တိုင်းသုံးခုမှာ ၁၀ လအတွင်း ရဲစခန်း ၂၃ ခုကို PDF အဖွဲ့တိုက်ခိုက်
သတင်းမီဒီယာတွေမှာ ဖော်ပြချက်တွေအရ ၂၀၂၂ ခုနှစ် ဇန်နဝါရီလကနေ အောက်တိုဘာ လအထိ ၁၀ လအတွင်း စစ်ကိုင်း၊ မန္တလေးနဲ့ မကွေးတိုင်းတွေမှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက ရဲစခန်း ၂၃ ခုကို တိုက်ခိုက်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်းမှာ ၁၆ ခု၊ မန္တလေးတိုင်းမှာ လေးခု၊ မကွေးတိုင်းမှာ သုံးခု တိုက်ခိုက်ခံခဲ့ရ တာပါ။
မန္တလေးတိုင်းမှာ ရဲစခန်းတွေကို အဝေးကနေ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်တာနဲ့ ဒရုန်းနဲ့ တိုက်ခိုက်တာတွေ လေးကြိမ်ရှိခဲ့သလို အောက်တိုဘာလ ၂၉ ရက်နေ့မှာတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရှစ်ဖွဲ့ ပူးပေါင်းပြီး ညောင်ဦးမြို့နယ် ငါ့သရောက်ရဲစခန်းကို သိမ်းပိုက်ဖို့အထိ ကြိုးစားခဲ့တာပါ။ အဲဒီတိုက်ပွဲမှာ ရဲရှစ်ဦး သေဆုံးပြီး ထွက်ပြေးတဲ့ ရဲတွေလည်းရှိခဲ့ပေမယ့် ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က တပ်ခွဲမှူးတစ်ဦး သေဆုံးသွား တာကြောင့် တပ်ပြန်ဆုတ်ခဲ့ရတယ်လို့ မြင်းခြံခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။
“ရဲစခန်းဆိုတာကတော့ အစိုးရရဲ့ အုပ်ချုပ်ရေးလုပ်ငန်းကို လုံခြုံရေးအရ ပံ့ပိုးပေးနေတဲ့ ထောက်တိုင်တွေပေါ့ဗျာ"
ရဲတွေဟာ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးတာ၊ စစ်ကောင်စီတပ် စစ်ကြောင်းထိုးတဲ့အခါ ပူးပေါင်းပါဝင်တာတွေကြောင့် ရဲစခန်းတွေကို တိုက်ခိုက်ရတာလို့ မြင်းခြံခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း (၃) ရဲ့ ပြန်ကြားရေးတာဝန်ခံက RFA ကို ပြောပါတယ်။
“အခုလက်ရှိ ကျနော်တို့နယ်မြေမှာရှိတဲ့ တက်ကြွလှုပ်ရှားသူတွေကို ဖမ်းမယ်ဆီးမယ် ဆိုလည်း ဒီရဲတွေမပါဘဲနဲ့ သူတို့လုပ်လို့မရဘူး။ သူတို့က အနီးဆုံးပေါ့ဗျာ နယ်မြေ ကျွမ်းကျင်မှုအရဆို အားသာချက်ဖြစ်တယ်ပေါ့။ သူတို့ကို ကျနော်တို့က ဖိအားပေးနိုင်မှ အကြောက်တရားပေးနိုင်မှ သူတို့သည် ပြည်သူ့ဘက်လည်း အမြန်ပူးပေါင်းမယ်ပေါ့ဗျာ။ သူတို့အနေနဲ့ CDM (အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု) ဝင်ချင်တယ်ဆိုတာ အလွယ်လေးပဲ။ အဲဒီ ငါ့သရောက်ရဲစခန်းသည် သူတို့ CDM ဝင်ချင်ခဲ့သည်ရှိသော် သူတို့လွယ်လွယ်လေး။ ဒါပေမဲ့ မဝင်ဘူး”
မြင်းခြံခရိုင်မှာ တပ်ရင်း (၃) ရဲ့ ယာယီစခန်း စီးနင်းခံရတာ၊ စစ်ကောင်စီရဲ့လက်ချက်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် သုံးဦးသေဆုံးခဲ့ရတာတွေကြောင့် ငါ့သရောက်ရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့လည်း ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်ကတော့ ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ စွမ်းရည်တိုးတက်လာတာကြောင့် ရဲစခန်းတွေကို တိုက်ခိုက်လာနိုင်တာလို့ ပြောပါတယ်။
“အဓိကအားဖြင့်တော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်နိုင်မှုစွမ်းအား တိုးတက်လာမှုကြောင့်လို့ ပြောလို့ရပါတယ်ခင်ဗျ။ အရင်တုန်းကဆိုရင်တော့ မိုင်းကို အဓိကသုံးတယ်။ ပြောက်ကျားတိုက်ခိုက်တယ်ဆိုတာကနေ အခုဆိုရင်တော့ စခန်းတွေ ဝင်ရောက်ပြီးတော့ သိမ်းဆည်းလာနိုင်တယ်။ စစ်ဆင်ရေးတွေကိုရေးဆွဲတဲ့ အခါမှာတော့ ရန်သူ့ဘက်ကနေပြီးတော့ တုံ့ပြန်လာနိုင်တဲ့ အနေအထား အထူးသဖြင့်တော့ လေ ကြောင်း၊ လက်နက်ကြီး စတာတွေကို အသုံးပြုလာနိုင်တဲ့အပေါ်မှာ ထည့်သွင်း တွက်ချက်ပြီးတော့ စဉ်းစားဆောင်ရွက်ပါတယ်ခင်ဗျ”
ဖမ်းဆီးရမိသူတွေကိုလည်း နိုင်ငံတကာစည်းမျဉ်းတွေကိုအခြေခံတဲ့ NUG ရဲ့ စစ်သုံ့ပန်း ဆိုင်ရာ မူဝါဒတွေအတိုင်း ထိမ်းသိမ်းထားတယ်လို့ ဦးနိုင်ထူးအောင်က ပြောပါတယ်။
စစ်ကိုင်း၊ မန္တလေးနဲ့ မကွေးတိုင်းတွေမှာ ၁၀ လအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ရဲစခန်းတွေကို သိမ်းပိုက်ဖို့အတွက်ကြိုးပမ်းမှု ၁၂ ကြိမ်ခန့်ရှိပြီး ကျန်တဲ့ဖြစ်စဉ်တွေကတော့ ရဲစခန်းကို အဝေးကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ ဗုံးသီးနဲ့ပစ်တာ၊ ဒရုန်းနဲ့ ဗုံးချတာ စတဲ့ဖြစ်စဉ်တွေ ဖြစ်ပါတယ်။
အဲဒီတိုက်ခိုက်မှုတွေအတွင်းမှာ စစ်သားနဲ့ ရဲ သေဆုံးသူ ၁၁၆ ဦး သေဆုံးပြီး ရှစ်ဦးကို အရှင်ဖမ်းမိခဲ့တယ်လို့ သတင်းမီဒီယာတွေမှာဖော်ပြကြပေမယ့် ဒီအချက်နဲ့ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကလည်း သေဆုံးသူ ခုနစ်ဦး၊ ထိခိုက်ဒဏ်ရာရသူ တစ်ဦးရှိခဲ့တယ်လို့ ကာကွယ်ရေးအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။
ရဲစခန်းတိုက်ခိုက်ခံရစဉ်အတွင်း စစ်ကောင်စီတပ်က လေကြောင်းကနေပြန်လည်တိုက်ခိုက် မှု နှစ်ကြိမ်ထက်မနည်း ရှိခဲ့ပါတယ်။
ရဲစခန်းတွေတိုက်ခိုက်ခံရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ ရဲစခန်းတွေကို PDF တွေ တိုက်ခိုက်မှုရဲ့ အဓိက ဦးတည်ချက်ဟာ နိုင်ငံရေးဩဇာနဲ့ အုပ်ချုပ်ရေးထူထောင်နိုင်ဖို့ဖြစ်တယ်လို့ ပြောပါတယ်။
“ရဲစခန်းဆိုတာကတော့ အစိုးရရဲ့ အုပ်ချုပ်ရေးလုပ်ငန်းကို လုံခြုံရေးအရ ပံ့ပိုးပေးနေတဲ့ ထောက်တိုင်တွေပေါ့ဗျာ။ ဒါကြောင့်မို့ ရဲစခန်းတွေ တိုက်ခြင်းအားဖြင့် ကိုယ့်ရဲ့နိုင်ငံရေး ဩဇာဖြန့်ဖြူးမှု၊ လူထုကို စည်းရုံးမှု၊ နောက်ပြီးတော့ ကိုယ်လည်းအုပ်ချုပ်ရေး အင်အား စုတွေ ထူထောင်ဖို့အတွက် ပိုမိုကောင်းမွန်တဲ့ အခွင့်အလမ်းတွေ ရရှိလာနိုင်ပါတယ် ခင်ဗျာ။ အဲဒါကြောင့် ဒီရဲစခန်းတွေ တိုက်ရတာဖြစ်တယ်လို့ ကျနော်ကတော့ သုံးသပ် ပါတယ်ခင်ဗျာ”
ရဲစခန်းတွေဟာ စစ်တပ်စခန်းတွေနဲ့ယှဉ်ရင် အင်အားနည်းပါးတဲ့ ပစ်မှတ်တွေဖြစ်သလို ဒီစခန်းတွေကနေ လက်နက်၊ ခဲယမ်းတွေကိုလည်း အာဏာရှင်ဆန့်ကျင်ရေး အင်အားစု တွေအနေနဲ့ ရရှိနိုင်မှာဖြစ်တယ်လို့ သူက ပြောပါတယ်။
ရဲစခန်းတိုက်ခိုက်ခံရမှုတွေဟာ စစ်ကိုင်း၊ မန္တလေးနဲ့ မကွေးတိုင်းတွေအပြင် အခြား ပြည်နယ်နဲ့၊ တိုင်းတွေမှာလည်း အများအပြားရှိနေပါတယ်။