နိုင်ငံရေးအကျဉ်းသားလေးဦး ကွပ်မျက်ခံရမှု တစ်နှစ်ပြည့် လူထုလှုပ်ရှားမှုပြုလုပ်
2023.07.23
စစ်ကောင်စီက အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့တဲ့ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ကို လက်တွေ့ သေဒဏ်စီရင်ခဲ့တာ ဇူလိုင် ၂၃ ရက် ဒီနေ့ တစ်နှစ်ပြည့်ခဲ့ပါပြီ။
ကိုဂျင်မီတို့ လေးဦးအပါအဝင် စစ်ကောင်စီ ဖမ်းဆီးသတ်ဖြတ်တာ ခံခဲ့ရသူတွေအတွက် အထိမ်းအမှတ် အခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) တို့က အွန်လိုင်းကတစ်ဆင့် ဇူလိုင် ၂၃ ရက်က ပြုလုပ်ခဲ့ကြပါတယ်။ ဒီအပြင် မြန်မာနိုင်ငံဒေသတချို့နဲ့ နိုင်ငံတကာမှာလည်း လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
သေဒဏ်စီရင်ခံရမှု တစ်နှစ်ပြည့်အတွက် တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာလည်း လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ ထားဝယ်ခရိုင်ရဲ့ ဦးဆောင်ကော်မတီဝင် ကိုမင်းလွင်ဦးက ပြောပါတယ်။
“မနေ့ (ဇူလိုင်လ ၂၂ ရက်နေ့) ကတော့ ကျွန်တော်တို့ လူထုသပိတ်လှုပ်ရှားမှု လုပ်တယ်ဗျ။ ကိုဂျင်မီတို့ အပါအဝင်ပေါ့ဗျာ အကျဉ်းထောင်အသီးသီးက ဆွဲထုတ်ပြီး သတ်ခံနေရတဲ့ဟာတွေနဲ့ ပတ်သက်လို့ မနေ့ကတော့ လှုပ်ရှားမှုလုပ်တယ်။ ပေးဆပ်သွားခဲ့ရတဲ့ သူရဲကောင်းတွေရဲ့ သွေးတစ်စက်ချင်းတိုင်းအတွက် အချည်းအနှီးမဖြစ်ဖို့ တိုင်းရင်းသား ပြည်သူထုတစ်ရပ်လုံး လိုလားတဲ့ လွတ်လပ်မှု၊ တန်းတူညီမျှမှု၊ တရားမျှတမှုပေါ့ဗျာ။ ဒီမိုကရေစီအရေး၊ ဖက်ဒရယ်အရေး အမျိုးသားတန်းတူညီမျှမှုနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ နိုင်ငံတည်ဆောက်နိုင်ရေးအတွက် ရှေ့ဆက်တိုက်ပွဲဝင်သွားဖို့ လိုတာပေါ့ဗျာ”
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းဒေသခံတွေကလည်း ကိုဂျင်မီတို့ လေးဦး ကွပ်မျက်ခံရတဲ့ တစ်နှစ်ပြည့်အနေနဲ့ ဒီလ ၂၁ ရက်နေ့နဲ့ ၂၂ ရက်နေ့တွေမှာ ချီတက် ဆန္ဒပြခဲ့ပါတယ်။
ကိုဖြိုးဇေယျာသော်ရဲ့ ပုံနဲ့ Art Work လှုပ်ရှားမှုကိုလည်း ဇူလိုင် ၂၃ ရက်နေ့က လူမှုကွန်ရက်ပေါ်မှာ ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) က ပြုလုပ်ခဲ့ပါတယ်။
သတ်ဖြတ်တာခံရသူတွေအတွက် အကောင်းဆုံးလက်စားချေတာဟာ ဖက်ဒရယ် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးရရှိအောင် လုပ်ဆောင်တာဖြစ်တယ်လို့ ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေ လုပ်ဆောင်နေတဲ့ ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း တာဝန်ရှိသူ ကိုရေဘဝဲက ပြောပါတယ်။
“ပြည်သူတွေရဲ့ အကောင်းဆုံး လက်စားချေခြင်းဟာ ဒီနိုင်ငံမှာ စစ်အာဏာရှင်စနစ် ပျက်သုဉ်းပြီး အလုံးစုံ ဖက်ဒရယ်ဒီမိုကရေစီ ပန်းတိုင်၊ လူ့အခွင့်အရေးရရှိရေး ပန်းတိုင်တွေကို ဆုပ်ကိုင်နိုင်မယ်၊ ရယူနိုင်မယ်ဆိုရင်တော့ ဒါက ပြည်သူအားလုံးရဲ့ အကောင်းမွန်ဆုံး၊ အပြည့်အဝဆုံး၊ လက်စားချေခြင်းပဲ ဖြစ်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့တွေ သူရဲကောင်းတွေရဲ့ မျှော်ရည်ချက်ကို ကျွန်တော်တို့ ပြည်သူ့အားနဲ့ ဆက်ပြီး ချီတက်ကြရအောင်ပါ”
ပြည်တွင်းကလှုပ်ရှားမှု တချို့အပြင် နိုင်ငံတကာမှာဆိုရင် အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီက မြန်မာသံရုံးရှေ့မှာ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေ ဆန္ဒပြခဲ့ပါတယ်။
ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့မှာလည်း ကိုဂျင်မီတို့လေးဦး မတရားကွပ်မျက်ခံရမှုအတွက် အောက်မေ့ဖွယ် အခမ်းအနားကို ဗြိတိန်ရောက်မြန်မာပြည်ဖွား တိုင်းရင်းသားတွေက ပြုလုပ်ခဲ့ပါတယ်။
အွန်လိုင်းကတစ်ဆင့် NUG နဲ့ သပိတ်အင်အားစုတွေ စုပေါင်းပြုလုပ်တဲ့ နှစ်ပတ်လည် အထိမ်းအမှတ်ပွဲမှာတော့ NUG ယာယီသမ္မတ ဒူဝါလရှီးလနဲ့ NUG ဝန်ကြီးတချို့၊ သပိတ်အင်အားစုတွေ၊ လက်တွေ့သေဒဏ် စီရင်ခံရသူတွေရဲ့ မိသားစုတွေ ပါဝင်ခဲ့ပါတယ်။
ဒီမိုကရေစီအရေး လှုပ်ရှားသူတွေ သတ်ဖြတ်ခံရတာတွေအတွက် တရားမျှတမှု ဖော်ဆောင်နိုင်ဖို့ စစ်အာဏာရှင်စနစ် အဆုံးသတ်ဖို့ လိုတယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပါတယ်။
“တရားမျှတမှုကို ဖော်ဆောင်ဖို့ဆိုတာ ဒီလိုမျိုး ခေတ်ပြောင်းစနစ်ပြောင်း တော်လှန်ရေးမှာ ရင်းနှီးပေးဆပ်သွားကြတဲ့ သူရဲကောင်းတွေ၊ လူပုဂ္ဂိုလ်တွေ၊ နိုင်ငံသူ နိုင်ငံသားတွေရဲ့ တရားမျှတမှု ပြန်လည်ဖော်ဆောင်ဖို့ဆိုတာဟာ အာဏာရှင်စနစ် အပြီးတိုင် အဆုံးသတ်ပြီးတော့ ကျွန်မတို့တိုင်းပြည် တောက်လျှောက်လိုအပ်ခဲ့တဲ့ ဖက်ဒရယ်ဒီမိုကရေစီ စနစ်ကို မဖော်ဆောင်နိုင်မချင်း တရားမျှတမှုဟာ ဖော်ဆောင်နိုင်မှာ မဟုတ်ဘူးဆိုတာပါ။ ဒါကြောင့် ဒီပန်းတိုင်ကို မရောက်မခြင်း ကျွန်မတို့ ချီတက်သွားကြဖို့ တိုက်ပွဲဝင်သွားကြဖို့ ကျွန်မအနေနဲ့ ကတိသစ္စာပြုပါတယ်”
စစ်ကောင်စီ ကြိုးပေးသတ်ဖြတ်ခံရသူတွေအတွက် မိသားစုဝင်တွေဟာ တရားမျှတမှုရဖို့ မျှော်လင့်နေကြပြီး ကိုဂျင်မီရဲ့ဇနီး မနီလာသိန်းကလည်း ဒီလိုလုပ်ဆောင်ခဲ့သူတွေ ထိုက်သင့်တဲ့ပြစ်ဒဏ် ပြန်ခံစားရမယ်လို့ ပြောပါတယ်။
ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ကို စစ်ကောင်စီက ရန်ကုန်တိုင်း၊ အင်းစိန်အကျဉ်းထောင်မှာ ဖမ်းဆီးထားရာကနေ သေဒဏ်စီရင်ပြီးကြောင်း ၂၀၂၂ ခုနှစ် ဇူလိုင်လ၂၅ ရက်နေ့မှာ စစ်ကောင်စီသတင်းစာတွေကနေ ထုတ်ပြန်ခဲ့ပါတယ်။ သူတို့ကို ဘယ်အချိန်မှာ ကွပ်မျက်ခဲ့ပြီး ဘယ်လိုမြှုပ်နှံလိုက်တယ်ဆိုတာကို မိသားစုဝင်တွေ သိခွင့်မရခဲ့ပါဘူး။
အာဆီယံနိုင်ငံတွေက လွှတ်တော်အမတ်တွေ ပါဝင်ဖွဲ့စည်းထားတဲ့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ (APHR) အဖွဲ့ကတော့ ဒီမိုကရေစီအရေး လှုပ်ရှားသူ လေးဦး ကွပ်မျက်ခံရတာနဲ့ ပတ်သက်လို့ တစ်နှစ်ကြာသည်အထိ တရားမျှတမှု မရသေးဘူးလို့ ဇူလိုင် ၂၁ ရက်နေ့က ထုတ်ပြန်ပါတယ်။
"ကိုဂျင်မီတို့ အပါအဝင်ပေါ့ဗျာ အကျဉ်းထောင်အသီးသီးက ဆွဲထုတ်ပြီး သတ်ခံနေရတဲ့ဟာတွေနဲ့ ပတ်သက်လို့ မနေ့ကတော့ လှုပ်ရှားမှုလုပ်တယ်။"
ဥရောပ ပါလီမန်ကလည်း ကိုဂျင်မီတို့ လေးဦး ကွပ်မျက်ခံရတဲ့ နှစ်ပတ်လည်နေ့မှာ စစ်ကောင်စီရဲ့ တရားလက်မဲ့စီရင်မှုကို အမှတ်ရနေမယ်လို့ ဇူလိုင် ၂၃ ရက်မှာ ကြေညာချက်ထုတ်ပြန်ပါတယ်။
ကွပ်မျက်ခံရသူတွေအတွက် တရားမျှတမှု တောင်းဆိုတာတွေနဲ့ပတ်သက်လို့ စစ်ကောင်စီ ပြောခွင့်ရသူကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့တုန်းကတော့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ကိုဂျင်မီတို့လေးဦးဟာ သေဒဏ်အကြိမ်ကြိမ် ကျခံထိုက်သူတွေလို့ မီဒီယာတွေကို ပြောခဲ့ပါတယ်။
အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့အထိ စစ်ကောင်စီက သေဒဏ်ချမှတ်ခံထားရသူ ၁၅၈ ဦးရှိနေပြီး အာဏာသိမ်းကာလအတွင်း သေဆုံးခဲ့ရသူပေါင်း လေးထောင်နီးပါး (၃၈၁၉ ဦး) ရှိနေပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းတွေမှာ ဖော်ပြပါတယ်။