ပြည်တွင်းနိုင်ငံရေးအင်အားစုတွေရဲ့ ငွေဆောင်ဆွေးနွေးပွဲ
2025.01.02

တိုင်းပြည်ရဲ့ နိုင်ငံရေးအကျပ်အတည်း ထွက်ပေါက်ရှာဖို့ ပြည်တွင်းက လွတ်လပ်ပြီး အစဉ်အလာရှိတဲ့ ဝါရင့်နိုင်ငံရေးသမားတချို့ ပါဝင်တဲ့ လျှို့ဝှက်ဆွေးနွေးပွဲတစ်ရပ်ကို ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့က ဧရာဝတီတိုင်း ငွေဆောင်ကမ်းခြေမှာ ပြုလုပ်ခဲ့တယ်လို့ ဆွေးနွေးပွဲမှာပါခဲ့တဲ့ သတင်းရင်းမြစ်တစ်ယောက်က RFA ကို ပြောပါတယ်။
အဲဒီဆွေးနွေးပွဲမှာ ၈၈၊ ၉၆ နဲ့ ၉၈ မျိုးဆက် နိုင်ငံရေးအင်အားစုတွေ၊ ထိပ်တန်း တိုင်းရင်းသားနိုင်ငံရေးအင်အားစုတွေအပြင် Generation Z လို့ခေါ်တဲ့ မျိုးဆက်သစ်လူငယ်တွေလည်း ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါဟာ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့က ထိပ်တန်းသံတမန်တွေပါတဲ့ လျှို့ဝှက်ဆွေးနွေးပွဲအတွက် အကြိုဆွေးနွေးခဲ့တာလို့ NLD ပါတီရဲ့ ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုဦး က ဆိုပါတယ်။
ငွေဆောင်ဆွေးနွေးပွဲမှာ မပါဝင်ခဲ့ပေမဲ့ သူ့ဆီရောက်လာတဲ့ အစီရင်ခံစာတွေအရ သိရတာလို့လည်း ဦးဘိုဘိုဦး က ပြောပါတယ်။
ဒီဆွေးနွေးပွဲမှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်ဖို့၊ သက်ဆိုင်တဲ့ Stakeholder (သက်ဆိုင်သူအားလုံး) တွေပါတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေလုပ်ဖို့၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ အမြန်ဆုံး ပြန်လွှတ်ပေးဖို့၊ နိုင်ငံအနှံ့ဖြစ်နေတဲ့ စစ်ပွဲတွေရောက်တဲ့နေရာက ရပ်တန့်ထားဖို့၊ နိုင်ငံရေးဆွေးနွေးပွဲတွေလုပ်ဖို့ နိုင်ငံတကာ အကူအညီတွေ လိုအပ်မှု၊ အသွင်ကူးပြောင်းရေး ကာလသတ်မှတ်ဖို့နဲ့ ကြားကာလ စီမံခန့်ခွဲရေး ယန္တရားတစ်ခုဖွဲ့စည်းဖို့ စတဲ့ဆုံးဖြတ်ချက် ခုနစ်ချက် ချမှတ်ခဲ့ကြပါတယ်။
အဲဒီနောက် ၂၀၂၄ ခုနှစ် အောက်တိုဘာ ၄ ရက်နဲ့ ၅ ရက်နေ့တွေမှာ နိုင်ငံတကာ ထိပ်တန်းသံတမန်တွေပါတဲ့ မြန်မာ့အရေး လျှို့ဝှက်ဆွေးနွေးပွဲကို အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ကျင်းပခဲ့ပါတယ်။
ဂျကာတာဆွေးနွေးပွဲကို ငွေဆောင်ဆွေးနွေးပွဲက ထွက်ပေါ်တဲ့ဆုံးဖြတ်ချက်တွေ သယ်ဆောင်သွားတယ်လို့ NLD ပါတီရဲ့ ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုဦး က ပြောပါတယ်။
“ဂျကာတာပွဲအတွက်ကို ဒီအချက်အလက်တွေကို ယူသွားတယ်ဆိုတာတော့ ကျွန်တော်သိထားပါတယ်။ အဲဒီအစည်းအဝေးကလည်း သတင်းအမှောင်ချထားတော့ ကျွန်တော်တို့အတွက်က အခက်အခဲရှိတာပေါ့။ ဒီ ခုနစ်ချက်ကိုတော့ ရှုထောင့်တစ်နေရာကနေ တင်ပြပါလိမ့်မယ်"
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်ကလည်း ဂျကာတာဆွေးနွေးပွဲကို ငွေဆောင်ဆွေးနွေးပွဲ ဆုံးဖြတ်ချက်တွေ သယ်ဆောင်သွားတယ်လို့ RFA ကို အတည်ပြု ပြောပါတယ်။
ဆက်နွှယ်သောသတင်းများ
မြန်မာ့ပြဿနာ ဒေါ်အောင်ဆန်းစုကြည်မပါဝင်ဘဲ မပြေလည်နိုင်ကြောင်း NLD ပြော
ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပေးဖို့ ဗြိတိန်ဝန်ကြီးဟောင်းသုံးဦး တိုက်တွန်း
စစ်တပ် နိုင်ငံရေးက အပြီးထွက်မှ ဆွေးနွေးပွဲတွေဖြစ်လာမယ်လို့ တော်လှန်ရေးအင်အားစုတွေပြော
ဂျကာတာဆွေးနွေးပွဲကို ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ (EU)၊ အာဆီယံ အရှေ့တောင်အာရှနိုင်ငံများ အသင်းနဲ့ အင်ဒိုနီးရှားက ကိုယ်စားလှယ် တွေ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ မြန်မာအတိုက်အခံအင်အားစုတွေ တက်ရောက်ခဲ့ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီးဟောင်းသုံးယောက်၊ ဗြိတိန်အစိုးရဝန်ကြီး ဟောင်း ပေါလ်စကာလီနဲ့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ပညာသင်ကြားခဲ့တဲ့ ဗြိတိန်နိုင်ငံ Oxford တက္ကသိုလ် St. Huge ကောလိပ် ကျောင်းအုပ်ဆရာမကြီး Lady Elish Angiolini တို့ကလည်း ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းက တိုက်တွန်းခဲ့ပါတယ်။
ဒီလိုအချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် ငွေဆောင်ဆွေးနွေးပွဲသတင်းက ထွက်ပေါ်လာခဲ့တာပါ။
ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ဒီလို တောင်းဆိုတာတွေနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံ အခြေစိုက် မြန်မာ့နိုင်ငံရေးလေ့လာသူ ဒေါက်တာလှကျော်ဇော် ရှုမြင်တာကတော့ ....
“ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ကတော့ အပြတ်ပေါ့နော်။ နိုင်ငံရေးမှာ နာလန်မထူနိုင်အောင်ကို လုပ်ပစ်လိုက်တာဗျ။ ဒေါ်အောင်ဆန်းစုကြည်ဘက်ကလည်း ပြတ်သွားပုံရတယ်။ သူက အစတုန်းက အမျိုးသားရင်ကြားစေ့ရေး ဘာရေး ပြောပေမဲ့လို့ နောက်ဆုံးရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဆွေးနွေးပြီးတဲ့အခါမှာတော့ သူ့ဘက်ကလည်း ပြတ်သားသွားပြီထင်တယ်။ စစ်တပ်ကတော့ ဘယ်လိုမှ ဖျောင်းဖျလို့ ပေါင်းစည်းလို့တော့ မရနိုင်တော့ဘူးလို့ သူလည်း တွက်သွားပုံရတယ်။ အခုချိန်ထိ မလွှတ်တာကိုက ဒေါ်အောင်ဆန်းစုကြည်က လွတ်လာလည်း သူတို့အကြိုက် ပြောလိမ့်မယ်လို့ မထင်လို့ဗျ။ ဒါကြောင့်မို့ မလွှတ်တာ ဖြစ်ကောင်းဖြစ်မယ်။ ဒါပေမဲ့ စစ်တပ်ကိုယ်တိုင်က ငါတို့တော့ တစ်စုံတစ်ရာလျှော့မှ ဖြစ်တော့မယ်လို့ တွက်လာရင်တော့ လွှတ်ကောင်းလွှတ်နိုင်တာပေါ့"
ငွေဆောင်ဆွေးနွေးပွဲပြီးနောက် ရှမ်းပြည်နယ် ကလောမြို့မှာ နောက်ထပ်ဆွေးနွေးကြဖို့ စီစဥ်ခဲ့ကြပေမဲ့ တားဆီးခံခဲ့ရတယ်လို့လည်း သတင်းရင်းမြစ်တစ်ယောက်က RFA ကို ပြောပါတယ်။
ပြည်တွင်းမှာ ဒီဆွေးနွေးပွဲကို စစ်ကောင်စီခွင့်ပြုချက်နဲ့ လုပ်ခဲ့သလားနဲ့ ဆုံးဖြတ်ချက်တွေကို စစ်ကောင်စီဆီ ပေးပို့သလားဆိုတာကို RFA က လောလောဆယ် မသိရသေးပါဘူး။
ဆွေးနွေးပွဲမှာပါဝင်ခဲ့တဲ့ ၈၈ မျိုးဆက် ကိုမြအေးက မဇ္စျိမသတင်းဌာနနဲ့ အင်တာဗျူးမှာ ငွေဆောင်ဆွေးနွေးပွဲ ဆုံးဖြတ်ချက်တွေ ထုတ်ပြောလိုက်ပြီးတဲ့နောက် အခုလိုလူသိရှင်ကြားဖြစ်လာခဲ့တာပါ။