နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဟာ စစ်တွေမြို့ ဒေသခံတွေနဲ့ တွေ့ဆုံပွဲအကြောင်းတင်ပြချက်

2014-12-27
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဟာ စစ်တွေမြို့ ဦးဥတ္တမခန်းမမှာ ဒေသခံတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေနဲ့ ဒီနေ့ တွေ့ဆုံခဲ့ပါတယ်။

ဒီအကြောင်း RFA သတင်းထောက် မခင်ပြည့်စုံက တင်ပြထားပါတယ်။

 

နိုင်ငံတော်သမ္မတဦးသိန်းစိန်က ဒီကနေ့ တွေ့ဆုံပွဲမှာ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့အတွက် ဒေသတွင်းမှာ တည်ငြိမ်အေးချမ်း မှုတွေရှိနေဖို့ လိုအပ်ကြောင်း ပြောခဲ့ပါတယ်။

အဲ့ဒီလို တည်ငြိမ်အေးချမ်းမှုရှိဖို့အတွက် ဒေသခံတွေ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ကြောင်း အခုလို တိုက်တွန်းခဲ့ပါတယ်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်

"ဒေသတည်ငြိမ်အေးချမ်းမှုကို ကျနော်တို့ ဆောင်ရွက်တဲ့အခါမှာ တပ်တွေ ဘယ်လောက်ပဲ ချထားချထား၊ ရဲတပ်ဖွဲ့တွေ ဘယ်လောက်ပဲ ချထား ချထား ပြည်သူလူထုရဲ့အကူအညီမပါပဲ ဘယ်လိုမှ ကျနော်တို့ မရနိုင်ဘူး၊ ဒီဒေသမှာ မြစ်တွေချောင်းတွေကလဲပေါ တစ်နေရာမှာ တစ်ခုခုဖြစ်တယ် ဆိုရင် လှေရှာနေရတာနဲ့ မီးလောင်လို့တစ်ရွာလုံးကုန်သွားပြီ၊ အဲ့တော့ဒေသတည်ငြိမ်အေးချမ်းမှု ဆိုတာ ကတော့ ဒေသကပြည်သူလူတွေ ဝိုင်းကူ မှပဲ ဒေသကတည်ငြိမ်အေးချမ်းမှုရှိမှာပါ၊ တည်ငြိမ်အေးချမ်းမှ ခုနကဟာတွေကို ကျနော်တို့လုပ်ပေးလို့ရမှာပါ "

ရခိုင်ပြည်နယ်မှာ ကုလားတန်မြစ်ကြောင်းဘက်စုံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနဲ့ ကျောက်ဖြူမြို့နယ် မဒေးကျွန်းရေနံပိုက်လိုင်းစီမံကိန်းတွေကြောင့် ဒေသခံတွေ အတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိလာတော့မှာဖြစ်တယ်လို့လည်း သမ္မတ ဦးသိန်းစိန်က ပြောပါတယ်။

တဆက်တည်းမှာပဲ ကျောက်ဖြူမြို့မှာ စက်မှုလက်မှုသိပ္ပံကျောင်း ဖွင့်လှစ်ပေးသွားမယ်လို့လည်း ပြောခဲ့ပါတယ်။

နိုင်ငံတော် ပြုပြင်ပြောင်းလဲရေးအတွက် ကြိုးပမ်းရာမှာ အခက်ခဲဆုံးအရာဟာ နှစ်ပေါင်း ၆၀ ကျော်ကြာမြင့်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခဖြစ်ပြီး အဲ့ဒီပဋိပက္ခတွေချုပ်ငြိမ်းရေးဟာ ပြုပြင်ပြောင်းလဲရေးအတွက် အဓိကအလိုအပ်ဆုံးဖြစ်တယ်လို့လည်း သမ္မတဦးသိန်းစိန်က ပြောပါတယ်။ လက်ရှိအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအကြား ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီးတော့ အခုလို ပြောပါတယ်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်

"ထာဝရ ငြိမ်းချမ်းရေးရရှိဖို့အတွက် ကျနော်တို့ ဘာတွေလုပ်ရမလဲ၊ ဒီတိုင်း သူနိုင်၊ ကိုယ်နိုင် တိုက်နေလို့ကတော့ ဘယ်တော့မှ ငြိမ်းချမ်းရေးရမှာ မဟုတ်ပါဘူး၊ နှစ်ပေါင်း ၆၀ ကျော်ကြာခဲ့ပါပြီ၊ ဆွေးနွေးညှိနှိုင်း အဖြေရှာသွားမှာသာလျှင် ထာဝရငြိမ်းချမ်းကို ဆောင်ရွက်သွားနိုင်မယ်ဆိုတဲ့ နည်းလမ်း တစ်ခုကို ရရှိတဲ့အတွက်ကြောင့် ဆွေးနွေးညှိနှိုင်းရင်းနဲ့ ထာဝရငြိမ်းချမ်းရေးရအောင် လုပ်သွားမယ်၊ ဆွေးနွေး ကြမယ်၊ တွေ့ကြမယ်၊ ပြောကြ မယ်၊ တူညီတဲ့ဟာကို လက်တွဲရင်းနဲ့ လုပ်ကြမယ်၊ မတူညီတဲ့ဟာကို စိတ်ရှည်သည်းခံပြီးတော့ ကောင်းမွန်တဲ့နည်းလမ်းကို ညှိနှိုင်း ဆွေးနွေးတိုင်ပင်သွားမယ်၊ ဒီစနစ်မျိုးနဲ့ ကျနော်တို့ သွားမှာဖြစ်ပါတယ်"

အဲ့ဒီလက်နက်ကိုင်ပဋိပက္ခတွေကြောင့်ပဲ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးမှာ နှောင့်နှေးနေတာကြောင့် ပဋိပက္ခတွေ အဆုံးသတ်နိုင်ရေးအတွက် အစိုးရက ကြိုးပမ်းဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။

နိုင်ငံတော်သမ္မတနဲ့အတူလိုက်ပါလာတဲ့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက မြန်မာနိုင်ငံအတွင်း လျှပ်စစ် ဓာတ်အားဖြန့်ဝေပေး မှုကဏ္ဍနဲ့ပတ်သက်ပြီး ဒေသခံတွေကို အခုလိုရှင်းပြခဲ့ပါတယ်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး

"ကျနော်တို့နိုင်ငံရဲ့လျှပ်စစ်ဓာတ်အားထပ်မံပေးရမယ့် အိမ်ထောင်စုပေါင်းဟာ ၇.၂ သန်းလောက် ကျန်ပါသေးတယ်၊ ဒါကြောင့်မို့လို့ ဒီနိုင်ငံတော်မှာ ကျန်သေးတဲ့အိမ်ထောင်စုတွေကို လျှပ်စစ်ဓာတ် အားပေးမယ်ဆို ကျနော်တို့အနေနဲ့ တစ်နှစ်ကို အိမ်ထောင်စု ၆ သိန်းလောက်ကို ဓာတ်အားပေး နိုင်တော့ မှ ကျနော်တို့ အိမ်ထောင်စု ၇.၂ သန်းကို ဓာတ်အားပေးဖို့ဆိုရင် နောက်ထပ် ၁၂ နှစ်လောက် ဆက်တိုက်လုပ်ပေးရမှာဖြစ်ပါတယ်"

ရခိုင်ပြည်နယ်မှာ မဟာဓာတ်အားလိုင်းကနေတစ်ဆင့် လတ်တလော လျှပ်စစ် ဓာတ်အား ဖြန့်ဝေဖို့မဖြစ်နိုင်သေးတဲ့ ဘူးသီးတောင်၊ မောင်တောနဲ့ ဂွမြို့နယ်တွေ မှာ လေအားလျှပ်စစ်နဲ့ လျှပ်စစ်မီးပေးဝေနိုင်အောင် ဆောင်ရွက်နေပြီလို့လည်း ရှင်းပြပါတယ်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဟာ မနေ့က ရခိုင်ပြည်နယ်ကိုရောက်ရှိလာတာဖြစ်ပြီး သံတွဲ၊ ကျောက်ဖြူ၊ ရမ်းဗြဲစတဲ့မြို့တွေမှာ ဒေသခံတွေနဲ့ မနေ့က တွေ့ဆုံခဲ့ သလို ဒီကနေ့မှာလည်း စစ်တွေမြို့အပါအဝင် ကျောက်တော်မြို့နယ်တွေမှာလည်း ဒေသခံတွေနဲ့ တွေ့ဆုံခဲ့ပါတယ်ရှင်။

 

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့