ပင်လောင်းဒေသ သုံးလအတွင်း ၃၃ ဦး သေဆုံးပြီး ငါးထောင်ကျော် ထွက်ပြေးနေရ

RFA Burmese
2023.03.30
ပင်လောင်းဒေသ သုံးလအတွင်း ၃၃ ဦး သေဆုံးပြီး ငါးထောင်ကျော် ထွက်ပြေးနေရ ပင်လောင်းမြို့သို့ ထွက်ပြေးတိမ်းရှောင်လာကြသည့် စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ် မတ်လ ၂၆ ရက်နေ့က တွေ့ရစဉ်။
ကြယ်တံခွန်လူမှုကူညီရေးပရဟိအသင်း

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်း၊ ဖယ်ခုံနဲ့ မိုးဗြဲမြို့နယ်မှာ ၂၀၂၃ ဇန်နဝါရီ ၁ ရက် နေ့ကစလို့ မတ်လ ၃၀ ရက် ဒီနေ့အထိ စစ်ကောင်စီတပ်နဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ကြား စစ်ရေးအခြေအနေ တင်းမာနေပြီး စစ်တပ်ဘက်က နယ်မြေထိန်းချုပ်နိုင်ဖို့ အင်အားအလုံးအရင်းနဲ့ ပြင်ဆင်နေတယ်လို့ ပအိုဝ်း အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းကောင်) ရဲ့ ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။

"တိုက်ပွဲဖြစ်နေတဲ့ နေရာဒေသမှာတော့ ရွာခံတွေနဲ့ လူထုတွေကတော့ စစ်ရှောင်ကုန်ကြပြီပေါ့နော်"

ဒီရက်ပိုင်းအထိ ပင်လောင်းမြို့နယ် လုံးပျဉ်၊ နန်းနိမ့်၊ တောင်စလုံးနဲ့ မြောက်စလုံးရွာ၊ ဖယ်ခုံမြို့နယ် ခေါင်အိ ကျေးရွာတို့မှာ တိုက်ပွဲဆက်ဖြစ်နေဆဲလို့ ပအိုဝ်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းကောင်) ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ခွန်ဗွေဟုန်း က ပြောပါတယ်။

“စ.က.စ ကတော့ စစ်ကြောင်းအင်အား ထပ်တိုးဖို့ရှိတယ်။ လှုပ်လည်း လှုပ်ရှားနေတယ် ပေါ့နော်။ လက်ရှိမြေပြင်မှာတော့ သူက ထပ်တိုးလာမယ်။ တိုက်ပွဲဖြစ်နေတဲ့ နေရာ ဒေသမှာတော့ ရွာခံတွေနဲ့ လူထုတွေကတော့ စစ်ရှောင်ကုန်ကြပြီပေါ့နော်။ စစ်ရှောင်ဖို့ အတွက် ဒါကလည်း ကျနော်တို့ တော်လှန်ရေးအင်အားစုတွေက ကြိုတင်သတိပေးထား တယ်ပေါ့နော်၊ အဲအပေါ်မှာလည်း ရှောင်ကြတယ်ပေါ့။ တိုက်ပွဲကတော့ ရေရှည်ဖြစ်မယ့် အနေအထားရှိတယ်ဗျ။ ဘာလို့လဲဆို ကျနော်လည်း စစ်အာဏာရှင်အပါအဝင် မည်သည့် အာဏာရှင်မဆို ကျနော်တို့က အဆုံးထိ တော်လှန်သွားမှာဖြစ်တဲ့အတွက် ရန်သူက လည်း သူလုပ်စရာရှိတာ လုပ်နေသလို ကျနော်တို့ကလည်း ကျနော်တို့ လုပ်စရာရှိတာကို ဆက်လုပ်သွားမှာပေါ့နော်”

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့ရဲ့ မတ်လ ၂၃ ရက် ထုတ်ပြန်ချက်အရ ပင်လောင်းမြို့နယ် အပါအဝင် ရှမ်းပြည်နယ်တောင်ပိုင်းမှာ သုံးလအတွင်း အရပ်သား ၃၃ ဦး သေဆုံးပြီး ဒေသခံ ငါးထောင်ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

သေဆုံးသူတွေဟာ တရားလက်လွတ် သတ်ဖြတ်ခံခဲ့ရတာလို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ယိင်းလျန်းဟန် က ပြောပါတယ်။

“ကျမတို့ အဓိကကတော့ စစ်ဘေးရှောင်လာရတဲ့ သံဃာတော်အချို့ပေါ့နော်၊ သူတို့စာရင်း ကောက်ယူထားတာရှိတယ်၊ သူတို့ဆီကနေ အဓိက မေးတယ်။ နောက် တစ်ခုကတော့ အဲဒီဘက်မှာ လူ့အခွင့်ရေးနဲ့ပတ်သက်ပြီး စစ်ရှောင်ကူညီနေတဲ့သူတွေ ရှိတယ်။ စစ်ရှောင်ကူညီနေတဲ့ သူတွေဆီကနေလည်း ကျမတို့ စာရင်းကောက်ယူတယ်။ အဓိကကတော့ စ.က.စ လက်နက်ကြီး ပစ်ခတ်မှုကြောင့်လည်းပါမယ်။ နောက်တစ်ခု ကတော့ အများဆုံး ထိခိုက်မှုရှိတာက ကျမတို့ နန်းနိမ့်ရွာက စ.က.စ ကနေ အစုလိုက် သတ်ဖြတ်မှုပေါ့နော် အဲလိုမျိုးကြောင့်ပါတယ်။ အဓိကတော့ တရားလက်လွတ် သတ်ဖြတ်မှုတွေကြောင့်လို့ အဲလို ကျမတို့ ပြောလို့ရမယ်ရှင့်”

ပင်လောင်းမြို့နယ် နန်းနိမ့်ရွာမှာ မတ်လ ၁၁ ရက်နေ့က သံဃာသုံးပါး အပါအဝင် စုစုပေါင်း အရပ်သား ၂၁ ဦး အစုလိုက်အပြုံလိုက် အသတ်ခံရပြီး နေအိမ် ၁၅၀ ကျော် မီးရှို့ဖျက်ဆီး ခံခဲ့ရပါတယ်။ နောက်ထပ် သံဃာသုံးပါးလည်း ဒီနေ့အထိ ပျောက်ဆုံးနေတယ်လို့ သူက ဆိုပါတယ်။

အဲဒီ သတ်ဖြတ်မီးရှို့မှုတွေကို စစ်ကောင်စီတပ်မ ၆၆ နဲ့ အရှေ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (စကခ-၂) လက်အောက်ခံ (ခလရ-၅၁၈) တပ်က ကျူးလွန်ခဲ့တာ ဖြစ်တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ နိန်းနိမ့်ရွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို ကရင်နီ အမျိုးသားများကာကွယ်ရေးတပ်မတော် KNDF က ကျူးလွန်ခဲ့ တာလို့ စစ်ကောင်စီ သတင်းမီဒီယာတွေကို ပြောခဲ့ပါတယ်။ KNDF ဘက်ကတော့ ဒါဟာ စစ်ကောင်စီတပ်သားတွေရဲ့ လက်ချက်လို့ တုံ့ပြန်ထားပါတယ်။

ပင်လောင်းနဲ့ မိုးဗြဲမြို့နယ်မှာ အခုနှစ် ဇန်နဝါရီလဆန်းကနေ မတ်လ ၂၃ ရက်နေ့အထိ သုံးလအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် ကလေး နှစ်ဦးအပါဝင် အရပ်သားခြောက်ဦး သေဆုံးခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးအဖွဲ့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

ဖေဖော်ဝါရီလ ၂၃ရက်နေ့က တိုက်ပွဲပြင်းထန်ခဲ့တဲ့ ပင်လောင်းမြို့နယ် တောင်မဲသင်း ကျေးရွာမှာ အသတ်ခံထားရတဲ့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးရဲ့ သတ်ဖြတ်ခံ ထားရတဲ့ အလောင်းတွေကို တွေ့ရပြီး ရွာသားလေးဦးလည်း အခုချိန်ထိ ပျောက်ဆုံးနေ ဆဲလို့ ဆိုပါတယ်။

မတ်လ ၁၂ ရက်နေ့ကတော့ မိုးဗြဲမြို့အရှေ့ဘက်ကို စစ်ကောင်စီတပ်မ ၆၆ က စစ်ကြောင်းထိုးလာတာကြောင့် အဲဒီနားက စစ်ဘေးဒုက္ခသည်စခန်းမှာ ခိုလှုံနေသူတွေ ထွက်ပြေးခဲ့ကြပြီး မပြေးနိုင်ဘဲ ကျန်ခဲ့တဲ့ အသက် ၇၈ နှစ်အရွယ် ဦးလှငြိမ်း၊ အသက် ၈၁ နှစ် အရွယ် ဒေါ်မူလူးနဲ့ အသက် ၁၅ နှစ်အရွယ် မောင်ကျော်ဟူးတို့ကို စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး တုံ့ပြန်ချက်သိနိုင်ဖို့ ရှမ်းပြည်နယ် စစ်ကောင်စီအဖွဲ့ ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

နှစ်ဖက်စစ်ရေးအခြေအနေက အခုချိန်ထိ တင်းမာနေဆဲဖြစ်တာကြောင့် အနီးအနား ကျေးရွာတွေကနေ ပင်လောင်းမြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေး ဒုက္ခသည်အရေအတွက် ပိုတိုးလာတယ်လို့ ဒုက္ခသည်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“အရင်တုန်းက သူတို့က ရက်ပိုင်းလောက်ပဲ ရှောင်ရမယ်ထင်ပြီးတော့ အမျိုးတွေအိမ်မှာ နေတယ်။ အခုနောက်ပိုင်း သူတို့က အကြာကြီးရှောင်ရတော့ စားသောက်ရေးတွေ၊ သူတို့ရဲ့ နေထိုင်ရေးတွေ အဆင်မပြေဘူးပေါ့နော်၊ အဲဒါကြောင့် သူများစုနေတဲ့ နေရာကို ပြောင်းလာတာပေါ့နော်။ အစတုန်းက သူတို့က ဆွေမျိုးတွေအိမ်မှာနေတယ်၊ တောင်ကြီး ဘက်မှာ ဆီဆိုင်ဘက်မှာ ဆိုက်ခေါင်ဘက်မှာ နေတာများတယ်။ အခုကျတော့ ပင်လောင်းဘက် ပြောင်းလာကြတော့ တော်တော်လေး တိုးလာတယ်ပေါ့”

ထွက်ပြေးလာတဲ့ ဒုက္ခသည်အရေအတွက်ကို စာရင်းပြုစုနေဆဲဖြစ်တာကြောင့် အတိအကျ မသိရသေးဘူးလို့ ဒုက္ခသည်အရေး ကူညီပေးနေတဲ့ ခွန်ကျော်ရွှေက ပြောပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နန်းနိမ့်ရွာမှ ဘုန်းကြီးကျောင်းနှင့် နေအိမ်များ မီးရှို့ဖျက်ဆီးခံနေရသည်ကို ၂၀၂၃ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - အင်းဆားကူး)
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နန်းနိမ့်ရွာမှ ဘုန်းကြီးကျောင်းနှင့် နေအိမ်များ မီးရှို့ဖျက်ဆီးခံနေရသည်ကို ၂၀၂၃ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - အင်းဆားကူး)

စစ်ဘေးဒုက္ခသည်တွေအတွက် ပအိုဝ်းအရပ်ဘက်အဖွဲ့တွေ၊ လူမှုကူညီရေးအသင်းတွေနဲ့ ဒေသခံတွေက တတ်နိုင်သလောက် ကူညီပေးနေပြီး လတ်တလောမှာ ကျန်းမာရေးအတွက် ဆေးဝါးအရေးပေါ် လိုအပ်နေတယ်လို့ ခွန်ကျော်ရွှေက ပြောပါတယ်။

“စစ်ရှောင်စခန်း အရပ်သား သေဆုံးမှုများခဲ့တဲ့ ပင်လောင်းဒေသမှာ စစ်ရေးအခြေအနေ ဆက်လက်တင်းမာနေမှာ။ ရှိတဲ့သူတွေကတော့ သူတို့ ကျန်းမာရေးအခြေအနေ လိုအပ်ချက်အရတော့ ဆေးဝါးတွေ လိုအပ်တာပေါ့နော်။ လောလောဆယ် ကျနော်တို့ ဒေသခံ ဆေးအဖွဲ့တွေနဲ့ပဲ အဆင်ပြေသလို ဒီလိုပဲ ကုသသွားနေရတာ။ ဆေးဘက်ဂျက် က အတော်လေး ကုန်တယ်။ တချို့ စစ်ရှောင်ဌာနဆိုရင် ငှက်ဖျားတို့၊ တုပ်ကွေးတို့ ချောင်းဆိုးတာတွေက ကူးကြတာလေ။ အဲလိုမျိုးလေ”

တချို့ ဒုက္ခသည်စခန်းတွေမှာတော့ ရေရှားပါးတာကြောင့် ရေများတဲ့ ဒုက္ခသည်စခန်တွေကို ထပ်မံပြောင်းရွှေ့ ခိုင်းနေရတယ်လို့လည်း ခွန်ကျော်ရွှေက ပြောပါတယ်။

လက်ရှိ ဒုက္ခသည်စခန်းတွေမှာ စားသောက်စရာက ရက် ၂၀ စာလောက်သာ ကျန်တော့ တယ်လို့ ဆိုပါတယ်။ တစ်နိုင်တစ်ပိုင် အလှူရှင်တွေ မလာတော့သလို နိုင်ငံတကာအကူ အညီပေးရေးအဖွဲ့တွေလည်း ရောက်မလာသေးဘူးလို့ သူက ပြောပါတယ်။

တိုက်ပွဲတွေ ရေရှည်ကြာမြင့်လာရင် အပြစ်မဲ့ အရပ်သား ဒုက္ခသည်တွေ အစားအသောက် ပြတ်လတ်နိုင်တာကြောင့် နိုင်ငံတကာအဖွဲ့အစည်းတွေက ဝိုင်းဝန်းကူညီပေးဖို့ စစ်ဘေးဒုက္ခသည်တွေနဲ့ ဒုက္ခသည်အရေး ကူညီပေးနေသူတွေက တောင်းဆိုနေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။