စစ်သည်အင်အားပြပြီး တော်လှန်ရေးကို PNA ခြိမ်းခြောက်နေကြောင်း လေ့လာသူတွေပြော
2024.10.03
ပအိုဝ်းအမျိုးသားတပ်မတော် (PNA) က အခုသီတင်းပတ်တွေတွင်းမှာ စစ်သင်တန်းဆင်းပွဲတွေ ဆက်တိုက်ဆိုသလို လုပ်လာပါတယ်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသ(၆) ရန်ကင်းစစ်ဒေသမှာ ပအိုဝ်းအမျိုးသားတပ်မတော် (PNA) က သြဂုတ် (၂၁) နေ့မှာ စစ်သည်အင်အား တစ်သောင်းကျော် သင်တန်းဆင်းခဲ့သလို စက်တင်ဘာ ၃ဝ ရက်နေ့မှာလည်း အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို အင်သည်အင်အား နှစ်သောင်းကျော်နဲ့ ပြုလုပ်ခဲ့ပါတယ်။
အောက်တိုဘာ ၃ ရက်နေ့မှာလည်း စစ်သည်အင်အား ခုနစ်ထောင်ကျော် စစ်သင်တန်းဆင်းလာခဲ့ပါတယ်။ PNA က ပအိုဝ်းပြည်သူတွေကို အဓမ္မစုဆောင်းပြီး တော်လှန်ရေးကို ခြိမ်းခြောက်တဲ့သဘောဖြစ်တယ်လို့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက RFA ကိုပြောပါတယ်။
"လူအင်အားတွေ သောင်းချီပြနေတာက စစ်သည်မဟုတ်ပါဘူး။ တစ်နည်းအားဖြင့်ပြောရရင် စစ်အင်အားလည်း မဟုတ်ပါဘူး။ ဒါတွေက ကျွန်တော်တို့ ပြည်သူလူထုတွေပါ။ အသက်ကြီးတဲ့ သူတွေလည်း အများကြီးပါဝင်ပါတယ်။ ပြည်သူလူထုကို ယူနီဖောင်းဝတ်ခိုင်းပြီးတော့မှ လူထုကြီးပုံစံနဲ့ တော်လှန်ရေးကို ခြိမ်းခြောက်ပြတာ။ ပအိုဝ်းပြည်သူလူထုတွေကို ခြိမ်းခြောက်ပြီးတော့မှ ဒီလိုမျိုး လုပ်ထားခိုင်းပါတယ်"
ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ၊ ရှမ်းပြည်နယ်တောင်ပိုင်း အထူးဒေသ (၆) မှာ အောက်တိုဘာ (၃) ရက်နေ့က ကျင်းပတဲ့ သင်တန်းဆင်းပွဲမှာ ပအိုဝ်းအမျိုးသားခေါင်းဆောင် ဦးအောင်ခမ်းထီနဲ့ စစ်ဦးစီးချုပ်တွေ၊ စစ်ဒေသမှုး၊ ဗျူဟာနဲ့ ဒေသခံတွေ တက်ရောက်ခဲ့ပါတယ်။
ဒါဟာ စစ်ကောင်စီက ပအိုဝ်းခေါင်းဆောင်တွေကို အသုံးချပြီး စစ်တပ်အာဏာသက်ဆိုးရှည်ဖို့ ကြိုးပမ်းလာတာဖြစ်တယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး PYO ပြောခွင့်ရသူက ပြောပါတယ်။
"စစ်ကောင်စီက ပအိုဝ်းအမျိုးသားခေါင်းဆောင်တွေကို အသုံးချပြီးတော့မှပဲ လူငယ်တွေကို အာဏာသိမ်းပြီးနောက်ပိုင်းမှာ လူငယ်တွေကို စစ်အာဏာတည်မြဲဖို့ အသုံးချရုံသက်သက်ဖြစ်တယ်။ ပအိုဝ်းလူထုတွေကော အများပြည်သူကော သတိထားဖို့ လိုတယ်။ ဒီလူငယ်တွေက အတင်းအဓမ္မ အာဏာသုံးပြီးတော့မှပဲ ဖြားယောင်းတာမျိုးရှိလို့ မလွှဲမရှောင် လူငယ်တွေ ဝင်ရတဲ့ဟာ အများကြီးရှိတယ်"
ဆက်နွှယ်သောသတင်းများ
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA) နှစ်ဖွဲ့ခွဲထွက်
စစ်သည်အင်အား နှစ်သောင်းကျော် နဲ့ PNA စစ်သင်တန်းဆင်း
ပြည်ထောင်စုအားကောင်းရေးမူနဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်မယ်လို့ တိုင်းရင်းသားအဖွဲ့ ကိုးဖွဲ့ ကြေညာ
စစ်ရေးအရ စစ်ရှုံးနေတဲ့ စစ်ကောင်စီက ပအိုဝ်းဒေသမှာ အရွယ်ရောက်သူအားလုံးကို စစ်ထဲဝင်ဖို့ ဖွဲ့စည်းလိုက်တာဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင် က လည်း သုံးသပ်ပါတယ်။ လူအင်အားတိုးလာတိုင်း စစ်တိုက်တဲ့ အရည်အသွေးရှိမှာ မဟုတ်သလို စစ်ရေးအင်အားလည်း မဖြစ်နိုင်ဘူးလို့ ဦးသန်းစိုးနိုင် က ပြောပါတယ်။
"ပအိုဝ်းခေါင်းဆောင် ဦးအောင်ခမ်းထီရဲ့ ဘာသာရေးလွှမ်းမိုးမှုအပေါ်မှာ ယုံကြည်တဲ့ ပအိုဝ်းပြည်သူပါ ပါတယ်။ အဲ့ဒီပြည်သူတွေကတော့ ဦးအောင်ခမ်းထီ ပြောတဲ့အတိုင်း လုပ်ဆို လုပ်ကြတာပါပဲ။ စစ်ကောင်စီရဲ့ စစ်ဆုံးရှုံးနေမှုကိုတော့ အစားထိုးနိုင်မယ့် အနေအထားဆိုတာတော့ မယုံကြည်နိုင်ပါဘူး။ ပအိုဝ်းဒေသ ဆီဆိုင်ဘက်မှာတော့ တစ်စုံတစ်ရာ လွှမ်းမိုးနိုင်တဲ့ အင်အားတော့ ရှိလာနိုင်ပါတယ်။ စစ်ကောင်စီ စစ်ရှုံးနေတဲ့ ကိစ္စကို အဲ့ဒီအင်အားနဲ့တော့ အားပေးကူညီနိုင်တဲ့ အနေအထားမရှိဘူး ကျွန်တော်တို့ ယူဆပါတယ်"
စစ်အင်အားတိုးချဲ့မှုတွေအပေါ် တိတိကျကျသိရဖို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးသန်းကြွယ်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။
PNO/PNA ဟာ ၁၉၉၁ ခုနှစ်က တပ်မတော်နဲ့ ငြိမ်းချမ်းရေးယူခဲ့ပြီးနောက် ရှမ်းပြည်နယ်တောင်ပိုင်းမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အထူးဒေသ (၆) အဖြစ် သတ်မှတ်အုပ်ချုပ်နေတာဖြစ်ပါတယ်။