ဆွေးနွေးပွဲတွေဖြစ်လာမလား၊ တိုက်ပွဲတွေပြင်းထန်လာမလား


2019.08.15
army-622.jpg သြဂုတ်လ ၁၅ ရက်နေ့က ပြင်ဦးလွင် တပ်မတော်နည်းပညာ တက္ကသိုလ်နဲ့ နောင်ချိုစစ်ဆေးရေးဂိတ်ကို မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က တိုက်ခိုက်ခဲ့အပြီးတွေ့ရသော မြန်မာ့တပ်မတော်သားများ။
Photo: AFP

မြန်မာပြည်မြောက်ပိုင်းမှာ တပ်မတော်ကအပစ်ရပ်ထားမယ်လို့ ကြေညာသတ်မှတ်ထားတဲ့ကာလ မကုန်ဆုံးခင် နှစ်ပတ်အလို သြဂုတ်လ ၁၅ ရက်နေ့မှာ ပြင်ဦးလွင်မြို့က တပ်မတော်နည်းပညာ တက္ကသိုလ်နဲ့ နောင်ချိုစစ်ဆေးဂိတ်တွေကို AA/TNLA/ MNDAA မဟာမိတ်သုံးဖွဲ့က ဝင်တိုက်တဲ့ဖြစ်ရပ် ပေါ်ထွက်လာခဲ့ပါတယ်။

ဒါကြောင့် တပ်မတော်ဘက်က ထိရောက်ပြင်းထန်တဲ့ တုံ့ပြန်မှုမျိုးလုပ်လာလိမ့်မယ်လို့ မြန်မာ့ တပ်မတော်အရာရှိဟောင်းလည်းဖြစ်၊ ပြန်ကြားရေးဝန်ကြီးဟောင်းလည်းဖြစ်တဲ့ ဦးရဲထွဋ်က သုံးသပ်ပါတယ်။

“ဒီတိုက်ခိုက်မှုမှာ ကျနော်တို့ နှစ်ချက်တွေ့တယ်။ တစ်က တပ်မတော်အနေနဲ့ သူ့ရဲ့နယ်မြေစိုးမိုးရေး လုပ်ငန်းတွေမှာ ရန်သူ့သတင်းတွေရဖို့ ဆောင်ရွက်တဲ့အခြေအနေတွေကို ပြန်လည်သုံးသပ်ဖို့လိုပြီလို့ ကျနော်မြင်တယ်။ နှစ်က ဒါဟာဘာပဲပြောပြော တပ်မတော်ကို အကြီးမားဆုံး စိန်ခေါ်တိုက်ခိုက်တာဖြစ်တာမို့လို့ တပ်မတော်ဘက်ကဘယ်လိုနည်းနဲ့မှလက်ပိုက်ကြည့်နေလို့ရမှာ မဟုတ်တော့ဘူး။ ဒါဟာသူ့ရဲ့ဂုဏ်သိက္ခာဖြစ်တာကြောင့်မို့လို့ ထိရောက်ပြင်းထန်တဲ့ တုံ့ပြန်မှုမျိုး လုပ်လာလိမ့်မယ်လို့ ကျနော်မြင်ပါတယ်”

တပ်မတော်ဘက်က ထုတ်ပြန်တဲ့သတင်းထဲမှာလည်း အခုလိုဖော်ပြထားပါတယ်။ ၂ဝ၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့က ကြေညာခဲ့တဲ့ တပ်မတော်ရဲ့အပစ်ရပ်စဲမယ့် ပထမအကြိမ် ကြေညာ ချက်မှာ၊ အစိုးရအုပ်ချုပ်မှုယန္တရားအဆင့်တွင် လည်းကောင်း၊ လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေးတွင် လည်းကောင်း၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်နှင့် အကျိုးစီးပွားများကိုလည်းကောင်း ထိခိုက်မှုမဖြစ်အောင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေဘက်က၊တာဝန်ယူရမယ်။ ဖောက်ဖျက်လာရင် တပ်မတော်အနေနဲ့ လိုအပ်သလို တားဆီး ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ခဲ့ပြီးပြီဖြစ်တဲ့အတွက်၊ အခုအခါမှာတော့ လိုအပ်သည်များ ဆက်လက်ဆောင်ရွက်မယ်လို့ ဖော်ပြထားတာတွေ့ရပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်လို့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့သဘောထားကို မေးကြည့်တော့....

“ လတ်တလောဖြစ်နေတဲ့ တိုက်ခိုက်မှုတွေ ကြည့်မယ်ဆိုရင် ဒေသခံပြည်သူတွေရဲ့ထောက်ခံမှု ကျဆင်းနေတယ်။ ပြည်သူများကပေးတဲ့သတင်း ရရှိမှုနည်းပါးနေတယ်လို့တော့ ကျနော်တို့ မြင်ပါတယ်။ တနည်းအားဖြင့်တိုင်းရင်းသားပြည်သူများကပူးပေါင်းဆောင်ရွက်မှုနည်းနေတယ်။ အဲဒီတော့ နိုင်ငံရေးနည်းလမ်းအားဖြင့်လည်း တိုင်းရင်းသားများယုံကြည်လာအောင် လက်နက်ကိုင်နည်းလမ်းထက် နိုင်ငံရေးနည်းလမ်းကို ပိုပြီးတော့ဆောင်ရွက်လာအောင် တပြိုင်တည်းမှာပဲ ကျနော်တို့ စည်းရုံးလှုပ်ရှားနေရမှာပဲ ” လို့ ပါတီပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာဦးမျိုးညွန့်က ပြောပါတယ်။

အခုဆိုရင် လက်ရှိဖြစ်နေတဲ့တိုက်ပွဲတွေကြောင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ၂၁ ရာစုပင်လုံညီလာခံဟာ အောင်မြင်ဖို့ အတော်ခက်သွားပြီလို့ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က သုံးသပ်ပါတယ်။

ဒါနဲ့ပတ်သက်လို့တော့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာဦးမျိုးညွန့် က ...

“ တိုက်ပွဲတွေဖြစ်တယ်ဆိုရင် ပြည်တွင်းငြိမ်းချမ်းရေးအတွက်ကတော့ ဆိုးကျိုးတွေဖြစ်စေမှာ အမှန်ပါပဲ။ ဒါပေမယ့် ဖြစ်တဲ့တိုက်ပွဲတွေက ကျနော်တို့ညီနောင်တိုင်းရင်းသားအချင်းချင်းဖြစ်တဲ့ တိုက်ပွဲတွေဖြစ်တယ်။အဲတော့ တဖက်ကလည်း တပ်မတော်က အင်အားသုံးပြီးတော့ အကြမ်းဖက်လာတာကို ပြန်လည်တုံ့ပြန်ဖို့ကြိုးစားနေသလိုပဲ၊ နိုင်ငံရေးအင်အားစုတွေကလည်း ညီနောင်တိုင်းရင်းသားတွေကြားမှာ နားလည်မှုရရှိဖို့အတွက် ဆွေးနွေးညှိနှိုင်းဖို့၊ စေ့စပ်ဆွေးနွေးဖို့၊ တပြိုင်တည်းမှာ ကြိုးစားနေမှာဖြစ်ပါတယ်။ ၂၁ ရာစုပင်လုံက တိုက်ခိုက်မှုတွေကြောင့် ကျနော်တို့ ထိခိုက်မှုရှိနိုင်ပေမယ့် ရပ်တန့်သွားမှာတော့မဟုတ်ပါဘူး။ ကျနော်တို့က လုပ်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အမြဲတမ်းရှေ့ဆက်ပြီးတော့ လုပ်နေမှာဖြစ်ပါတယ် ”

ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ တပ်မတော်ရဲ့စိုးရိမ်မှုကရောဘာဖြစ်နိုင်မလဲ၊ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က အခုလိုထောက်ပြပါတယ်။

“တပ်မတော်အနေနဲ့က ငြိမ်းချမ်းရေးလုပ်တဲ့အခါမှာ အစိုးရဟာ ငြိမ်းချမ်းရေးကို အကြောင်းပြုပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်မယ်။ ပြင်တဲ့အခါမှာ တပ်မတော်ရဲ့အခန်းကဏ္ဍကို လျှော့ချလိမ့်မယ်ဆိုတာ စိုးရိမ်စိတ်တွေရှိနေတာပေါ့ ”

ဒါနဲ့ပတ်သက်လို့ လက်နက်ကိုင်တိုင်းရင်းသားတွေဘက်က ဘယ်လိုရှုမြင်ပါသလဲ။ AA ပြန်ကြားရေး တာဝန်ခံ ခိုင်သုခက …..

“ တကယ်ပင်လုံညီလာခံလုပ်ရင်လည်း ဘာမှထူးလာစရာအကြောင်းမရှိဘူး။ ဘာဖြစ်လို့လဲဆိုရင် အခုတိုက်နေတဲ့အထဲမှာ ဗမာပြည်မှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ အားလုံးရဲ့အင်အား ၈၅ ရာခိုင်နှုန်း လောက်ဟာ NCA မထိုးတဲ့အဖွဲ့အစည်းတွေမှာရှိတယ်။ ဆိုတော့ ကျန်တဲ့ ၁၅ ရာခိုင်နှုန်းလောက်ပဲ အင်အားရှိတဲ့လူတွေနဲ့ ပင်လုံညီလာခံကို ဘယ်လောက်ပဲကျင်းပကျင်းပ ပြည်တွင်းစစ်ကပြီးသွားမှာ မဟုတ်ဘူး။ ဆိုတော့ အဲဒါကြောင့်တကယ်သာ ဗမာပြည်ငြိမ်းချမ်းရေးရချင်တယ်ဆိုရင်တော့ အားလုံးသဘောတူညီနိုင်တဲ့၊ ကိုယ့်ကံကြမ္မာကိုဖန်တီးခွင့်အပြည့်ရှိတဲ့၊ ပြည်ထောင်စုစနစ်ကိုသွားဖို့ လိုတယ်။ အဲဒါမှရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရပြီးတော့ အတူတကွနေနိုင်မှာပေါ့။ မဟုတ်ဘူး ဆိုရင်တော့ သိပ်မလွယ်ဘူး ”

ဒါနဲ့ပတ်သက်လို့ AA နဲ့ မဟာမိတ် TNLA တအာင်းလွတ်မြောက်ရေးတပ်ရဲ့သဘောထားကို သိရအောင် အဖွဲ့ပြောခွင့်ရသူ ဗိုလ်မှူးတာ့အိုက်ကျော်ကို RFA ကဆက်သွယ်ပေမယ့်မရခဲ့ပါဘူး။

NLD ပါတီအနေနဲ့တော့ တိုင်းရင်းသားတွေရဲ့တန်းတူညီမျှရေးကို ဦးစားပေးပါတယ်လို့ ဒေါက်တာဦးမျိုးညွန့် ကပြောပါတယ်။ ဒါ့အပြင် တိုင်းရင်းသားတွေ ပိုပြီးလက်ခံလာနိုင်အောင်လည်း မူဝါဒတွေ ပြင်ဆင်ဖို့ NLD အနေနဲ့ စဉ်းစားနေတယ်လို့ ဒေါက်တာဦးမျိုးညွန့်က ပြောပါတယ်။

(RFA ဝိုင်းတော်သား ကိုနေရိန်ကျော်တင်ပြသည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။