ်းချမ်းရေးအသီးအပွင့်ကို ခံစားရမယ့်နှစ် ဖြစ်တယ်လို့ ဇန်နဝါရီ ၁ ရက် နှစ်သစ်မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုပါတယ်။ မနှစ်ကလည်း ၂၀၂၂ ခုနှစ်ဟာ ငြိမ်းချမ်းရေးနှစ်ဖြစ်တယ်လို့ ပြောခဲ့ပေမယ့် လက်တွေ့မှာ ဘာမှ ထူးခြား မလာဘူးလို့ အကဲခတ်တွေက ထောက်ပြပါတယ်။

ငြိမ်းချမ်းရေးနဲ့ပတ်သက်ရင် အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့် လက်တွေ့ဖြစ်မလာဘဲ စစ်တပ်က အာဏာထပ်သိမ်းလိုက်တဲ့အတွက် စစ်အာဏာရှင်ပြုတ်ကျရေးကိုပဲ လုပ်ဆောင်ဖို့ ယတိပြတ် ဆုံးဖြတ်ထားတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောခွင့်ရ ပဒိုစောတောနီး က ပြောပါတယ်။

"ကျနော်တို့ဘက်ကတော့ များများစားစား ပြောစရာတော့ မရှိဘူး။ အဲဒီကိစ္စမှာလည်း အကြိမ်ပေါင်းမြောက်မြားစွာ ကျနော်တို့သဘောထားကို ပြောပြီးတဲ့နောက်မှာတော့ ဒီနှစ် ဒီကာလမှာ စစ်ကောင်စီကို ကျနော်တို့ တွေ့ဆုံဆွေးနွေးပွဲနဲ့ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံးအနေနဲ့က ကြိုးစားခဲ့ပြီးပြီ။ ရေကုန်ရေခမ်းကို ကြိုးစားခဲ့တယ်။ နောက်ဆုံးကျတော့ လုံးဝကို ဂရုမစိုက်ဘဲနဲ့ အကြမ်းနည်းနဲ့ အာဏာ သိမ်းလိုက်တဲ့အခါကျတော့ ကျနော်တို့ လုံးဝလက်ခံလို့ မရတော့ဘူး။ အဲဒါကြောင့် စစ်အာဏာရှင်ပြုတ်ကျရေးအတွက် ဇောက်ချပြီးလုပ်တယ်။ ကဏ္ဍပေါင်းစုံနဲ့ လုပ်ရမယ်"

စစ်တပ်ဟာ သမိုင်းတစ်လျှောက်မှာ ဘယ်တုန်းကမှ ကတိမတည်ခဲ့ဘူးလို့လည်း ပဒိုစောတောနီးက ဆိုပါတယ်။

peacetalk-5eaos.jpg
စစ်ကောင်စီ၏ ငြိမ်းချမ်ရေးဖော်ဆောင်မှုကော်မတီနှင့် NCA လက်မှတ်ထိုးထားသည့် အပစ်ရပ် ငါးဖွဲ့တို့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံစဉ်။ (Photo: gnlm)

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ အမှန်တကယ် တိုက်နေသူတွေနဲ့ ဆွေးနွေးနိုင်မှသာ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရလိမ့်မယ်လို့ သုံးသပ်ပါတယ်။

"တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ထိုးထားတဲ့ အဖွဲ့ ခုနစ်ဖွဲ့ နဲ့ လုပ်နေတာပါ။ သူတို့နဲ့ ငြိမ်းချမ်းရေးလုပ်နေလို့ကတော့ ဘာထူးမှာလဲ၊ ငြိမ်းချမ်းရေးက ရပြီးသားပဲဟာ။ အဲဒီအဖွဲ့တွေက အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ပေါင်းမသွားဖို့အတွက် ငြိမ်းချမ်ရေးဆိုတာကို လုပ်နေတာပါ။ ဖြေရှင်းချင်တယ်ဆိုရင် အကြမ်းဖက်အင်အားစုအဖြစ် သတ်မှတ်ထားတဲ့ အင်အားစုတွေကိုခေါ်ပြီးတော့ ငြိမ်းချမ်ရေးဆွေးနွေးပွဲလုပ်ဖို့လိုတယ်။ ဘာလို့လဲဆိုတော့ သူတို့ပြောနေတဲ့ အကြမ်းဖက် အင်အားစုဆိုတာတွေက ဆက်ပြီးတော့ တိုက်ခိုက်နေမှာ ဖြစ်ပါတယ်"

စစ်ကောင်စီဘက်က ငြိမ်းချမ်းရေးဖိတ်ခေါ်နေတာဟာ သူတို့အဖွဲ့ တရားဝင်ဖြစ်လာအောင် ကြိုးစားနေမှုသာဖြစ်ပြီး လာဆွေးနွေးနေတဲ့ အဖွဲ့တွေဟာလည်း တစ်ဖွဲ့ချင်းစီရဲ့ အကျိုးစီးပွားအတွက်သာ ဆွေးနွေးနေတာလို့ ဦးသန်းစိုးနိုင်က ဖြည့်စွက်ပြောဆိုပါတယ်။

၂၀၂၃ ခုနှစ်၊ ဩဂုတ်လမှာ စစ်ကောင်စီက ရွေးကောက်ပွဲလုပ်ဖို့ အပြင်းအထန် ကြိုးစားနေပြီး KIA နဲ့ KNU လို အင်အားကြီး တိုင်းရင်းသားအဖွဲ့တွေက ဒီရွေးကောက်ပွဲကို လုံးဝလက်မခံနိုင်ကြောင်း ဇန်နဝါရီ ၁ ရက် နှစ်သစ်မိန့်ခွန်းမှာ အသီးသီး ထုတ်ပြောထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲ ကို ရတဲ့နည်းနဲ့ ဆန့်ကျင်သွားမယ်လို့ ကြေညာထားတာကြောင့် အခု ၂၀၂၃ ခုနှစ်အတွင်း ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ တိုးတက်မလာနိုင်ဘဲ နိုင်ငံတစ်ဝန်း တိုက်ပွဲတွေသာ ပိုပြင်းထန် လာလိမ့်မယ်လို့ နိုင်ငံရေးနဲ့ စစ်ရေးအကဲခတ်တွေက ကြိုတင်ခန့်မှန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။