စစ်အာဏာရှင်လက်ထက်မှာ ဆင်းရဲနွမ်းပါးသူတွေ စားဝတ်နေရေးပိုခက်ခဲ

ရဲစည်သူကာ (ဝါရှင်တန် ဒီစီ)
2021.08.27

မြန်မာနိုင်ငံမှာ လက်လုပ်လက်စားတွေ၊ ဆင်းရဲနွမ်းပါးသူတွေဟာ စစ်အာဏာရှင်လက်ထက်မှာ ပိုပြီး ကျပ်တည်းလာတဲ့အပြင် လာလှူတဲ့အလှူရှင်တွေ နည်းပါးသွားတာကြောင့် အခက်ခဲတွေ ပိုမို ရင်ဆိုင်လာကြ ရတယ်လို့ ကာကယံရှင်တွေက RFA ကို ပြောဆိုကြပါတယ်။

ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ် ထားဝယ်ချောင်အမှိုက်ပုံနားမှာ အမှိုက်ပုံက ရလာတဲ့ သွပ်အဟောင်း၊ သစ်သားပြား အဟောင်းတွေ၊ ကာလို့ရသမျှ ခင်းလို့ရသမျှလေးတွေနဲ့ နေလို့ရအောင်ဆောက်ထားတဲ့ အိမ်လေးတွေ ရှိနေပါတယ်။

အမှိုက်ပုံကနေ ရလာတဲ့ ကော်တိုကော်စ၊ ပလတ်စတစ် ဗူးကအစ ပြန်ရောင်းလို့ရသမျှကို ကောက်ယူ စုဆောင်းနေကြရပေမယ့် ဝယ်တဲ့ဆိုင်တွေ ပိတ်ထားတာကြောင့် ရောင်းလို့မရကြဘူးလို့ ထားဝယ်ချောင် အမှိုက်ပုံကို မှီခိုနေရတဲ့ အမျိုးသမီးတစ်ယောက်က ပြောပါတယ်။

"အရောင်းဝယ်တွေက ဒီကိုဗစ်မှာ ပိတ်တဲ့အခါကျတော့ အဆင်မပြေဘူး။ အခုဆို ကျမတို့ ထိုင်နေရတယ်။ ဘာလို့ဆို ဝယ်မယ့်သူမရှိလို့ ထိုင်နေရတာ။ ပလတ်စတစ်ကလည်း ကိုယ်က ကောက်ထားလို့ရတယ်။ ဒါပေမဲ့ အပြင်မှာက ဝယ်မယ့်သူမရှိဘူး။ စက်ရုံတွေက အကုန်လုံးပိတ်ထားတယ်။ အဲဒါတော့ နည်းနည်း ခက်ခဲတယ်ပေါ့နော်။"

အဲဒီအမှိုက်ပုံမှာ နေထိုင်သူ အိမ်ထောင်စု ၇၅ ခုနဲ့ လူဦးရေ ၃၀၀ ကျော်ရှိနေပါတယ်။ အရင်က တစ်ယောက်ကို ဝင်ငွေ တစ်သောင်းကျော်လောက် ရတာကနေ အခုဆိုရင် ဝင်ငွေ လေးထောင်၊ ငါးထောင်လောက်ရဖို့ မနည်း ရှာဖွေနေကြရတယ်လို့ ပြောကြပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်တုန်းက ကိုဗစ်ကပ်ရောဂါတွေ ဖြစ်လို့ စီးပွားရေးခက်ခဲတယ် ဆိုပေမယ့် သွားရလာရတာ စိတ်ချလက်ချ သွားလို့ရခဲ့ပါတယ်။

အခုချိန်မှာတော့ အမှိုက်ကရတဲ့ ပစ္စည်းတွေ ရောင်းမရလို့ အပြင်ထွက်ပြီး အလုပ်ရှာဖို့အတွက် ကလည်း လုံခြုံရေးအတွက် စိတ်မဖြောင့် ဖြစ်နေရတယ်လို့ အမှိုက်ပုံကို မှီခိုနေရတဲ့ နောက်ထပ် အမျိုးသမီး တစ်ယောက်က ပြောပါတယ်။

"ကွာတာပေါ့။ ပြီးခဲ့တဲ့အစိုးရတုန်းက ရောင်းရေး ဝယ်ရေးတွေလည်း အဆင်ပြေတယ်။ လူတွေလည်း ဒီလောက်ကြီး ပူပန်စရာမလိုဘူး။ အခုကတော့ သွားသတိ၊ လာသတိကို ထားနေရတာပေါ့။ ဘယ်အချိန် ဘာလုပ်မလဲမသိဘူး။ ကိုယ်က ရှေ့သွားပြန်ရင်လည်း နောက်မှာ ကျန်ခဲ့တဲ့ကလေးတွေကို စိတ်သောက များနေတယ်။ အဲ့ဒါကြောင့်မို့လို့ ရှေ့ကိုဇွတ်ပြီးလည်း မရှာရဲဘူး။ စားဝတ်နေရေးကို"

ကိုဗစ် ပထမလှိုင်း၊ ဒုတိယလှိုင်းတုန်းက ထားဝယ်ချောင်အမှိုက်ပုံမှာ နေထိုင်သူတွေကို လာလှူတဲ့ အလှူရှင် တွေဟာ တစ်ရက်ကို သုံးဖွဲ့လောက်ရှိခဲ့ပေမယ့် အခု စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ လာလှူနိုင်တဲ့ သူတွေဟာ တစ်ပတ်မှ သုံးဖွဲ့လောက်သာ ရှိတော့တယ်လို့ အမှိုက်ပုံနားမှာ နေထိုင်သူလည်းဖြစ်၊ အဲဒီ အိမ်ထောင်စုတွေအတွက် အလှူခံပေးနေသူလည်း ဖြစ်တဲ့ ဦးသန်းထွေးက ပြောပါတယ်။

“စားဝတ်နေရေး ရိက္ခာအတွက်ကတော့ ပထမလှိုင်း၊ ဒုတိယလှိုင်းမှာ တော်တော် လာလှူကြတယ်။ အခုလက်ရှိမှာတော့ လာတော့လာကြပါတယ်။ ဒါပေမဲ့ အရင်လိုတော့ မဟုတ်ဘူးပေါ့နော်။ ဖျောက်တောက် ဖျောက်တောက်ပေါ့။ ကျနော်အကောင့်ဖွင့်ထားရင် အကောင့်ကနေပြီးတော့ လာလှူတာတွေ ရှိပါတယ်။"

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုနဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ကူးစက်ပျံ့နှံ့တာတွေကြောင့် ၂၀၂၁ နှစ်ကုန်ပိုင်းမှာ မြန်မာ့စီးပွားရေးဟာ ၁၈ ရာခိုင်နှုန်းအထိ ကျဆင်းသွားနိုင်တယ်လို့ ကမ္ဘာ့ဘဏ်က ဇူလိုင် ၂၅ မှာ ထုတ်ပြန်ထားပါတယ်။

စီးပွားရေးကျဆင်းတာကြောင့် ပြည်သူတွေ အလုပ်လက်မဲ့ဖြစ်တဲ့ဒဏ်၊ ဝင်ငွေဆုံးရှုံးတဲ့ဒဏ်၊ ကျန်းမာရေးနဲ့ အစားသောက် မလုံလောက်တဲ့ဒဏ်တွေကြောင့် ချို့တဲ့သူတွေ၊ အဆင်းရဲဆုံးပြည်သူတွေ ပိုခံရလိမ့်မယ် လို့လည်း ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။

poor people
(မြောက်ဒဂုံမြို့နယ် ထားဝယ်ချောင် အမှိုက်ပုံတွင် နေထိုင်ပြီး လုပ်ကိုင်စားသောက်ကြသူများကို ၂၀၂၁ သြဂုတ် ၁၄ ရက်နေ့က တွေ့ရစဉ်) Photo: RFA

အမျိုးသားဒီမိုကရေစီ အစိုးရလက်ထက်တုန်းက အလုပ်ကိုင်တွေ ရပ်နားရတာ၊ အသွားလာတွေ ပိတ်ထား ရတာ၊ စားဝတ်နေရေး အဆင်မပြေကြတာတွေကြောင့် ဆင်းရဲနွမ်းပါးသူ၊ သက်ကြီးရွယ်အို၊ ကိုယ်ဝန်ဆောင် စတဲ့ သူတွေအတွက် နိုင်ငံတော် ထောက်ပံ့ငွေတွေ ပေးခဲ့ပါတယ်။

အခုချိန်မှာတော့ စားဝတ်နေရေး ကျပ်တည်းနေတဲ့ကြားကပင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌလည်းဖြစ်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်မြောက်ဖို့နဲ့ ကျန်းမာရေး ကောင်းဖို့အတွက် ဆုတောင်းနေတယ်လို့ ထားဝယ်ချောင် အမှိုက်ပုံက နောက်ထပ် အမျိုးသမီးတစ်ယောက်က ရင်ဖွင့်ပါတယ်။

“အခုကတော့ ဆယ်တန်းကျောင်းသူနဲ့ ကျမနဲ့လုပ်မှ ၅,၈၀၀ ပဲရခဲ့တယ်။ နှစ်ယောက် လုပ်တာတောင်မှ ၅,၈၀၀ ပဲ ရခဲ့တယ်။ အရင်တုန်းက တစ်ယောက်တည်းလုပ်ရင်တောင် တစ်သောင်း၊ ရှစ်ထောင် အဲလို ရတယ်။ အခုရက်ပိုင်းတော့ သိပ်အဆင်မပြေဘူးပေါ့။ ရောဂါတွေလည်းဖြစ်နေ၊ ကျန်းမာရေးလည်း ဖြစ်နေတော့ သိပ်အဆင်မပြေဘူးပေါ့။ အဓိကကတော့ အမေစု ပြန်လွတ်စေချင်တယ်။ လုပ်ကိုင် စားနေရလည်း အမေစု ကျန်းမာရေးကောင်းရဲ့လား အဲဒါပဲ စိတ်ထဲမှာရှိတယ်။ တစ်နေ့မှ စိတ် မချမ်းသာဘူး။ အမေစုကိုပဲ မျှော်နေမိတယ်။ “

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်ဟာ ၂၀၀၈ ခုနှစ်မှာ နာဂစ်မုန်တိုင်းဒဏ်ခံရတဲ့ ဧရာဝတီတိုင်း ကနေ ရွှေ့ပြောင်းလာ သူတွေ အများစု လာရောက် မှီခိုနေထိုင်တဲ့ မြို့နယ်တစ်ခု ဖြစ်ပြီး ကျုးကျော်ရပ်ကွက်တွေ ရှိနေတာဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖြစ်တဲ့ ဦးဖြိုးမင်းသိန်းလက်ထက် ၂၀၁၆ - ၂၀၁၇ ခုနှစ်တုန်းက လှိုင်သာယာမြို့နယ်မှာ ကျုးကျော်သူတွေ ဖြစ်ကြောင်း သက်သေခံလက်မှတ် Smart card ထုတ်ပေးထားသူ အရေအတွက် သုံးသောင်းရှစ်ထောင်ကျော် ရှိပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ စာရင်းအရ ဖေဖော်ဝါရီကနေ ဇူလိုင် အတွင်း စစ်အာဏာရှင်ကို ဆန့်ကျင်ရင်း လှိုင်သာယာမြို့နယ်က သေဆုံးသူ ၇၀ ကျော်ရှိခဲ့ပါတယ်။

"ဟင်းပါတဲ့ရက်ကတော့ နည်းတာပေါ့။ ငါးပိရည်၊ တို့စရာ၊ ကြက်ဥ ဒါပဲ။"

လှိုင်သာယာမြိုနယ် ၁၆ ရပ်ကွက် ကျုးကျော်တဲလေးတစ်ခုမှာနေတဲ့ ကိုယ်အင်္ဂါမသန်စွမ်းသူ ကိုခင်မောင်မြင့် ဟာ Wheel Chair လေးနဲ့ ကလေးကစားစရာ လေပူဖောင်းတွေရောင်းရင်း အသက်မွေးနေရသူပါ။

ကလေးတွေပူဖောင်းလိုချင်လို့ ပူဆာတာကို ဝယ်မပေးနိုင်တဲ့သူတွေ ရှိနေတာကြောင့် တစ်ခါတလေ အလကား တောင် ပေးဖြစ်လိုက်တယ်လို့ ပြောပါတယ်။

"ကျပ်တည်းနေကြတဲ့ အခါကျတော့ ကိုယ်ကလည်း ကလေးကစားစရာ ပစ္စည်းရောင်းတာလေ။ ကလေး မိဘတွေက ဝယ်ပေးချင်တာတောင်မှ သူတို့ညဉ်းသံတွေ ကြားရတယ်။ တစ်ခါတစ်လေ ကိုယ်တောင် အလကား ပေးလိုက်ရတာတွေရှိတယ်။"

ပုံမှန်ဆိုရင် ပူဖောင်းရောင်းရငွေ တစ်ရက် ငါးထောင်လောက် ရှိခဲ့ပေမယ့် အခုချိန်မှာတော့ တစ်ရက် တစ်ထောင့်ငါးရာကနေ သုံးထောင်လောက်သာ ရတယ်လို့ ပြောပါတယ်။ ဒါကြောင့် ကိုခင်မောင်မြင့်ရဲ့ အမျိုးသမီး မစန်းတင်ကလည်း ပူဖောင်းရောင်း တခြားအိမ်မှာ အဝတ်လျှော် စတဲ့ အိမ်မှုကိစ္စတွေလုပ်ရင်း တစ်ဖက်တစ်လှမ်းကနေ ဝင်ငွေရှာနေသူပါ။

အခုချိန်မှာ တစ်ရက်ကို တစ်ထောင့်ငါ့းရာလောက်သာ ဝင်ငွေရှိတဲ့အတွက် လယ်ကွင်းထဲက ကန်စွန်းရွက်လို စားသောက်လို့ရတဲ့ အသီးအရွက်တွေဟာ ဟင်းတစ်ခွက် ဖြစ်လာခဲ့ပါတယ်။

ဇူလိုင်လထဲမှာ ဆန်၊ ဆီ၊ ကြက်ဥ စတဲ့ ကုန်ဈေးနုန်းတွေ တက်သွားခဲ့ပြီးနောက် ကြက်ဥတောင် မိသားစု သုံးယောက် လောက်ငှအောင် မစားနိုင်ကြဘူးလို့ မစန်းတင်က ပြောပါတယ်။

"တက်တာပေါ့။ အရင်က ကြက်ဥတစ်လုံး တစ်ရာပဲရှိတာ၊ အခု တစ်ရာ့ငါးဆယ်တဲ့။ သူတို့သားအဖဖို့တော့ တစ်ခါတလေ ကြက်ဥကြော်ပေးလိုက်တယ်။ ဟင်းပါတဲ့ရက်ကတော့ နည်းတာပေါ့။ ငါးပိရည်၊ တို့စရာ၊ ကြက်ဥ ဒါပဲ။ အဲလိုမျိုးပဲ အများဆုံး စားနိုင်တယ်လေ။ သူတို့သားအဖပဲ ဝယ်ကျွေးလိုက်တယ်လေ။ ကိုယ်ကတော့ မစားတော့ဘူး။ ငါးပိရည်တို့စရာတော့ အမြဲစားတယ်လေ။"

မြန်မာနိုင်ငံမှာ ၂၀၂၀ ခုနှစ် မတ်လ ကိုဗစ်ကပ်ရောဂါ စတင်ကူးစက်ခံရပြီး ကူးစက်မှု မြင့်တက်ခဲ့တဲ့ ပထမ လှိုင်း၊ ဒုတိယလှိုင်းတွေမှာတော့ မရှိနွမ်းပါးသူတွေ၊ လက်လုပ်လက်စားတွေကို အိမ်တွေ၊ ရပ်ကွက်တွေ အထိ လိုက်လှူတဲ့ ပုဂ္ဂလိကအလှူရှင်၊ အသင်းအဖွဲ့တွေ တော်တော်များများ ရှိခဲ့ပါတယ်။

ကိုဗစ်ပထမလှိုင်းနဲ့ ဒုတိယလှိုင်းတုန်းက နွမ်းပါးသူတွေကို ဆန်၊ ဆီ စတဲ့ နေ့စဉ်စားသောက်ကုနတွေကို လှူဒါန်းပေးခဲ့တဲ့ ပြည်သူမှ ပြည်သူသို့ မျှဝေခြင်းအဖွဲ့ဟာ အခု ကိုဗစ်တတိယလှိုင်းမှာတော့ အောက်ဆီဂျင် လိုအပ်သူတွေအတွက် ဦးစားပေး ကူညီပေးနေပါတယ်။

အသက်လုနေရသူတွေကို ဦးစားပေးကူညီနေရတာကြောင့် နွမ်းပါးသူတွေကို ဆယ်ရာခိုင်နှုန်းလောက်သာ ကူညီဖြစ်တော့တယ်လို့ ပြည်သူမှ ပြည်သူသို့ မျှဝေခြင်းအဖွဲ့ တည်ထောင်သူ ဦးဇော်နိုင်က ပြောပါတယ်။

"လုပ်တော့လုပ်တယ်။ တချို့မရှိနွမ်းပါးတဲ့သူတွေကို နည်းနည်းတော့လုပ်တယ်။ အခုချိန်မှာတော့ သေဘေးနဲ့ ရင်ဆိုင်နေရသူတွေကိုတော့ ဦးစားပေးပြီး လုပ်ဖြစ်တယ်။ နွမ်းပါးတဲ့သူတွေဘက်ကို ၉၀- ၁၀ ပေါ့နော်။ ဒီဘက်ကို ၉၀ ရာခိုင်နှုန်းလောက်ဆို နွမ်းပါးသူတွေဘက်ကို ၁၀ ရာခိုင်နှုန်းလောက်ပဲ လုပ်နိုင်တယ်။"

ရန်ကုန်တိုင်းလို လူဦးရေများတဲ့ တိုင်းထဲမှာသာမက ဧရာဝတီတိုင်းလို စိုက်ပျိုးရေးလုပ်ကိုင်တဲ့ ဒေသတွေ မှာလည်း ကျပ်တည်းလာကြသူတွေ များလာပါတယ်။

ဧရာဝတီတိုင်း ငသိုင်းချောင်းမြို့က ဒေါ်ခင်မာကြူဟာ ငသိုင်းချောင်းမြို့မှာ စားသောက်ဖို့ အခက်ခဲ ရှိသူတွေ အတွက် အင်တာနက် လူမှုကွန်ရက်ကနေ အလှူခံပေးပြီး တစ်အိမ်ကို ကျပ်သောင်းစီ တစ်ဆင့်ပြန်လှူပေး နေသူပါ။ တစ်ဆင့်အလှူခံပြီး ပြန်လှူပေးရတာ အိမ်ထောင်စု အနည်းဆုံး သုံးထောင်ကျော်လောက် ရှိတယ်လို့လည်း ပြောပါတယ်။ (သူ Live လွှင့်ပြီးအလှူခံနေတဲ့ ဖိုင်တွေ ထည့်ပေးထားပါတယ်။)

poor people
(ထားဝယ်ချောင် အမှိုက်ပုံမှာ နေထိုင်သူများကို ၂၀၂၁ သြဂုတ် ၁၄ ရက်နေ့က တွေ့ရစဉ်) Photo: RFA

အရင်ကိုဗစ်ကာလတွေတုန်းက လိုအပ်သူတွေရဲ့ ကျေးရွာတွေ၊ အိမ်တွေကို လိုက်လှူခဲ့ပေးရပေမယ့် ကိုဗစ်တတိယလှိုင်းကာလဖြစ်တဲ့ ဩဂုတ်လထဲမှာတော့ ချက်စားဖို့တောင် ဆန်မရှိလို့ လာအလှူခံတဲ့ သူတွေများလာတာကြောင့် အခုလို တစ်ဆင့်ပြန်အလှူခံပေးနေရတာ ဖြစ်တယ်လို့ ဒေါ်ခင်မာကြူက ပြောပါတယ်။

"ဒီတစ်ခါတော့ ပထမဆုံး၊ အရင်က သူတို့က လှူမှယူတယ်။ အခုကတော့ ဒီက လှူနေပြီဆိုတာ သိလည်းသိရော သူတို့အခက်ခဲဖြစ်ရင် ဒီအန်တီဆီသွားရင် ပြေလည်မယ်လို့ ဆုံးဖြတ်ချက် ချပြီးသား။ အဲလိုဖြစ်နေတာ။ တစ်သောင်းက လူနည်းရင် တစ်ပတ်လောက်စားရတယ်။ လူများရင် သုံး၊ လေးရက်ပဲ စားရတယ်။ နည်းတော့နည်းတယ်။ ဒါပေမယ့် အိမ်ခြေများများ ထမင်း ဆယ်လုံးဆိုရင် အိမ်ခြေ ဆယ်အိမ် မျှကျွေးလိုက်တဲ့သဘောပဲ။"

နိုင်ငံရေး မတည်ငြိမ်တာ၊ ရောဂါကူးစက်ပျံ့နှံ့တာ၊ အလုပ်ကိုင်တွေ မကောင်းတာတွေဟာ မြို့ပေါ်နေထိုင် သူတွေ သာမက ကျေးရွာမှာ နေထိုင်သူတွေလည်း ခက်ခဲကျပ်တည်းလာ တာကြောင့် ဒီအတိုင်းဆိုရင် ပိုပြီး ဆိုးလာနိုင်တယ်လို့ စီးပွားရေးပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။

အခု ရင်ဆိုင်နေရတဲ့ စီးပွားရေး၊ လူမှုရေးပြဿနာတွေကို သီးသန့်ဖြေရှင်းလို့ မရဘဲ နိုင်ငံရေးပြဿနာကို ဖြေရှင်းမှသာ ပြေလည်မှာဖြစ်တယ်လို့ စီးပွားရေးပညာရှင် တစ်ယောက်ဖြစ်တဲ့ ဦးဇော်ဖေဝင်းက ပြောပါတယ်။

"စီးပွားရေးတို့ လူမှုရေးတို့ဆိုတာက နိုင်ငံရေးရဲ့ အစိတ်ပိုင်းတွေပဲ။ အဲတော့ မြန်မာပြည်ရဲ့ ပြဿနာကို နိုင်ငံရေးအရ အားလုံးလက်ခံနိုင်တဲ့ အဖြေတစ်ခု မရှာနိုင်လို့ရှိရင်တော့ ဒီတိုင်းပြည်က ဒီထက်ဆိုးဖို့ပဲ ရှိတယ်။ စီးပွားရေးကိုလည်း သပ်သပ်ဖြေရှင်းလို့ မရဘူး။ လူမှုရေးကိုလည်း သပ်သပ်ဖြေရှင်းလို့ မရဘူး။ နိုင်ငံရေးပြဿနာကို ပြေလည်အောင် ဖြေရှင်းနိုင်ရင် ကျန်တဲ့ပြဿနာတွေ ပြေလည်သွားမယ်။ နိုင်ငံရေးက ဒီအတိုင်းပဲ ဆက်သွားမယ်ဆိုရင်တော့ ဒီထက်ပိုဆိုးမယ်လို့ တွေးမိပါတယ်။"

ကမ္ဘာ့စားနပ်ရိက္ခာအစီစဉ် WFP က မြို့နယ်ပေါင်း ၇၀ ကျော်၊ ဈေးပေါင်း ၁၀၀ ကျော်နဲ့ မတူညီတဲ့ ကုန်သည် တွေ၊ ဈေးဆိုင်ပေါင်း ၂၅၀ ကျော်ကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာကနေ ၂၀၂၁ ဇွန်အထိ ကောက်ယူထားတဲ့ အချက်အလက်တွေအရ ကြက်ဥက ၄ ရာခိုင်နှုန်း၊ ဆန်က ၃ ရာခိုင်နှုန်း၊ အာလူးက ၃၂ ရာခိုင်နှုန်း မြင့်တက် သွားတယ်လို့ ဈေးကွက်လေ့လာချက်မှာ ဖော်ပြထားပါတယ်။

ဒီရှေ့ပြေးလက္ခဏာတွေဟာ တစ်နေ့စာတစ်နေ့ ရှာဖွေနေရတဲ့ အထိခိုက်လွယ်ဆုံး သူတွေအတွက် စိတ်ပူစရာ ဖြစ်ပြီး ကိုဗစ်-၁၉ ရဲ့ ရိုက်ခတ်မှုအပေါ်မှာ အခုလို ကုန်ဈေးနှုန်းတွေဆက်ပြီး မြင့်တက်နေမယ်ဆိုရင် အနွမ်းပါးဆုံးနဲ့ ထိခိုက်အလွယ်ဆုံး ရပ်ရွာလူထုတွေအနေနဲ့ မိသားစုထမင်းဝိုင်းမှာ ဝဝလင်လင် စားသောက် နိုင်ဖို့ တော်တော်ရုန်းကန်ရမယ့် အခြေအနေဖြစ်တယ်လို့ WFP က မတ် ၁၆ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။