အငှားကိုယ်ဝန်ဆောင် ဝန်ဆောင်မှု ကုမ္ပဏီကို စုံစမ်းဖော်ထုတ်မည်


2018.12.23
china-surrogate-pregnancy-622.JPG တရုတ်နိုင်ငံဘက်က အငှားကိုယ်ဝန်ဆောင် ကုမ္ပဏီရဲ့ အမျိုးသမီးအလုပ်သမားတွေ ရှာဖွေတဲ့ကြော်ငြာစာကို ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်နေ့က မူဆယ်မြို့မှာ တွေ့ခဲ့ရစဉ်
Photo: U Thaung Tun

ရှမ်းပြည်နယ်၊ မူဆယ်မြို့မှာ လာကြော်ငြာထားတဲ့ တရုတ်နိုင်ငံဘက်က အငှားကိုယ်ဝန်ဆောင် ကုမ္ပဏီကို စုံစမ်းဖော်ထုတ်ပေးမယ်လို့ တရုတနိုင်ငံဘက်က ပြောကြားလိုက်ပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး RFA သတင်းထောက် မသီရိမင်းဇင်က စုစည်းတင်ပြထားပါတယ်။
~~~~~~~~~~~~~~~~~~~~
အငှားကိုယ်ဝန်ဆောင် ဝန်ဆောင်မှု ကုမ္ပဏီကို စုံစမ်းဖော်ထုတ်မည်
(သီရိမင်းဇင်)

■ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့က မူဆယ်မြို့လယ်ခေါင်မှာ အငှားကိုယ်ဝန်ဆောင် အမျိုးသမီးအလုပ်သမား အလိုရှိကြောင်း စာရွက်တွေ လိုက်ကပ်ထားတာကို တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီနောက်ပိုင်း ဒီကိစ္စနဲ့ ပတ်သက်လို့ ရဲတပ်ဖွဲ့ဘက်က စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

ကြော်ငြာစာမှာပါတဲ့ လိပ်စာအရ အဲဒီကုမ္ပဏီဟာ ရွှေလီမြို့ကနေ မိုင် ၉ ထောင်လောက်ဝေးတဲ့ တရုတ်နိုင်ငံ၊ ကွမ်ကျိုးမြို့ကလို့ သိရကြောင်းနဲ့ စာရွက်မှာပါတဲ့ ဖုန်းနံပါတ်တွေကလည်း ဆက်သွယ်လို့မရကြောင်း မူဆယ်မြို့မှာရှိတဲ့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဌာနက ပြောပါတယ်။

လက်ရှိမှာတော့ အဲဒီကုမ္ပဏီကို တရုတ်နိုင်ငံဘက်က စုံစမ်းဖော်ထုတ်ပေးမယ်လို့ အကြောင်းပြန်ထားကြောင်း မူဆယ်မြို့က လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဌာန ရဲမှူး ကျော်ညွှန့်က ပြောပါတယ်။

"တရုတ်နိုင်ငံ နယ်စပ်ဆက်ဆံရေးရုံး၊ ပြည်ပရေးရာကို ကျနော်တို့က စာပို့ထားတာ၊ သူတို့မှာတော့ တရားဝင် ခွင့်ပြုထားတာမရှိဘူး၊ We Chat တို့၊ ဖုန်းတို့ကို ဆက်သွယ်မရဘူး၊ ဒီကုမ္ပဏီက တကယ် ရှိ/မရှိ သူတို့ စုံစမ်းပြီးတော့ အကြောင်းပြန်ပေးမယ်၊ တကယ်လို့ ရှိတယ်ဆိုလည်း သူတို့က အရေးယူမှာပေါ့"

အဲဒီကြော်ငြာစာတွေကို မူဆယ်မြို့မှာ ဘယ်သူတွေက လိုက်ကပ်သွားတယ်ဆိုတာ မသိသေးကြောင်း နဲ့ နောက်ထပ်မကပ်နိုင်အောင် ရဲတပ်ဖွဲ့ဝင်တွေ၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအဖွဲ့တွေ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ လူမှုရေးအဖွဲ့တွေအားလုံးက သေချာစောင့်ကြည့်နေတယ်လို့လည်း ရဲမှူး ဦးကျော်ညွှန့်က ပြောပါတယ်။

အငှားကိုယ်ဝန်ဆောင်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး လက်ရှိအချိန်အထိ ဖမ်းဆီးရမိတဲ့အမှု ၂ မှုရှိနေကြာင်း မူဆယ်မြို့က လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဌာန ရဲမှူးကျော်ညွှန့်က အခုလို ဆက်ပြောပါတယ်။

"လွန်ခဲ့တဲ့လက တစ်မှုရှိတယ်၊ သီပေါမြို့ ကုန်းသာက အငှားကိုယ်ဝန်ဆောင်ဖို့ စည်းရုံးခေါ်ဆောင်သွားတဲ့ အမျိုးသမီး ၁ ယောက်ကို ဟိုဘက်ကို မရောက်ခင်ပေါ့နော်၊ နယ်စပ်မှာ ကျနော်တို့ တားဆီးလိုက်တယ်၊ တရားခံက ၃ ယောက်ဖမ်းထားတာပေါ့၊ ခုကတော့ စစ်ဆေးဆဲပဲရှိသေးတယ်၊ အလားတူအမှုကတော့ မြစ်ကြီးနားမှာ ဖြစ်ဖူးတယ်၊ မြစ်ကြီးနားမှာကတော့ ၂၀၁၇၊ ၅ လပိုင်းတုန်းက အဲဒါကတော့ ဟိုဘက်ကို ရောက်သွားပြီးပြီ၊ သူတို့က ကြောက်တယ်ပေါ့နော်၊ အဲအချိန်မှာ သူတို့က ဒီဘက်ကို ထွက်ပြေးလာတာ၊ ဖမ်းမိတော့ ဒီကပွဲစား တစ်ယောက်ကိုမိတာ၊ ပွဲစားကလည်း အမျိုးသမီးပေါ့နော်၊ ဖမ်းထားတယ်၊ ဒီအမှုဖြစ်စဉ်တွေကတော့ နည်းပါတယ်"

အဲဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံမှာ ဥပဒေသီးသန့် မရှိသေးတဲ့အတွက် ဖမ်းဆီးရမိတဲ့သူတွေကို လူကုန်ကူးမှု ဥပဒေတွေနဲ့သာ အရေးယူထားရကြောင်းလည်း ရဲမှူးက ပြောပါတယ်။

မူဆယ်မြို့မှာ အလားတူကြော်ငြာစာ ကပ်တာမျိုး ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းကလည်း တစ်ကြိမ်ဖြစ်ခဲ့ပြီး ဒီဇင်ဘာလအတွင်းမှာ ဒုတိယအကြိမ်ထပ်ဖြစ်တာလို့လည်း သိရပါတယ်။

စက်တင်ဘာလတုန်းကတော့ တရုတ်အမျိုးသားနဲ့ အိမ်ထောင်ပြုဖို့ဖိတ်ခေါ်တာမျိုးဖြစ်ပြီး အသက် ၂၆ ကနေ ၃၂ နှစ် အရွယ်ရှိတဲ့ အမျိုးသမီးတွေကို လိုချင်ကြောင်း ရေးသားထားတာဖြစ်ပါတယ်။

ဒုတိယတစ်ခေါက်ကြော်ငြာတဲ့ အငှားကိုယ်ဝန်ဆောင် အမျိုးသမီးအလုပ်သမား ရှာတာမှာတော့ ကိုယ်ဝန်ဆောင်နေ စဉ် ကာလအတွင်း နေဖို့၊ စားဖို့ အားလုံးကို စရိတ်ငြိမ်းစီစဉ်ပေးမှာဖြစ်ပြီး မြန်မာငွေကျပ်သိန်း ၂၄၀ ပေးမယ့် အပြင် လူရှာပေးတဲ့အကျိုးဆောင်ကိုလည်း မြန်မာငွေသိန်း ၃၀ ပေးမယ်ဆိုပြီး ရေးသားထားပါတယ်။

ဒီလိုမျိုးလာလုပ်တာဟာ ငွေကြေးနဲ့ မြန်မာအမျိုးသမီးတွေကို လာဖျက်ဆီးတာလို့မြင်ကြောင်း မူဆယ်မြို့ ကရုဏာလူမှုကူညီရေးအသင်းက ဦးသောင်းထွန်းက ပြောပါတယ်။

"လွန်ခဲ့တဲ့ ၄ လလောက်က တစ်ကြိမ်ကပ်ခဲ့တယ်၊ အခုနောက်ထပ်ဖြစ်တာက တစ်ကြိမ်ပေါ့၊ ၂ ကြိမ်ရှိသွားပြီပေါ့၊ မြို့လယ်ခေါင် လမ်းမကြီးတလျှောက် နေရာတော်တေ်ာများများမှာ ကပ်ထားတယ်ပေါ့၊ မြို့လယ်ခေါင် နာရီစင်ရော၊ လမ်းဓာတ်တိုင်တွေရော၊ နောက်နံရံတွေမှာရော ကပ်ထားတာဆိုတော့ ကျနော်တို့ တွေ့တာရော၊ ခွာပြီးတာရော ဆိုရင်တော့ ၁၅ နေရာလောက်တော့ တွေ့တယ်၊ စက်တင်ဘာလလောက်ကတော့ သိပ်အများကြီးမကပ်ဘူး၊ နည်းတယ်၊ တွေ့တာလည်း နည်းတယ်၊ သတိထားမိတာလည်း နည်းကြတယ်ပေါ့နော်၊ ဒုတိယအကြိမ်ကတော့ တော်တော်များများကို မြို့လယ်လမ်းမဘေးတလျှောက်နဲ့ မြို့လယ်နာရီစင်၊ ဓာတ်တိုင်တွေမှာ ကပ်ထားတာပေါ့နော်၊ ဒါကတော့ ကျနော်တို့ မြန်မာနိုင်ငံက အမျိုးသမီးတွေကို ငွေကြေးနဲ့ လာရောက်စော်ကား ဖျက်ဆီးတယ်လို့ပဲ သဘောထားတယ်ဗျ၊ နှစ်နိုင်ငံဥပဒေအရလည်း လုပ်လို့မရဘူး၊ လုပ်လည်း မလုပ်သင့်ဘူး"

တရုတ်မှာ မိသားစုတစ်စုကို ကလေးတစ်ယောက်ပဲ ယူရမယ်ဆိုတဲ့ လူဦးရေထိန်းချုပ်မှု မူဝါဒကို နှစ်ပေါင်းများစွာ ကျင့်သုံးခဲ့ပြီး ယောက်ျားလေးယူမှသာ မြင့်မြတ်တယ်ဆိုတဲ့ အယူဝါဒကြောင့် အမျိုးသားဦးရေက အမျိုးသမီး ဦးရေထက် ၃၃ သန်းလောက် ပိုများနေတယ်လို့ သိရပါတယ်။

အဲဒါကြောင့် အရွယ်ရောက်လာတဲ့အခါ တရုတ်အမျိုးသားတွေအတွက် အိမ်ထောင်ဖက် ရှားလာတာကြောင့် အိမ်နီးချင်းနိုင်ငံတွေက ဆင်းရဲတဲ့အမျိုးသမီးပေါင်း သောင်းနဲ့ချီပြီး ရောင်းစားခံနေရပါတယ်။

ဒီဇင်ဘာ ၆ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ အမေရိကန်ပြည်ထောင်စု John Hopkins တက္ကသိုလ် Bloomberg လူထုကျန်းမာရေးကျောင်းရဲ့ အစီရင်ခံစာသစ်မှာ မြန်မာအမျိုးသမီးပေါင်း (၇၅၀၀) လောက် လူကုန်ကူးခံထား ရတယ်လို့ ရေးသားထားပါတယ်ရှင်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။