အနုပညာနဲ့ တော်လှန်ရေး လုပ်နေကြသူများ
ဆယ်စုနှစ်ပေါင်းများစွာ စစ်အာဏာရှင် လက်အောက်မှာနေခဲ့ရတဲ့ မြန်မာပြည်သူတွေဟာ လင်းလက်လာတဲ့ ဒီမိုကရေစီ ရောင်ခြည်လေးရဲ့အရသာကို ခံစားဖူးလိုက်ပြီးတဲ့နောက် စစ်အာဏာရှင် လက်အောက်ကို ပြန်သွားရမှာကို အကြောက်ကြီး ကြောက်ကြပါတယ်။ ဒါကြောင့် ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းလိုက်တဲ့အခါ နည်းပေါင်းစုံနဲ့ ဆန္ဒပြ တော်လှန်ကြပါတယ်။ အသက်ပေးသူပေး၊ မိသားစုကို စွန့်ခွာသူက စွန့်ခွာ၊ အကျဉ်းကျ ခံသူက ခံရ၊ အဆင်သင့်ရာ နေရာမှာ ပုန်းသူက ပုန်းအောင်းနဲ့ စစ်အာဏာရှင် စနစ်အောက် ပြန်မရောက်ရေး အသက်တွေ၊ ဘဝတွေနဲ့ရင်းပြီး တိုက်ခိုက်နေကြပါတယ်။
နိုင်ငံတကာရောက်နေတဲ့ မြန်မာတွေကလည်း ငွေအား၊ လူအား၊ အကြံဉာဏ်အား၊ အချိန်နဲ့ အနုပညာအား အပါအဝင် ကိုယ်ကျွမ်းကျင်ရာအားထုတ်မှုပေါင်းစုံနဲ့ ပြည်တွင်းက မြန်မာ လူထုကို တတ်နိုင်တဲ့ဘက်က ပံ့ပိုးအားကူ ကြပါတယ်။ အဲဒီအထဲမှာ ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့က အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား ပြည်နယ်၊ Los Angeles မြို့မှာ နွေဦးတော်လှန်ရေး ရန်ပုံငွေရရှိရေးအတွက် ပြုလုပ်ခဲ့တဲ့ ‘နေသာတဲ့နေ့’ တေးပြဇာတ်ကို စီစဉ်တင်ဆက်သူတွေလည်း ပါဝင်ပါတယ်။
“နေသာတဲ့နေ့ကို ၂၀၂၁ ခုနှစ် နွေနှောင်းပိုင်းမှာ စပြီးရေးခဲ့ပါတယ်။ ဒီဇာတ်ထဲမှာပါမယ့် ဇာတ်ကောင်တွေကို ဖန်တီးဖို့ တော်လှန်ရေးမှာ တကယ်ပါဝင် လှုပ်ရှားနေသူတွေနဲ့ ဆက်သွယ်မေးမြန်းပြီး ဖန်တီးထားတာပါ။ နေသာတဲ့နေ့ဟာ ခိုင်မာတဲ့ဇာတ်အိမ်နဲ့ ဇာတ်ကောင်တွေကို မြန်မာ့ရိုးရာဂီတ၊ အက၊ Modern Dance တွေနဲ့ ရင်နင့်အောင် ခံစားရတဲ့ ကဗျာရွတ်ဆိုမှုတို့ ပေါင်းထားတာပါ။ အနုပညာဆိုတဲ့ အရာဟာ ဖိနှိပ်မှုကို တွန်းလှန်တဲ့နေရာမှာ အင်မတန် အစွမ်းထက်တဲ့လက်နက်လို့ ဆိုကြပါတယ်။ အနုပညာရဲ့ သက်ရောက်မှုကို ငွေအားတစ်ခုတည်းနဲ့ တိုင်းတာလို့ မရပါဘူး။ ကျနော်တို့ အနုပညာရှင်တွေရဲ့ ပါဝင်လှုပ်ရှားမှုကလည်း ပြည်သူတွေရဲ့ ဆန္ဒကို ထုတ်ဖော်တဲ့ နေရာမှာ အများကြီး အကျိုးသက်ရောက်မှု ရှိစေပါတယ်။”
ဒီတေးပြဇာတ်အတွက် ဇာတ်ညွှန်းရေးတာကစလို့ ဒါရိုက်တာလုပ်ပြီး ညွှန်ကြား ဖန်တီးတာအဆုံး တာဝန်ယူခဲ့တဲ့ ဦးသက်ဝင်း ပြောပြခဲ့တာပါ။
လက်ရှိ မြန်မာပြည်သူတွေ ခံစားနေရတဲ့ ဒုက္ခ၊ သောကတွေကို တေးသီချင်းဇာတ်လမ်းမှာ ကဗျာရွတ်ဆိုမှု၊ ပါဖောင်းမန့်အနုပညာ၊ အကတွေ၊ ငိုချင်းတွေ စုံစုံလင်လင်နဲ့ တွဲစပ် တင်ဆက်ခဲ့တဲ့ ဒီတေးပြဇာတ်ကို ဦးဆောင်သူတွေထဲမှာ အကယ်ဒမီ ရုပ်ရှင်မင်းသမီး မေဝင်းမောင်လည်း ပါဝင်ပါတယ်။
မြန်မာပြည်သူတွေရဲ့ဒုက္ခတွေကို တစ်ဖက်တစ်လမ်းက ကူညီဖို့ အနုပညာရဲ့စွမ်းအားကို ယုံကြည်စွာ ပူးပေါင်း တင်ဆက်ခဲ့ပါတယ်လို့ သူက ပြောပါတယ်။
“လူသားတွေနဲ့ အနုပညာဟာ အမြဲတမ်း ဆက်နွှယ်နေပါတယ်။ ကျမတို့တွေရဲ့ ခံစားမှုတွေဖြစ်တဲ့ ပျော်ရွှင် ကြည်နူးရမှုတွေ၊ ဝမ်းနည်းပူဆွေးရမှုတွေ၊ ချစ်ခင်မှုတွေ၊ မကျေမနပ် ဒေါသထွက်မှုတွေ၊ စတဲ့ ခံစားချက်တွေကို တင်ပြတဲ့ နေရာမှာ အနုပညာနဲ့ တင်ပြတာ အလွန်ပဲထိရောက်ပါတယ်။ ဒါကြောင့်မို့လို့ အခု မြန်မာပြည်တစ်ဝန်းမှာ ကျမတို့ မြန်မာ ပြည်သူ၊ ပြည်သားတွေ ခံစားနေရတဲ့ အခက်အခဲတွေ၊ ဒုက္ခဆင်းရဲတွေ၊ ဝမ်းနည်းပူဆွေးရမှုတွေကို လူသားချင်း စာနာထောက်ထားပြီး ကူညီရိုင်းပင်းချင်တဲ့ စိတ်တွေဖြစ်လာရအောင် တကယ့် အဖြစ်အပျက်တွေကို အခြေခံပြီး ကျမတို့ နေသာတဲ့ နေ့ ဆိုတဲ့ တေးပြဇာတ်လေးကို တင်ဆက်ကပြရခြင်းပဲ ဖြစ်ပါတယ်။ ပါဝင်ခဲ့ရမှု ကိုလည်း အားရကျေနပ်ပါတယ်။ ကျမတတ်ကျွမ်းတဲ့ အနုပညာနဲ့ သရုပ်ဆောင်ခဲ့တာ အပြင် Cast Members တွေကို သရုပ်ဆောင်မှုတွေ ကအစ ကကွက်လေးတွေအဆုံး လိုအပ်ရင် လိုအပ်သလို ကူညီခဲ့ပါတယ်။ ပြီးတော့လည်း ဒီနေသာတဲ့နေ့မှာပါတဲ့ သီချင်းသစ်အများစုရဲ့ စာသားတွေကို ကျမရေးပေးခဲ့ပါတယ်။ ခြုံပြောရရင် ကျမပါဝင် ပတ်သက်ကူညီခဲ့ရမှု အပေါ်မှာ ကျေနပ်အားရပါတယ်။”
မြန်မာနိုင်ငံ အနာဂတ်အတွက် အကြီးမားဆုံး ဖြေရှင်းရမယ့် ပြဿနာထဲမှာ တိုင်းရင်းသား တွေနဲ့ ငြိမ်းချမ်းရေး ရရှိဖို့ဟာ ထိပ်တန်းက ပါဝင်နေတာ အားလုံးအသိဖြစ်ပါတယ်။ အခုအချိန်မှာ စစ်အာဏာရှင်ရဲ့ ဖိနှိပ်မှုကိုခံနေရတဲ့ တိုင်းရင်းသားအားလုံးနဲ့ တစ်သွေးတစ်သား တည်း ရှိကြောင်းပြဖို့အတွက် ဒီတေးပြဇာတ်မှာ ပူးပေါင်းပါဝင်ခဲ့တာလို့ ကချင် တိုင်းရင်းသား သရုပ်ဆောင် လထော်ဇော်ဖန်း က ပြောပြပါတယ်။
“အာဏာသိမ်း စစ်ကောင်စီတပ်ကြောင့် လက်ရှိခံစားနေရတဲ့ မြန်မာနိုင်ငံ တိုင်းသူ ပြည်သားတွေရဲ့ ခါးသီးလှတဲ့ အတွေ့အကြုံတွေ အသက်နဲ့ရင်းပြီး တိုက်ပွဲဝင်နေကြတဲ့ သွေးချင်း ညီအစ်ကိုမောင်နှမ အားလုံးတဲ့ တစ်သွေးတည်း၊ တစ်သံတည်း၊ တစ်သားတည်း ရှိနေပါတယ်ဆိုတာကိုဖော်ပြလိုတဲ့အတွက် ပါဝင်ရခြင်းဖြစ်ပါတယ်။ နေသာတဲ့နေ့ တေးပြဇာတ်မှာ ပါဝင်ကြတဲ့သူအားလုံးဟာလည်း တကယ်ပဲ မြန်မာနိုင်ငံအတွက် ဆိုတဲ့စိတ်နဲ့ ပါဝင်ကြတဲ့အတွက် ကြည်နူးပီတိဖြစ်မိပါတယ်။”
ဒီတေးပြဇာတ်ကနေ အမေရိကန်ဒေါ်လာ သုံးသောင်းခွဲရရှိခဲ့ပါတယ်။ အဲဒီ ငွေတွေ အားလုံးကို မြန်မာနိုင်ငံတွင်းက အမှန်တကယ် အကူအညီလိုအပ်နေတဲ့ လူမှုရေး အသင်း အဖွဲ့တွေကို ကူညီပြီး၊ ဂုဏ်ပြုထိုက်တဲ့ လူမှုရေး သူရဲကောင်းတွေကို ဖော်ထုတ် ဂုဏ်ပြုနေတဲ့ အမေရိကန် အခြေစိုက် ပြည်သူ့ဂုဏ်ရည်အဖွဲ့ကတဆင့် မြန်မာပြည်အတွက် လှူဒါန်းခဲ့ပါတယ်။
လူအင်အား ၅၀ ပူးပေါင်းပါဝင်တဲ့ ဒီပြဇာတ်ထဲမှာ ပြည်နယ်၊ မြို့နယ်ပေါင်းစုံက တိုင်းရင်းသားပေါင်းစုံ လည်းပါဝင်ပါတယ်။ ဒါကြောင့် အခက်အခဲပေါင်းစုံနဲ့လည်း ရင်ဆိုင်ခဲ့ရတယ်လို့ ဒါရိုက်တာ ဦးသက်ဝင်းက ပြောပါတယ်။
“ဇာတ်ခွင် စချကတည်းက ဒီတေးပြဇာတ်ဟာ ပြည်ထောင်စု စည်းလုံးညီညွတ်ရေးကို ထင်ဟပ် သင့်တယ်လို့ ကျနော် ခံယူခဲ့ပါတယ်။ ခံယူတဲ့ အတိုင်းလည်း ဒီပြဇာတ်မှာ တိုင်းရင်းသားပေါင်းစုံ ပါဝင်အောင် အစတည်းက ကြိုးစားခဲ့ပါတယ်။ တကယ်တော့ ကိုယ့်ဇာတ်ကောင်နဲ့ လိုက်ဖက်ညီတဲ့ တိုင်းရင်းသား သရုပ်ဆောင်ကို ရှာတွေ့ဖို့ဆိုတာ မလွယ်လှပါဘူး။ ကျနော် လနဲ့ချီကြာအောင် ရှာခဲ့ရပါတယ်။”
အနုပညာဆိုတာ လူတိုင်းရဲ့ နှလုံးသားဆီ တိုက်ရိုက်သွားတဲ့အရာမို့ လူ့ဘဝရဲ့ အခန်းကဏ္ဍတိုင်းမှာ အရေးပါလှပါတယ်။ ကမ္ဘာ့သမိုင်း အဆက်ဆက်မှာလည်း အာဏာရှင်တွေ၊ ဖိနှိပ်သူတွေကို တွန်းလှန်တဲ့ နေရာမှာ အနုပညာရဲ့စွမ်းအားဟာ အလွန်ပဲ အစွမ်းထက် ထိရောက်ခဲ့ပါတယ်။
စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်နေတဲ့ မြန်မာ့နွေဦးတော်လှန်ရေးမှာ ပြည်တွင်းကနေ တစ်တပ်တစ်အား ပါဝင် နေကြတဲ့ အနုပညာရှင်တွေရဲ့ အင်အားဟာ ဘယ်လောက် ထိရောက် သလဲဆိုတာနဲ့ ဘယ်လောက် အန္တရာယ်ကြီးသလဲဆိုတာ အားလုံးအသိ ဖြစ်ပါတယ်။ နေသာတဲ့နေ့ တေးပြဇာတ်ကို ဦးဆောင်သူ၊ ပါဝင်တင်ဆက်သူ တွေကတော့ စစ်အာဏာရှင်နဲ့ အလှမ်းဝေးရာ ရောက်နေသမို့ အသက်အန္တရာယ်မရှိပေမယ့် အားလပ်ချိန် နည်းပါးလှတဲ့ အမေရိကန် လူနေမှုစနစ်အတွင်းမှာ ခက်ခက်ခဲခဲ အားဖြည့်ရတာဖြစ်ပါတယ်။
အဲဒီလို အခက်အခဲ တွေရှိပေမယ့် သူတို့မှာရှိတဲ့ အနုပညာနဲ့ ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ ဆက်လက် အားထုတ် သွားမှာဖြစ်တယ်လို့ ပြောကြပါတယ်။