နိုင်ငံရေးအကျဉ်းသား ဦးခင်မောင်ရွှေ အင်းစိန်ထောင်တွင်း ဥပဒေမဲ့ ရိုက်နှက်အသတ်ခံခဲ့ရ

RFA Burmese
2022.12.06
နိုင်ငံရေးအကျဉ်းသား ဦးခင်မောင်ရွှေ အင်းစိန်ထောင်တွင်း ဥပဒေမဲ့ ရိုက်နှက်အသတ်ခံခဲ့ရ ထောင် ၆၅ နှစ်ချခံထားရသူ နိုင်ငံရေးအကျဉ်းသား ဦးခင်မောင်ရွှေ။
Sean Turnell / Facebook

မကြာသေးခင်ကမှ ပြန်လွတ်လာတဲ့ NLD အစိုးရလက်ထက် စီးပွားရေးအကြံပေး မစ္စတာရှောင်တာနဲလ်က အင်းစိန်ထောင်ထဲမှာ ဥပဒေမဲ့ရိုက်သတ်ခံခဲ့ရတဲ့ သူ့ကိုကူညီခဲ့ဖူးသူ မွတ်ဆလင်နိုင်ငံရေးအကျဉ်းသား ဦးခင်မောင်ရွှေအတွက် ဝမ်းနည်းစိတ်ထိခိုက်ရကြောင်း ဒီဇင်ဘာ ၂ ရက်နေ့က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာက တစ်ဆင့်ထုတ်ဖော်ရေးသားလိုက်ပါတယ်။

ထောင် ၆၅ နှစ်ချမှတ်ခံထားရတဲ့ အစ္စလာမ်ဘာသာဝင် နိုင်ငံရေးအကျဉ်းသား ဦးခင်မောင်ရွှေဟာ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၇ ရက်နေ့က အကျဉ်းသားချင်း ရန်ဖြစ်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ထောင်ဝန်ထမ်းတွေက အသက်သေတဲ့အထိ ဝိုင်းဝန်းရိုက်နှက်ခဲ့ကြတာပါ။

“သူငယ်ချင်း ခင်မောင်ရွှေ၊ သူဟာ ကျနော့်ဘက်က ရပ်တည်ပေးခဲ့တယ်။ သူက ကျနော့်ကို စောင့်ရှောက်ဖေးမခဲ့ တယ်။ ကျနော့်ကို အားပေးခဲ့တယ်။ ကျနော့်ကို ကယ်တင်ခဲ့တယ်။ ကျနော် နေပြည်တော်ကို ပြောင်းရွှေ့ခံရပြီး တစ်လအကြာမှာ အင်းစိန်ထောင်အစောင့်တွေက သူ့ကို အသက်သေတဲ့အထိ ရိုက်နှက်ခဲ့ပါတယ်” လို့ မကြာသေးခင်ကမှ ပြန်လွတ်လာတဲ့ NLD အစိုးရလက်ထက် စီးပွားရေးအကြံပေး မစ္စတာ ရှောင်တာနဲလ်က ဒီဇင်ဘာ ၂ ရက် နေ့က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ထုတ်ဖော် ရေးသားလိုက်ပါတယ်။

နိုင်ငံရေးအကျဉ်းသား ဦးခင်မောင်ရွှေ ဟာ သူအသက်ရှင်နေသရွေ့ ဂုဏ်ပြုရမယ့် သူရဲကောင်းဖြစ်ပြီး အသတ်ခံရ တဲ့ အခြေအနေကို စုံစမ်းနိုင်ရေးနဲ့ မြန်မာနိုင်ငံက ကူညီပေးခဲ့သူအားလုံးကို ကျေးဇူးတင်တယ်လို့လည်း ရှောင်တာနဲလ် က ဆိုပါတယ်။

အင်းစိန်ထောင်ထဲမှာ အသက်သေဆုံးတဲ့အထိ ထောင်ဝန်ထမ်းတွေရဲ့ ရိုက်နှက်ခံခဲ့ရတဲ့ အသက် ၄၄ နှစ်အရွယ် ဦးခင်မောင်ရွှေ (ခ) ရာကွတ်ဘိုင် ဟာ ၂၀၁၆ ခုနှစ်မှာ Capital ဈေးဝယ်စင်တာနဲ့ ရန်ကုန်တိုင်း လွှတ်တော် အဆောက်အအုံကို ဖောက်ခွဲရန် ကြံစည်မှုနဲ့ ထောင် ၆၅ နှစ်ချခံထားရသူ အစ္စလာမ်ဘာသာဝင် နိုင်ငံရေး အကျဉ်းသား ဖြစ်ပါတယ်။

သူဟာ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် ထောင်ထဲရောက်လာတဲ့ နိုင်ငံရေးအကျဉ်းသား တွေကို တတ်နိုင်သမျှကူညီစောင့်ရှောက်ပေးခဲ့သူလို့ ကိုယ်တွေ့ကြုံသူတွေက ပြောပါတယ်။

၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၇ ရက်နေ့မှာတော့ အင်းစိန်ထောင်မှာရှိနေတဲ့ တရားလွှတ်တော် ရှေ့နေ ဦးကိုနီကို လုပ်ကြံမှု နဲ့ ထောင်ချခံထားရတဲ့ ကြည်လင်းတို့ နှစ်ဦးနဲ့ နိုင်ငံရေး အကျဉ်းသားတွေ စကားများရာမှာ ဦးခင်မောင်ရွှေက ဝင်ရောက် ဖျန်ဖြေရာကနေ ကိုယ်ထိလက်ရောက် ထိုးကြကြိတ်ကြရင်း ရန်ဖြစ်ခဲ့ကြပါတယ်။

Sean Turnell_Khin Maung Shwe.jpg
NLD အစိုးရလက်ထက် စီးပွားရေးအကြံပေး မစ္စတာ ရှောင်တာနဲလ်နှင့် နိုင်ငံရေးအကျဉ်းသား ဦးခင်မောင်ရွှေ။ (Photo: Sean Turnell / Facebook)

အဲဒီနောက်မှာတော့ အဆောင်မှူးထောင်အရာရှိက ရန်ဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဦးခင်မောင်ရွှေကို ရုံးခန်းရှေ့ခေါ်ထုတ်ပြီး ထောင်သားတွေနဲ့အတူ သံတုတ်တွေနဲ့ ဝိုင်းရိုက် ခဲ့ကြတယ်လို့ အဲဒီဖြစ်စဉ်ကို သိရှိခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုသီဟဝင်းတင် က RFA ကို ပြောပါတယ်။

“အတွင်းကြေဒဏ်ရာ ရပြီးတော့ သူကို တိုက်ထဲထည့်လိုက်တယ်။ တိုက်ထဲ ထည့်လိုက်ပြီးတော့ နောက်နေ့ ၁၈ ရက်၊ ၁၁ လမှာတော့ စကားမေး မရတော့ဘူး။ စကားမေး မရတော့ဘဲနဲ့ အဲဒီမှာ သေသွားတယ်ပေါ့နော်။ အဲဒီ မတိုင်ခင်မှာ မသေခင်မှာ အဆောင်မှူးရုံးခန်းမှာ ရိုက်တဲ့အပြင် Main Jail ကိုလည်း ထုတ်ပြီးတော့ ရိုက်နှက်တာ တွေ ရှိတယ်။ ပြောရမယ်ဆိုရင်တော့ မိသားစုကို အကြောင်းကြားတဲ့အနေအထားမှာ နှလုံးရပ်တယ်ဆိုပြီးတော့ အကြောင်းကြားတယ်။ ဒါပေမဲ့ တကယ့်တကယ်တမ်းကျ တော့ နှလုံးရပ်တာ မဟုတ်ဘူး။ အကစ အကျဉ်းဦးစီး တွေရယ်၊ သူ့လက်ပါးစေ ထောင်သားတွေရယ် ဒီလို ဝိုင်းရိုက်လို့သာ သေဆုံးရတာ ဖြစ်တယ်”

ဦးခင်မောင်ရွှေကို ဝိုင်းရိုက်သူတွေထဲမှာ အကျဉ်းဦးစီးဝန်ထမ်း ကိုထွန်းဝင်းထိုက်၊ ကိုစိုးဇင်အောင်နဲ့ ကိုမြင့်ဝင်း မောင် တို့ ပါဝင်ပြီး ဘာသာခြားလည်းဖြစ်တဲ့အတွက် အငြိုးကြီးစွာ ရိုက်နှက်ခဲ့ကြတာလို့ ကိုသီဟဝင်းတင် က ပြောပါတယ်။

၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၈ ရက်နေ့မှာ ဦးခင်မောင်ရွှေ (ခ) ရာကွတ်ဘိုင်ရဲ့ ရုပ်အလောင်းကို လာထုတ်ဖို့ ထောင် အာဏာပိုင်တွေက မိသားစုကို အကြောင်းကြားခဲ့ပါတယ်။ မိသားစုက ရုပ်အလောင်းကို နိုဝင်ဘာ ၁၉ ရက်နေ့မှာ သွားထုတ်တဲ့အခါ ဦးခင်မောင်ရွှေရဲ့ ဦးခေါင်း၊ မျက်နှာနဲ့ ခန္ဓာကိုယ်အနှံ့မှာ ပြင်းပြင်းထန်ထန် ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေကို မြင်တွေ့ခဲ့ရတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဦးခင်မောင်ရွှေရဲ့ မိသားစုကို RFA က ဖုန်းဆက်သွယ်ခဲ့ပေမယ့် လုံခြုံရေးအခြေအနေနဲ့ စိတ်ထိခိုက်မှုတွေကြောင့် ဖြေကြားဖို့ ငြင်းဆိုပါတယ်။

"လူမိုက်တွေ မွေးပြီးတော့ နိုင်ငံရေးအကျဉ်းသားတွေကို အဲဒီလိုနည်းနဲ့ ပြန်အကျပ်ကိုင် အနိုင်ကျင့်ပြီးတော့ အဲဒါနဲ့ အုပ်ချုပ်တယ်။ ဥပဒေနဲ့ မအုပ်ချုပ်ဘူး”

တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့် ကတော့ လက်ရှိမှာ အင်းစိန်ထောင်အပါအဝင် နိုင်ငံတစ်ဝန်းက ထောင် အရာရှိ နဲ့ ဝန်ထမ်းတွေဟာ ထောင်ဥပဒေလက်စွဲနဲ့အညီ အုပ်ချုပ်တာမျိုးမဟုတ်ဘဲ နိုင်ငံရေးအကျဉ်းသားတွေကို ရည်ရွယ်ချက်ရှိရှိ ဥပဒေမဲ့ အနိုင်ကျင့်ဖိနှိပ်နေတယ်လို့ RFA ကို ပြောပါတယ်။

“ထောင်ဥပဒေတွေလည်း နားမလည်ဘူး။ နားလည်စရာလည်း မလိုဘူး။ အထက်အမိန့် ကို နာခံဖို့ပဲ။ အဲဒါပဲ။ သူတို့က ဘာလုပ်လဲဆိုတော့ ဘာနဲ့အုပ်ချုပ်လဲဆိုတော့ ဥပဒေနဲ့ မအုပ်ချုပ်ဘူး။ လူမိုက်တွေ မွေးပြီးတော့ နိုင်ငံရေးအကျဉ်းသားတွေကို အဲဒီလိုနည်းနဲ့ ပြန်အကျပ်ကိုင် အနိုင်ကျင့်ပြီးတော့ အဲဒါနဲ့ အုပ်ချုပ်တယ်။ ဥပဒေနဲ့ မအုပ်ချုပ်ဘူး”

တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို သတ်ခဲ့တဲ့ ကိုကြည်လင်းနဲ့ သူ့ရဲ့မိတ်ဆွေ ကိုတင်မြင့်တို့ဟာ စစ်ဗိုလ်ချုပ်တွေ နဲ့ ရင်းနှီးသလို ထောင်အာဏာပိုင်တွေရဲ့ မျက်နှာသာပေးတာကို ခံရတဲ့အတွက် အင်းစိန်ထောင်ထဲမှာ အထူး အခွင့်အရေးတွေ ရနေခဲ့တာလို့လည်း ဦးကြီးမြင့် က ပြောပါတယ်။

ဦးခင်မောင်ရွှေ အင်းစိန်ထောင်ထဲမှာ ဥပဒေမဲ့ ရိုက်နှက်သတ်ဖြတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးနိုင်ဝင်း ကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံ ဖြေဆိုခြင်း မရှိပါဘူး။

တည်ဆဲ အကျဉ်းထောင် အက်ဥပဒေရော၊ နည်းဥပဒေ နှစ်ခုစလုံးအရ ထောင်ထဲမှာ အကျဉ်းသားတွေကို ရိုက်နှက်ခွင့် လုံးဝမရှိဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ထောင်မှူးကြီးဟောင်းတစ်ဦးက ပြောပါတယ်။

“ပြစ်ဒဏ် ၁၂ မျိုး ရှိတဲ့အထဲမှာ ကြိမ်ဒဏ်ပြစ်ဒဏ်က ၁၉၇၂ ကတည်းက ပယ်ဖျက်ပြီး ဖြစ်တဲ့အတွက် ဒီကြိမ်ဒဏ် ပြစ်ဒဏ်ကလည်း ပေးလို့မရဘူး။ ဆိုလိုတာက အကျဉ်း ထောင် အက်ဥပဒေရော၊ နည်းဥပဒေရော နှစ်ခုလုံးက လက်စွဲ ဥပဒေတွေထဲမှာက အကျဉ်းသားကို ရိုက်နှက်တာ လုံးဝ ခွင့်ပြုပေးမထားဘူး။ သူ့ရဲ့ ပြစ်မှုပေါ်မှာ မူတည် ပြီးမှ ပြစ်ဒဏ် အကြီးအသေး။ ဥပမာအားဖြင့် အလုံပိတ်ထောင်ဒဏ်ချတာတို့ အလုပ်ကြမ်း အလုပ်ပြောင်းရွှေ့နေရာ ချထားပေးတာတို့၊ အဝတ်ကြမ်း ဝတ်ခိုင်းတာတို့၊ အစားအစာလျှော့ချတာတို့ ဒါမျိုးတွေပဲ ကျနော်တို့က ဆောင်ရွက်ခဲ့ကြတာပေါ့”

၂၀၂၁ ခုနှစ်က အင်းစိန်ထောင်မှာ ဦးခင်မောင်ရွှေနဲ့ အခန်းချင်းကပ်ရက် နေထိုင်ခဲ့ဖူးသူ မစ္စတာ ရှောင်တာနဲလ် ကတော့ ဥပဒေမဲ့ ရိုက်နှက်အသတ်ခံခဲ့ရသူ ဦးခင်မောင်ရွှေဟာ သူတွေ့ဖူးသမျှထဲမှာ အထင်ကြီးလေးစားစရာ အကောင်းဆုံး လူသားတစ်ယောက်ဖြစ်ပြီး မြန်မာပြည်အတွက် တကယ်လိုအပ်သူလည်း ဖြစ်တယ်လို့ RFA ကို အီးမေးလ်က တစ်ဆင့် ပြန်လည်ဖြေကြားခဲ့ပါတယ်။

“သူဟာ ထက်မြက်တယ်။ ဗဟုသုတ ပြည့်စုံတယ်။ ကိုယ်ချင်းစာတရား ရှိတယ်။ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး စီးပွားရေး မူဝါဒ ချမှတ်တဲ့ အပိုင်းမှာလည်း လက်တွေ့ကျတဲ့ အတွေးအမြင်တွေ ရှိတယ်။ သူက ကျနော့်ကို စားရေးသောက်ရေးအတွက် ကူညီပေး တယ်။ အဝတ်အစားတွေကို သန့်ရှင်းခြောက်သွေ့အောင် ဘယ်လိုထားရ မလဲ ပြတယ်။ လိုအပ်တဲ့ ပစ္စည်းအားလုံးကို ပေးတယ်။ ကျနော့်ကိုလည်း စိတ်ဓာတ်မကျအောင် အားပေးတယ်”

အင်းစိန်ထောင်မှာ ဥပဒေမဲ့ ရိုက်သတ်ခံရတဲ့ ဦးခင်မောင်ရွှေ ဟာ နိုင်ငံရေး၊ လူမှုရေး တက်ကြွလှုပ်ရှားသူတစ်ဦး ဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲမှာ လူနည်းစုပါတီဖြစ်တဲ့ အမျိုးသားညီညွတ်ရေး ကွန်ဂရက်ပါတီကနေ ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက် ယှဥ်ပြိုင်ခဲ့ဖူးပါတယ်။

ဦးခင်မောင်ရွှေလို့ ခေါ်တဲ့ ရာကွတ်ဘိုင် ဟာ သက်ကြီးဝါကြီးတွေကို သနားကူညီတတ် သူတစ်ဦး ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးကွန်ဂရက်ပါတီဝင် နိုင်ငံရေးလုပ်ဖော် ကိုင်ဖက်တစ်ဦးက ပြောပါတယ်။

“သူက လမ်းကျယ်မှာ နေတယ်။ ပရဟိတ လုပ်တယ်။ အဲဒီမှာ လူတွေနဲ့ နည်းနည်းပါးပါး ခင်ခင်မင်မင် ရှိတယ် ဆိုပြီးတော့ ရွေးကောက်ပွဲ ဝင်ချင်လည်းဝင်လို့ ပြောလိုက်တယ်။ နောက်ပိုင်းကျတော့ တစ်မျိုးတွေ ဖြစ်လာတယ်ပေါ့။ ရွေးကောက်ပွဲမှာ သွင်းရမယ့် စာရင်းတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့က စစ်ဆေးတဲ့အခါကျတော့ မကြိုက်လို့ ပါတီမှာ အစည်းအဝေးထိုင်ပြီးတော့ ထုတ်ထားလိုက်တာပေါ့။ လူတွေကိုတော့ အသက်ကြီး ဝါကြီး ဘာညာ သနားတတ်တယ်။ ကူညီတတ်တယ်။ အဲဒါ ငယ်ငယ် ကတည်းက သူ့အကျင့်”

၂၀၁၆ ခုနှစ် နိုဝင်ဘာ ၂၅ ရက်နေ့မှာ ဖောက်ခွဲရေးကိစ္စတွေနဲ့ပတ်သက်ပြီး ဦးခင်မောင်ရွှေ အဖမ်းခံခဲ့ရတာက လည်း အမှန်မဟုတ်ဘဲ အာဏာပိုင်တွေရဲ့ လုပ်ကြံဖန်တီးမှုလို့ ဦးခင်မောင်ရွှေနဲ့ နီးစပ်တဲ့သူတွေက ပြောပါတယ်။

ဒီပြောဆိုချက်နဲ့ ပတ်သက်ပြီး RFA က သီးခြား အတည်ပြုနိုင်ခြင်း မရှိပါဘူး။

မစ္စတာ ရှောင်တာနဲလ် က‌တော့ ဦးခင်မောင်ရွှေ ဟာ ထောင်ထဲမှာ သူ အသက်ဆက်ရှင် နိုင်ဖို့ ကူညီပေးခဲ့တယ်၊ သူပိုင်ဆိုင်သမျှတွေကို မယုံကြည်နိုင်လောက်တဲ့ ရက်ရောမှုတွေနဲ့ ဝေမျှခဲ့တယ်။ သူ့လို နိုင်ငံခြားသားတစ်ယောက်ကို ခြိမ်းခြောက်ဖို့ ကြိုးစားတဲ့ ထောင်ဝန်ထမ်းတချို့ရဲ့ ရန်ကနေ ကာကွယ်ပေးခဲ့သေးတယ်။ ဦးခင်မောင်ရွှေလို လူတစ်ယောက်ကို မေ့မပစ်ချင်ကြောင်းနဲ့ ဦးခင်မောင်ရွှေဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး သူ ချစ်မြတ်နိုးရတဲ့ အရာအားလုံးရဲ့ စံနမူနာထားရမယ့်သူ တစ်ယောက်ဖြစ်ကြောင်း RFA ကို အီးမေးလ်ကတစ်ဆင့် ပြန်လည်ဖြေကြားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။