အိုးဘိုထောင်မှာ နိုင်ငံရေးအကျဉ်းသူတွေ ရိုက်နှက်ခံရပြီး ထောင်တွင်းပြစ်ဒဏ်ပါ ချမှတ်ခံရ

RFA Burmese
2023.02.17
အိုးဘိုထောင်မှာ နိုင်ငံရေးအကျဉ်းသူတွေ ရိုက်နှက်ခံရပြီး ထောင်တွင်းပြစ်ဒဏ်ပါ ချမှတ်ခံရ မန္တလေးမြို့၊ အကျဉ်းထောင်ရှေ့ မြင်ကွင်းအား ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က တွေ့ရစဉ်။
RFA

အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ အငြိုးအတေးနဲ့ နှိပ်စက်ခံနေရတယ် လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)၊ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက် ရေးအသင်း (AAPP) အပါအဝင် လူအခွင့်အရေးအဖွဲ့အစည်းတွေက ပြောဆိုကြပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၄ ရက်နေ့က မန္တလေးအိုးဘိုထောင်မှာ နိုင်ငံရေးအကျဉ်းသူတွေကို အကျဉ်းဦးစီးဌာန ဝန်ထမ်းတွေဝင်ရိုက်ခဲ့တဲ့ ဖြစ်ရပ်မှာ ရော်ဘာတုတ်၊ သစ်သားတုတ်တွေ အပြင် လေးခွတွေနဲ့ပါ ပစ်ခတ်ခဲ့တဲ့အတွက် နားရွက်ပြတ်ရှဒဏ်ရာရတဲ့သူ နှစ်ဦး၊ ခေါင်းကွဲတဲ့သူ ခြောက်ဦး၊ လက်ကျိုးတဲ့သူ တစ်ဦး၊ မျက်လုံးနားကို လောက်စာလုံးမှန်ပြီး ဒဏ်ရာရတဲ့သူ သုံးဦး၊ မျက်လုံးထဲမှာဒဏ်ရာရသွားတဲ့သူ တစ်ဦးရှိခဲ့ပြီး အကျဉ်းသူ ၇၀ လောက် လောက်စာလုံးထိမှန်ခဲ့ကြတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

နိုင်ငံရေးအကျဉ်းသူတွေနဲ့ ထောင်ဝန်ထမ်းတွေ စကားများကတောက်ကဆဖြစ်တာကို အကြောင်းပြုပြီး ရိုက်နှက်ခံခဲ့ရတာလို့ နိုင်ငံရေးအကျဉ်းသူတစ်ဦးရဲ့ မိသားစုဝင်က RFA ကို ပြောပါတယ်။

“ဖြစ်စဉ်ကတော့ ဒီလိုဗျ။ သူတို့မိန်းကလေးအကျဉ်းထောင်ထဲမှာနော် နိုင်ငံရေး အကျဉ်းသူတွေ ရေနွေးတန်းစီ ရင်းနဲ့ သူတို့ ကတောက်ကဆဖြစ်ပုံရပါတယ်။ အဲဒါ အကျဉ်းဝန်ထမ်းတွေက ဝင်ရိုက်ကြတာ။ အဲဒီမှာ ယောက်ျားလေး အကျဉ်းဝန်ထမ်း တွေပါ ရိုက်တယ် ပြောပါတယ်။ နောက်ပြီး တိုက်ပိတ်ခံရတယ်။ နိုင်ငံရေးအကျဉ်းသူ အတော်များများ တိုက်ပိတ်ခံထားရတယ်။ ဒါပေမဲ့ တိုက်ပိတ်ခံရတဲ့ထဲမှာ (မိသားစုဝင်) ပါလား မပါလား မသိသေးဘူးပေါ့နော်။ လောလောဆယ်က အဲလောက်ထိပဲ သိထား တယ်။ ဒီရက်တွင်း သတင်းက သိပ်ပြီး မပြန့်ဘူးပေါ့”

ဒဏ်ရာရခဲ့တဲ့ အမျိုးသမီးအကျဉ်းသူ ၄၂ ဦးကို ထောင်အာဏာပိုင်တွေက သုံးထပ်ဆောင်ကို ပို့ဆောင်ထားသလို အကျဉ်းသူနှစ်ဦးကတော့ တိုက်ပိတ်ခံထားရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ နောက်ထပ် အကျဉ်းသူ ၄၀ ကိုလည်း ထောင်တွင်းပြစ်ဒဏ်အဖြစ် သီးခြားအခန်းတွေနဲ့ ခွဲထားတယ်လို့လည်း NUG ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

"နိုင်ငံရေးအကျဉ်းသားတွေ၊ အကျဉ်းသူတွေအပေါ်မှာ မတရား ရက်စက်ယုတ်မာစွာ အကြမ်းဖက်တာတွေ၊ သတ်ဖြတ်တာတွေ၊ လူမဆန်စွာ နှိပ်စက်တာတွေ ဆက်လက်ဖြစ်ပေါ်နေပါတယ်”

ထောင်ဝင်စာတွေ့ခွင့်ကိုလည်း တစ်လပိတ်ပင်ထားတယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနရဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ထုတ်ပြန် ချက်မှာ ဖော်ပြထား ပါတယ်။

ဒါကြောင့် အိုးဘိုထောင်က အခြေအနေတွေသိနိုင်ဖို့ စစ်ကောင်စီရဲ့ အကျဉ်းဦးစီးဌာန ပြောခွင့်ရသူ ဦးနိုင်ဝင်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက နိုင်ငံရေးအကျဉ်းသားတွေ အပေါ် အခုလို လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေအပေါ် အငြိုးအတေး ရှိနေတာကြောင့်လို့ ပြောပါတယ်။

“နိုင်ငံရေးအကျဉ်းသားတွေက ရဲရဲဝံ့ဝံ့နဲ့ နိုင်ငံရေးမှာ ပါဝင်ခဲ့ကြတယ်။ ဒါကြောင့်မို့လို့ အငြိုးထားမှုတွေ အများ ကြီးခံရတယ်။ အငြိုးထားတဲ့အချိန်မှာ ဖမ်းဆီးတဲ့ စစ်တပ်တင်မကဘူး ထောင်ထဲမှာရှိတဲ့ ထောင်တာဝန်ခံတွေ၊ ထောင်အမှုထမ်း၊ အရာထမ်းတွေကိုယ်တိုင်က သူတို့ကို အလုပ်ရှုပ်တယ်၊ အမှုပိုတယ်ဆိုပြီးတာ့ မုန်းတီးမှု တွေ ရှိတယ်။ ဒါတွေရဲ့ ရလဒ်တွေကြောင့် အခုဆိုရင် နိုင်ငံရေးအကျဉ်းသားတွေ၊ အကျဉ်းသူတွေအပေါ်မှာ မတရား ရက်စက်ယုတ်မာစွာ အကြမ်းဖက်တာတွေ၊ သတ်ဖြတ်တာတွေ၊ လူမဆန်စွာ နှိပ်စက်တာတွေ ဆက်လက်ဖြစ်ပေါ်နေပါတယ်”

စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းအကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသား တွေ အကြမ်းဖက် ရိုက်နှက်ခံရတာ၊ သေဆုံးတာ၊ တိုက်ပိတ်ခံရတာတွေနဲ့ ထောင် ပြောင်းရွှေ့ ခံရတဲ့သတင်းတွေက မကြာခဏ ထွက်ပေါ်နေတာပါ။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၆ ရက်နေ့က ပုသိမ်အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ အကြမ်းဖက်ရိုက် နှက်ခံရပြီး နိုင်ငံရေးအကျဉ်းသား အမျိုးသားနှစ်ဦး သေဆုံးခဲ့သလို အကျဉ်းသား ၇၀ နီးပါး ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဒီ့အပြင် ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်မှာလည်း ဇန်နဝါရီလ ဒုတိယအပတ်မှာ နိုင်ငံရေးအကျဉ်းသား ၇၀၀ ဝန်းကျင် ထောင်ပြောင်းရွှေ့ခံခဲ့ရပါတယ်။

ဒါတင်မကဘဲ အင်းစိန်အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသူနှစ်ဦးဟာ အကျဉ်းဦးစီး ဌာနတာဝန်ရှိသူတွေကို ထောင်တွင်းအဆင်မပြေမှုတွေ တင်ပြတာကြောင့် ဇန်နဝါရီလ ၂၅ ရက်နေ့က နှစ်ပတ်တိုက်ပိတ်ခံခဲ့ရတယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေ က RFA ကို ပြောပါတယ်။

ထောင်ထဲမှာ ဒီလိုဖိနှိပ်မှုမျိုးတွေကို လူမသိသူမသိ မတရားခံနေရသူတွေက အများကြီး ရှိနေပြီး ဒါကို နိုင်ငံတကာကပါ သိမြင်လာအောင်လုပ်သင့်တယ်လို့ နိုင်ငံရေးအကျဉ်းသား တွေကို ကူညီပေးနေတဲ့ “ထောင်ဝင်စာ ပို့ကြမယ်အဖွဲ့” တာဝန်ရှိသူတစ်ဦး က RFA ကို ပြောပါတယ်။

“ပြောရမယ်ဆိုရင် ဒါတွေက ထောင်ထဲမှာရော ထောင်ပြင်မှာပါ မဖြစ်သင့်တော့ တဲ့ကိစ္စတွေပဲ။ အခုဟာက သူတို့လက်ခုပ်ထဲက ရေဆိုတော့လည်း ကျနော်တို့မှာ ပြောလို့လည်းမရဘူး။ သူတို့လုပ်သမျှ သူတို့ ပြုသမျှခံရမယ့် အနေအထားမျိုးတွေပဲ ရှိနေတယ်ပေါ့။ ဒီဟာတွေကို လူထုအပြင်ကို တခြားဒီ NUG နဲ့တခြား သံတမန်ရေးရာ လူကြီးတွေပေါ့နော် နိုင်ငံတကာကနေပြီးတော့ပိုပြီးသိမြင်လာအောင် အကုန်လုံးက ဝိုင်းလုပ်သင့်တယ်။ ဒါလူမသိသူမသိနဲ့ အကုန်လုံးအထဲမှာ မတရားခံနေရတဲ့သူတွေက အများကြီးပဲ”

လတ်တလော အိုးဘိုထောင်ဖြစ်ရပ်မှာ နိုင်ငံရေးအကျဉ်းသူတွေကို အမျိုးသားတွေပါ ပါတဲ့ ထောင်ဝန်ထမ်း၊ ထောင်အရာရှိတွေက သံတုတ်၊ ဝါးဆစ်ပိတ်တုတ်၊ လောက်လေးခွ၊ ကွန်ကရစ်လောက်စာလုံးနဲ့ ကျင်စက်တွေကိုအသုံးပြုပြီး ရိုက်နှက်ခဲ့တယ်လို့ NUG လူအခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဖော်ပြခဲ့ပါတယ်။

ဒီလိုထောင်တွင်းအကြမ်းဖက်လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး ထောင်အာဏာပိုင်တွေအနေနဲ့ တစ်နေ့အရေးယူခံရ နိုင်တာ သတိပေးချင်တယ်လို့ မြန်မာနိုင်ငံလူ့အခွင့်အရေးကွန်ရက် (BHRN) ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဦးကျော်ဝင်းက RFA ကို ပြောပါတယ်။

obo-mdy.jpg
မန္တလေး၊ ဗဟိုအကျဉ်းထောင်အား ၂၀၁၉ ခုနှစ်၊ မေလ ၅ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

“ထောင်ပိုင်တွေနော်၊ ထောင်ထဲမှာရှိတဲ့အာဏာပိုင်တွေပေါ့နော် သူတို့ရဲ့ ကိုယ်ရေး မှတ်တမ်း တွေလည်း ပြင်ပ ရောက်လာပြီ။ ဒီဟာတွေက အချိန်အတိုင်းအတာတစ်ခုမှာ အရေးယူမှုဆိုတာ ဖြစ်လာပါလိမ့်မယ်။ ဆိုတော့ စစ်တပ်ဆိုတာက ဒါဗိုလ်ချုပ်တွေ ဆိုတာကတော့ သူတို့ရဲ့လွတ်ရာပဲသူတို့ ရုန်းမှာပေါ့နော်။ ဒီလူတွေလောက်ကို သူတို့ဘယ်ဂရုစိုက်မလဲ။ ဆိုတော့ အဲဒီလူတွေက ကိုယ့်ဘေးကိုယ်မြင်သင့်ပြီ။ ကိုယ့်အနေအထားကိုယ် နားလည်သင့်ပြီပေါ့နော်။ ဒီစစ်တပ်ရဲ့ လုပ်ရပ်တွေအပေါ်မှာ အားပေးနေသရွေ့ သူတို့တွေလည်း မရှုမလှ တစ်နေ့ ရင်ဆိုင်ရ မယ်ဆိုတာ သတိပေးလို့ရပြီ။ သတိပေးချင်တယ် ပေါ့နော်”

စစ်ကောင်စီရဲ့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကတော့ ၂၀၂၂ ခုနှစ်အတွင်း အကျဉ်းထောင်၊ အချုပ်ထောင်၊ အကျဉ်းစခန်းနဲ့ ရဲစခန်းအချုပ်ခန်းက အကျဉ်းသားတွေနဲ့တွေ့ဆုံခဲ့ပြီး ညှဉ်းပန်း နှိပ်စက် ခံရမှုရှိမရှိ၊ ထောင်ဝင်စာပစ္စည်းတွေ ပြည့်စုံစွာ ရ မရ မေးမြန်းမှတ်တမ်းတင်ထားပြီး တစ်ဦးချင်း တင်ပြလိုတဲ့ အကျဉ်းသား၊ အချုပ်သား ၂၃၉ ဦးကိုလည်း မေးမြန်းမှတ်တမ်းတင်ခဲ့တယ်လို့ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့က ထုတ်ပြန် ထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေနဲ့ အကျဉ်းထောင်၊ အကျဉ်းစခန်း၊ အချုပ်ခန်းနဲ့ ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းတွေကို ကြည့်ရှုစစ်ဆေးရာမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကို အလေးထား စိစစ်ဆောင်ရွက်နေတယ်လို့လည်း ဖော်ပြပါတယ်။ ဒါပေမဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှု ရှိ၊ မရှိကိုတော့ ထုတ်ပြန်ချက်မှာ တိတိကျကျ ဖော်ပြထားတာ မရှိပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ တာဝန်ရှိသူ တစ်ဦးကတော့ နိုင်ငံတစ်ဝန်းက အကျဉ်းထောင်တွေမှာ လူ့ အခွင့်အရေးချိုးဖောက်မှုတွေနဲ့ မတရားနှိပ်စက်ညှဉ်းပန်းမှုတွေကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ ကျူးလွန်နေတာလို့ ပြောပါတယ်။

“ဒါတွေက စစ်အုပ်စုက သူတို့ကို ဆန့်ကျင်တဲ့သူတွေကို ရည်ရွယ်ချက်ရှိရှိ နေရာအနှံ့မှာ ကျူးလွန်နေတာဖြစ်တယ်။ ဒါက ဒီအကျဉ်းထောင်ထဲမှာ ကျူးလွန်တဲ့ လူအခွင့်အရေး ချိုးဖောက်မှုတွေနဲ့ မတရား နှိပ်စက်ညှဉ်းပန်းမှုကို ကျူးလွန်နေတာဖြစ်တယ်။ ဒါတွေနဲ့ ပတ်သက်ပြီးတော့ ဒါမျိုးတွေသည် မတရားညှဉ်းပန်းနှိပ်စက်မှုတွေ၊ လူ့အခွင့် အရေး ချိုးဖောက်မှုတွေ ကျူးလွန်လို့ရအောင် ခွင့်ပြုထားတဲ့သူတွေ၊ အမိန့်ပေးစေခိုင်းတဲ့သူတွေ၊ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ပတ်သက်ခဲ့သူတွေအားလုံးက တစ်ချိန်မှာ အပြစ်ပေး အရေးယူမှု သေချာပေါက် ခံကို ခံရမှာဖြစ်တယ်။ အခုလိုမျိုး နှိပ်စက်ညှဉ်းပန်းမှုတွေက နေရာအနှံ့မှာ ကြားနေရတာဖြစ်တဲ့အတွက်ကြောင့် သေချာပေါက် သူတို့တွေဟာ ပြန်လည်ပေးဆပ်ရမှာဖြစ်တယ်လို့ပဲ ပြောချင်တယ်ပေါ့နော်”

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဖေဖော်ဝါရီလ ၁၆ ရက် ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် ပြည်သူ ၁၅,၈၈၃ ဦး ဖမ်းဆီးခံထားရပြီး အဲ့ဒီထဲက ၄၃၃၇ ဦးက ထောင်ဒဏ်အသီးသီး ချမှတ်ခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။