ကပ်ဘေးအန္တရာယ်ကြားမှာ မော်လမြိုင်က ဝင်ငွေနည်းသူတွေ ရုန်းကန်နေရ

မင်းခိုင်စိုးလင်း
2020-10-19
Share

မော်လမြိုင်မြို့နယ်နဲ့ ဘီးလင်းမြို့နယ်တွေမှာ ပြည်သူတွေ မလိုအပ်ဘဲ အိမ်ပြင်မထွက်ဖို့ Stay at Home အမိန့်ကို အစိုးရက စက်တင်ဘာလအတွင်းက ထုတ်ပြန်ထားပြီး ပြန်မရုပ်သိမ်းသေးတဲ့အတွက် အကျုံးဝင်နေဆဲပါ။

ဒီအမိန့်က အကျုံးမဝင်တဲ့ မွန်ပြည်နယ်ထဲက တခြားမြို့နယ် ရှစ်ခု  ကျန်နေတဲ့မြို့နယ်တွေမှာလည်း ရောဂါပိုး ကူးစက်ခံရသူတွေ ရှိနေပါတယ်။

အောက်တိုဘာလ ၁၆ ရက်နေ့ မနက်ပိုင်းအထိ ပြည်နယ် ကျန်းမာရေးဦးစီးဌာနရဲ့ စာရင်းတွေအရ မွန်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၄၂၉ ဦးနဲ့ သေဆုံးသူ ၈ ဦးအထိ ရှိလာပြီလို့ သိရပါတယ်။

အဲဒီထဲမှာ သတင်းကောင်းကတော့ ပိုးကင်းစင်လို့ ဆေးရုံဆင်းခွင့်ရသူ အရေအတွက်က ၂၉၇ ဦး ရှိတယ် ဆိုတာ ပါပဲ။

အောက်တိုဘာ  ၁၆ ရက်နေ့ ညနေပိုင်း မွန်ပြည်နယ် ကျန်းမာရေးဦးစီးဌာနကနေရရှိတဲ့ အချက်အလက်အရ မော်လမြိုင်မှာ အတည်ပြုလူနာ ၁၅၆ ဦး ရှိနေပါတယ်။

ကူးစက်မှု မရပ်တန့်သေးတဲ့အတွက် ဘဏ်လုပ်ငန်း၊ စက်သုံးဆီ၊ စားသောက်ကုန်၊ ဆေးဝါးဖြန့်ဖြူးရေး၊ ရေသန့် ထုတ်လုပ်ဖြန့်ဖြူးရေး နေ့စဉ် တကိုယ်ရေသုံး ပစ္စည်းထုတ်လုပ်တဲ့စက်ရုံတွေမှာ တာဝန်ထမ်းဆောင်နေသူတွေ ကလွဲလို့ အားလုံးဟာ နေအိမ်မှာ နေကြရမှာပါ။

ဒါပေမဲ့ အခြေခံလူတန်းစား အများအပြားကတော့  မိသားစုစားဝတ်နေရေးကို ဖြေရှင်းနိုင်ဖို့အတွက် အပြင် မထွက်ရင် မရဘူးလို့ ပြောကြပါတယ်။

အပြင်မထွက်ရင် မိသားစုစားဝတ်နေရေးအတွက် အဆင်မပြေဘူး ဆိုတဲ့ သုံးဘီးမောင်းသူ ဦးအန်ဂူကြီးက စိုးရိမ်စိတ်နဲ့ လှုပ်ရှားနေရတယ်လို့ ပြောပါတယ်။

“စားဝတ်နေရေးအတွက် အရေးကြီးတော့ အရေးယူရင်လည်း အရေးယူခံမှာပဲ။ နိုင်ငံတော်က ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်က အများပြည်သူတွေ ကောင်းဖို့အတွက် ထုတ်ပြန်ထားတာပဲ။ ကျွန်တော်တို့ သုံးဘီးတွေ အနှေးယာဉ်တွေ တော်တော်ဒုက္ခဖြစ်တဲ့အတွက် တစ်နေ့ကို ၂၀၀၀ ရလည်း မနဲဘူး။ ၃၀၀၀ ရလည်း မနဲဘူး။ ဒုက္ခခံပြီး အပြင်ထွက်နေရတာ၊ မထွက်ချင်ပဲနဲ့ ထွက်နေရတာ”

သုံးဘီးကားမောင်းသူတွေဟာ  စားဝတ်နေရေး အခက်အခဲကို အပေါင်ဆိုင်သွားပြီး ဖြေရှင်းနေရတယ်လို့ သူက ဆက်ပြောပြပါတယ်။

“ဘယ်လိုဒုက္ခဖြစ်လဲဆိုတော့ သုံးဘီးကို အပေါင်ဆိုင်မှာ ပေါင်ထားပြီးတော့ ၁၀ အတိုးနဲ့ထုတ်ပြီးတော့ မိသားစုတွေ ထိုင်စားနေရတယ်။ သုံးဘီးတော့ အိမ်မှာမရှိဘူး။ အပေါင်အိမ်မှာပဲ ထားထားရတယ်။ သူငယ်ချင်း တော်တော်များများပဲ။ ၁၀ ယောက်မှာ ၈ ယောက်လောက် အဲဒီလို လုပ်နေကြရတယ်”

အချို့သုံးဘီးရောင်းဝယ်ရေး ကုမ္ပဏီတွေက ကိုဗစ်ကာလမှာ အရစ်ကျသွင်းရတဲ့ငွေကို တစ်နှစ်ဆိုင်းငံ့ပေးပေမယ့် တချို့ကုမ္ပဏီတွေကတော့ အရစ်ကျသွင်းရမယ့်ငွေတွေကို ဆိုင်းငံ့ပေးတာ မရှိလို့ သုံးဘီးသမားတွေ အခက်ကြုံ နေတာလည်း ရှိပါတယ်။

ဆိုင်ကယ်အငှားမောင်းသူ ဦးမြင့်နိုင်က ဝင်ငွေနည်း ဆိုင်ကယ်သမားတွေထဲမှာ ဆိုင်ကယ်အပိုင် မရှိလို့ ငှားမောင်းသူရဲ့ အခက်အခဲက ပိုကြီးမားတယ်လို့ ရှင်းပြပါတယ်။

အုံနာကြေး  လို့ အလွယ်တကူခေါ်ကြတဲ့  ပိုင်ရှင်ဖြစ်သူကို ဆိုင်ကယ် တစ်နေ့တာ အသုံးပြုမှု အခကြေးငွေ ပေးနိုင်ဖို့ ကြိုးစားရသေးတယ်လို့ ဦးမြင့်နိုင်က ပြောပါတယ်။

“ဆိုင်ကယ်ကျတော့ မမောင်းရဘူး။ ထွက်လာတော့လည်း ၅၀၀၊ ၁၀၀၀ ရရင်ပြန်ပေါ့၊ ဒီလိုပဲ တခါတလေ ရတယ်။ တခါတလေ မရတာလည်းရှိတယ်။ အခက်အခဲရှိတော့ ပေါင်လိုက် ရောင်းလိုက် စားလိုက်ပေါ့။ ရောင်းရင်း ပေါင်ရင်းနဲ့ စားနေရတယ်။ ဒီလိုပဲ ရှာဖွေစားသောက်ရတာပေါ့၊ စားဝတ်နေရေးက တအားခက်ခဲ တာပေါ့။ ကျွန်တော်တို့က ဆိုင်ကယ် Owner ကြေး ပေးနေရတာရှိတော့ ပိုဆိုးတာပေါ့”

တစ်နေ့မှာ ဝင်ငွေ တစ်ထောင်ရဖို့ ခက်ခဲနေတဲ့ကြားမှာ ဆိုင်ကယ်အငှားမောင်းသူတွေဆိုရင် ပိုင်ရှင်ကိုပေးရတဲ့ အခကြေးငွေ၊ လစဉ် အိမ်ငှားရမ်းခနဲ့ နေ့စဉ် မိသားစုစားဝတ်နေရေး စိုးရိမ်နေကြရပါတယ်။

မဖြစ်မနေ အပြင်ထွက်အလုပ်လုပ်ရမယ့် အောက်ခြေလူတန်းစားတွေကတော့ မိသားစု စားဝတ်နေရေးအတွက် နှာခေါင်းစည်းတပ်ပြီး သွားလာ လုပ်ကိုင်နေကြဆဲ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။