ကချင်တစ်ပြည်နယ်လုံး ဖုန်းနဲ့ အင်တာနက် ပြတ်တောက်နေ

RFA Burmese
2024.07.22
ကချင်တစ်ပြည်နယ်လုံး ဖုန်းနဲ့ အင်တာနက် ပြတ်တောက်နေ မိုဘိုင်းဖုန်းအသုံးပြုနေသူနှစ်ဦးကို ၂၀၂၄ ခုနှစ် ဇွန်လ ၂၈ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

မြို့နယ်ပေါင်း ၁၈ ခု၊ လူဦးရေ တစ်သန်းကျော်နေထိုင်တဲ့ ကချင်ပြည်နယ်မှာ ဇူလိုင် ၂၁ ရက် မနေ့မနက် ဆယ်နာရီခန့်ကစလို့ ဖုန်းလိုင်းနဲ့ အင်တာနက် ဆက်သွယ်ရေးတွေအားလုံး ပြတ်တောက်နေပါတယ်။

ဒီနေ့ညနေပိုင်းအထိ ဆက်သွယ်ရေးတွေအားလုံး ပြတ်တောက်နေတာလို့ ကချင်ပြည်နယ်ပြင်ပကို ရောက်ရှိနေတဲ့ ဟိုပင်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“အင်တာနက်လှိုင်းက မနေ့က ဆယ်နာရီလောက်ကနေ ပြတ်တောက်သွားတယ်။ ပြီးရင် အင်တာနက်လိုင်းတွေတင်မကဘူး၊ ဖုန်းလိုင်းတွေလည်း မရတော့ဘူး။ လောလောဆယ်တော့ ကချင်တစ်ပြည်နယ်လုံး မရဘူးလို့သိထားတယ်။ တစ်ပြည်နယ်လုံးဆိုတဲ့နေရာ Starlink သုံးနိုင်တဲ့နေရာတွေနဲ့ နယ်စပ်ဒေသဘက် တရုတ်ဘက်ခြမ်းက အင်တာနက်မှီခိုနေတဲ့သူတွေတော့ အင်တာနက်လိုင်း ရတာပေါ့နော်။ လောလောဆယ်တော့ အဲဒီလိုမျိုးရှိတယ်”

ဆက်သွယ်ရေးအားလုံး ပြတ်တောက်နေတာ အချိန်နှစ်ရက်အထိ ကြာလာပြီဖြစ်လို့ မိသားစုအတွက် စိုးရိမ်မိတယ်လို့ ရန်ကုန်မြို့ကိုရောက်နေတဲ့ မြစ်ကြီးနားဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“အဓိကက မိသားစုပဲ။ တခြားသတင်းတွေလည်း ကြားနေရတယ်။ လတ်တလောမှာလည်း မြစ်ကြီးနားမြို့တွေမှာ အခြေအနေတွေကလည်း မငြိမ်မသက်ပေါ့နော်။ ဖြစ်နေတဲ့အခြေအနေမှာ မနေ့က ရုတ်တရက်ကြီး အင်တာနက်က ပိတ်သွားတာပေါ့လေ။ ပိတ်သွားတဲ့အခါကျတော့ ပုံမှန်ဆိုရင် မိသားစုနဲ့ အမြဲတမ်းဆက်သွယ်တယ်။ အဆင်ပြေလား၊ ဘာတွေထူးခြားလဲ စသဖြင့်ပေါ့။ မနေ့ကတည်းကနေ စိတ်ပူရတဲ့အခြေအနေပေါ့”

ကချင်ပြည်နယ်ဘက်ကို ဆက်သွယ်ထားတဲ့ ဖိုက်ဘာဆက်သွယ်ရေးလိုင်းတွေ မန္တလေးတိုင်း တကောင်းမြို့ဘက်မှာ တိုက်ပွဲတွေကြောင့် ပြတ်တောက်သွားကြောင်း လူမှုကွန်ရက်တွေမှာ ရေးသားတာတွေရှိပေမဲ့ ဆက်သွယ်ရေးပြတ်တောက်ရတဲ့အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

မိုဘိုင်းလ်ဖုန်းဖြင့် ဖေ့စ်ဘွတ်လူမှုကွန်ရက် သုံးစွဲနေသူတစ်ဦး။ (Photo: AFP)
မိုဘိုင်းလ်ဖုန်းဖြင့် ဖေ့စ်ဘွတ်လူမှုကွန်ရက် သုံးစွဲနေသူတစ်ဦး။ (Photo: AFP)

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေကို RFA ကဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာမရှိပါဘူး။

“အခုလိုပြတ်တောက်မှုက စစ်ရေးနဲ့ ဆက်စပ်မှုရှိနိုင်ပါတယ်”

ကချင်ပြည်နယ်မှာ အရင်ကတိုက်ပွဲတွေပြင်းထန်ချိန် မြို့နယ်အချို့မှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းအချို့ ပြတ်တောက်တာတွေရှိခဲ့ပေမဲ့ အခုလို ပြည်နယ်တစ်ဝန်းက ဆက်သွယ်ရေးကွန်ရက်အားလုံး ပြတ်တောက်သွားတာမျိုး တစ်ခါမှမကြုံခဲ့ဖူးလို့လည်း ဒေသခံတွေက ပြောပါတယ်။


ဆက်နွှယ်သောသတင်းများ

နိုင်ငံ့နယ်မြေတစ်ဝက်ခန့် ဖုန်းနဲ့ အင်တာနက်ဆက်သွယ်ရေး ဖြတ်တောက်ခံထားရ

မြန်မာပြည်တွင်း အင်တာနက်ထိန်းချုပ်ရေး တရုတ်ကုမ္ပဏီတွေ ကူညီနေ

VPN အသုံးပြုမှုအပေါ် စစ်ကောင်စီ ထပ်မံတင်းကျပ်


ကချင်လွတ်မြောက်ရေးတပ်မတော် (KIA/ KIO) သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ အကြောင်းရင်းကို စုံစမ်းနေဆဲပဲလို့ RFA ကို ပြောပါတယ်။

“အတိအကျကတော့ ပြောလို့တော့မရဘူးပေါ့နော်။ ဒါပေမဲ့ ထူးတာကတော့ စကစဘက်ကနေ စစ်ရေးအခြေအနေတွေကြောင့် အခုလိုမျိုး ပြည်သူလူထု သုံးနေကြတဲ့ဖုန်းလိုင်းတွေ အင်တာနက်တွေ အကုန်လုံးပိတ်တာတော့ တွေ့ရတယ်။ ဘာကြောင့် ပိတ်တယ်ဆိုတာတော့ အတိအကျတော့ မသိရဘူးပေါ့။ ဒါပေမဲ့ ခုနကပြောသလိုပေါ့။ စစ်ရေးအခြေအနေကို သူလည်း စိုးရိမ်လို့လည်း ဖြစ်နိုင်တာပေါ့။ နောက် မိုးလေဝသကြောင့်လည်း ဖြစ်နိုင်တာပေါ့။ ဒါက ကျွန်တော်တို့ စုံစမ်းနေဆဲဖြစ်ပါတယ်”

လက်ရှိမှာ တိုက်ပွဲဖြစ်ပွားတာမရှိပေမဲ့ ဝိုင်းမော်၊ မံစီနဲ့ မိုးမောက်မြို့နယ်တွေမှာ စစ်ရေးတင်းမာနေဆဲဖြစ်သလို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် အခြေစိုက်ထားတဲ့ မြစ်ကြီးနားဘက်ကလည်း ဝိုင်းမော်မြို့နယ်ဘက်ကို ပုံမှန်လိုလို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေရှိနေတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ကချင်နိုင်ငံရေး သုတေသီတစ်ဦးဖြစ်တဲ့ ကိုရှဘတ်ကတော့ အခုလိုပြတ်တောက်မှုက စစ်ရေးနဲ့ ဆက်စပ်မှုရှိနိုင်တယ်လို့ ပြောပါတယ်။

“အဓိကအားဖြင့် အင်တာနက်လိုင်း ပြတ်တောက်တာကတော့ စစ်ပွဲတွေ စစ်ကိုင်းတိုင်းထဲမှာ ပိုမိုပြင်းထန်လာတာရယ်၊ နောက် ကချင်ပြည်မမှာလည်း စစ်ရေးလှုပ်ရှားမှုတွေ အရှိန်မြင့်လာတဲ့အနေအထား ဖြစ်တဲ့အတွက်ကြောင့်လို့ စကစက သတင်းအမှောင်ချချင်တဲ့ကိစ္စတွေ နောက် အချင်းချင်းဆက်သွယ်မှု ဆက်သွယ်ရေးကွန်ရက်တွေကို ဖြတ်တောက်လိုက်တာလည်း ဖြစ်နိုင်ပါတယ်”

ပုံမှန်အားဖြင့် ဖုန်းလိုင်းနဲ့ အင်တာနက်ပြတ်တဲ့အခါ သက်ဆိုင်ရာကုမ္ပဏီတွေက ထုတ်ပြန်အသိပေးတာမျိုးရှိပေမဲ့ အခုတော့ အဲဒီလိုထုတ်ပြန်တာ မတွေ့ရဘူးလို့လည်း သူက ပြောပါတယ်။

မြန်မာနိုင်ငံမှာ အင်တာနက် သုံးစွဲနိုင်တဲ့အခြေအနေတွေကို လေ့လာစောင့်ကြည့်နေတဲ့ အရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ မြန်မာအင်တာနက်စီမံကိန်းက ကောက်ယူထားတဲ့ အချက်အလက်တွေအရ ၂ဝ၂၄ ဇူလိုင် ၂၂ ထိ စစ်ကောင်စီက မြန်မာနိုင်ငံအနှံ့ အင်တာနက် ဖြတ်တောက်ထားတဲ့နေရာ ၂၄၉ ခုအထိ ရှိပါတယ်။

အဲဒီထဲမှာ စစ်ကိုင်းတိုင်းက အင်တာနက်ဖြတ်ခံရတဲ့နေရာ အများဆုံးဖြစ်ပြီး ဒုတိယအများဆုံးကတော့ ကချင်ပြည်နယ်နဲ့ တတိယကတော့ ချင်းပြည်နယ်မှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။