သတင်းမီဒီယာလွတ်လပ်ခွင့်


2018.11.27
press-freedom-622.jpg ရိုက်တာသတင်းထောက်နှစ်ဦး လွတ်မြောက်စေဖို့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့က ပျဉ်းမနားမြို့ ကိုးဆူဘုရားမှာ နေပြည်တော်အခြေစိုက် သတင်းထောက်တွေ လက်ပတ်စည်းပြီး ဆုတောင်းပွဲပြုလုပ်ခဲ့စဉ်
Photo: Win Ko Ko Latt/RFA



မြန်မာနိုင်ငံမှာ အရပ်သားအစိုးရအုပ်ချုပ်မှုကို ပြောင်းလဲခဲ့ပေမဲ့ အရင်စစ်အစိုးရလက်ထက်တုန်းကလို ဖိနှိပ်မှုပုံစံတွေကို ပြန်လှည့်နေတယ်လို့ နိုင်ငံတကာ အရပ်ဖက်အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့က သတိပေးလိုက်ပါတယ်။ မြန်မာအစိုးရကတော့ သတင်းမီဒီယာလွတ်လပ်ခွင့်လို တချို့အခြေအနေတွေဟာ စစ်အစိုးရလက်ထက်ကထက် ပိုပြီးလွတ်လပ်မှုရှိတယ်လို့ ပြောဆိုထားပါတယ်။ အသေးစိတ်ကို RFA   ဝိုင်းတော်သူမနန္ဒာချမ်းက တင်ပြထားပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~

သတင်းမီဒီယာလွတ်လပ်ခွင့်
(မနန္ဒာချမ်း)

Civicus လို့ခေါ်တဲ့ အရပ်ဖက်အခွင့်အရေး စောင့်ကြည့်မှုအဖွဲ့ရဲ့ ဒီနှစ်ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံကို အရပ်ဖက် အဖွဲ့အစည်းတွေ၊ အရပ်သား တက်ကြွလှုပ်ရှားသူတွေကို ဖိနှိပ်တဲ့ နိုင်ငံတွေစာရင်းမှာ ထည့်သွင်းထားတာပါ။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာ စုဝေးခွင့်နဲ့ လွတ်လပ်စွာ သင်းပင်း ဖွဲ့စည်းခွင့်တွေကို တင်းတင်းကျပ်ကျပ် ကန့်သတ်ထားတဲ့အတွက်လည်း အခြေအနေတွေက ဆိုးရွားလာနေတယ်လို့ ထောက်ပြထားပါတယ်။

အခုလို မြန်မာနိုင်ငံမှာ အရပ်ဖက်အခွင့်အရေးကို လေးစားမှု မရှိတဲ့အပေါ် သိပ်ကို စိုးရိမ်မိတယ်လို့ Civicus အဖွဲ့ရဲ့ သုတေသနမှူး Josef Benedic က ပြောခဲ့ပါတယ်။

“မြန်မာနိုင်ငံက ဒီမိုကရေစီရေး တိုးတက်မှုတွေ နောက်ပြန်ဆုတ်လာတဲ့ အခြေအနေအပေါ် CIVICUS အနေနဲ့ စိုးရိမ်မိပါတယ်။ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေရဲ့ အရပ်သားတွေရဲ့ အခန်းကဏ္ဍ ကျဉ်းမြောင်းလာနေတယ်လို့လည်း ခံစားမိပါတယ်။ ဒါဟာ အင်မတန်မှ စိုးရိမ်စရာ ကောင်းပါတယ်။ ဒါကြောင့်လည်း နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ နိုင်ငံတကာ အရပ်ဖက် အဖွဲ့အစည်းတွေ အနေနဲ့ ဒေသခံ အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို ဒီထက်ပိုပြီး ပံ့ပိုးသွားဖို့ လိုပါတယ်”

လူ့အခွင့်အရေး ကာကွယ်သူတွေနဲ့ တက်ကြွလှုပ်ရှားသူတွေကိုလည်း နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေ၊ ဆက်သွယ်ရေး အက်ဥပဒေပုဒ်မ၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု အက်ဥပဒေတွေနဲ့ ဖမ်းဆီး အရေးယူ ထောင်ချနေတာတွေကိုလည်း ၂ နှစ်တာ အချိန်ယူခဲ့တဲ့ လေ့လာချက်တွေမှာ တွေ့ရှိခဲ့ရတယ်လို့လည်း Civicus အဖွဲ့ရဲ့ သုတေသနမှူး Josef Benedict က ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ မီဒီယာလွတ်လပ်ခွင့်နဲ့ ပတ်သက်လို့လည်း စိုးရိမ်တဲ့အကြောင်း - ဥပမာအနေနဲ့ Reuters သတင်းထောက်တွေဖြစ်ကြတဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ အမှုအပါအဝင် မြန်မာနိုင်ငံနေရာ အတော်များများမှာ ဆန္ဒပြကြသူတွေ ဖမ်းဆီးခံရတာနဲ့ ကချင်၊ ရှမ်း နဲ့ ရခိုင်ပြည်နယ်တွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်ပွားနေတဲ့ အခြေအနေတွေကို ထောက်ပြခဲ့ပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံမှာ အရပ်ဖက်အခွင့်အရေး တိုးတက်လာအောင် - NLD အစိုးရဘက်က လုပ်ဆောင်ရမယ့် အချက်တွေနဲ့ ပတ်သက်လို့လည်း Josef Benedict က ထောက်ပြခဲ့ပါတယ်။

“ပထမတချက်ကတော့ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာမှာ လိုက်နာရမယ့် တာဝန်ရှိတဲ့အတိုင်း - ဖိနှိပ်တဲ့ ဥပဒေတွေကို ပြုပြင်ပြောင်းလဲဖို့၊ နိုင်ငံတော် လျှို့ဝှက်ချက်အက်ဥပဒေ၊ ဆက်သွယ်ရေးဥပဒေ၊ လူ့အခွင့်အရေးနဲ့ အရပ်ဖက် အခွင့်အရေးတွေ ကို ချိုးဖောက်တဲ့ ဥပဒေတွေကို ပြန်လည် သုံးသပ်ဖို့ ကျနော်တို့ တောင်းဆိုပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေနဲ့ Reuters သတင်းထောက်တွေလို ဖမ်းဆီးအရေးယူထားသူတွေကို လွှတ်ပေးဖို့လည်း တောင်းဆိုပါတယ်။ လူ့အခွင့်အရေးနဲ့ တခြား ကိစ္စတွေအတွက် ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒထုတ်ဖော်ကြတဲ့ တက်ကြွလှုပ်ရှားသူတွေအပေါ် စွဲဆိုထားတဲ့ အမှုတွေကို မြန်မာအစိုးရ က ရုပ်သိမ်းဖို့လည်း အရေးကြီးပါတယ်”

မြန်မာပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးအောင်လှထွန်းကတော့ - သတင်းမီဒီယာလွတ်လပ်ခွင့်လို တချို့ လက်ရှိ အခြေအနေ တွေက စစ်အစိုးရလက်ထက်ကနဲ့ မိုးနဲ့မြေကွာတယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

“ဘယ်လိုစံတွေနဲ့ တိုင်းတာသလဲတော့ မသိဘူးခင်ဗျ။ ကျနော် အဲဒီအပေါ်မှာ အရင်ကလည်း ပြောဖူးပါတယ်။ တိုင်းတာတဲ့ ပေတံတွေ စံတွေ အဲဒီပေါ်မှာလည်း မူတည်လိမ့်မယ် ထင်ပါတယ်။ ကျနော်နားလည်တာတခုက လူတွေမှာ ပိုပြီးတော့ မျှော်လင့်ထားတာပေါ့လေ။ ဥပမာ - စီတန်းလှည့်လည်ခွင့် ရှိတာပဲ၊ ဆန္ဒပြနေကြတာပဲလေ။ မီဒီယာသမားတွေကလည်း သတင်းယူနေကြတယ်။ ဝေဖန်နေကြတယ်။ အရင်က ဘယ် အဲ့လို လုပ်လို့ရပါ့မလဲ။ တချို့နေရာတွေမှာတော့ အခက်ခဲတော့ ရှိမှာပေါ့လေ။ ဒါပေမဲ့ စစ်အစိုးရလက်ထက်ကနဲ့ ဘာမှ နှိုင်းလို့တောင် မကောင်းပါဘူး။ မနှိုင်းအပ်တဲ့ဟာပါ။ ကျနော်က အဲဒီကာလမှာ ရင်တထိတ်ထိတ်နဲ့ လုပ်ခဲ့ရတာကိုး။ စစ်အစိုးရလက်ထက်က ဘယ် လုပ်လို့ရပါ့မလဲ။ တချို့ သတင်းသမားတွေကို ကျနော် ပြောချင်တာက တချို့က တည်ဆဲဥပဒေတချို့ကို လျစ်လျူရှုထားပုံရပါတယ်။ ဥပဒေတချို့ရှိပါတယ်။ အဲဒါ မေ့ဖျောက်ထားလို့ မရပါဘူး။ ကျနော်တို့မှာ အခွင့်အလမ်းတွေ အများကြီးရှိပါတယ်။ တချို့ ကန့်သတ်ချက်တွေရှိတယ်။ အဲဒါကတော့ ဘယ်လိုမှ ချိုးဖောက်လို့ မရပါဘူး။ တချို့ဥပဒေတွေကို ပြင်ဆင် သုံးသပ်နေတာတွေလည်း ရှိပါတယ်။ ဥပဒေအသစ် ရေးဆွဲနေတာလည်း ရှိပါတယ်ခင်ဗျ။ အရေးကြီးတာ ဥပဒေကတော့ ဘယ်နိုင်ငံသားတိုင်းမဆို လိုက်နာရတာပါပဲ။ သတင်းသမား ဆိုတာကလည်း နိုင်ငံသားပါပဲ”


Civicus အရပ်ဖက်အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့ရဲ့ ၂ဝ၁၈ ခုနှစ် အစီရင်ခံစာမှာ - နိုင်ငံပေါင်း ၂ဝဝ ကျော်က အခြေအနေတွေ ဖော်ပြထားပါတယ်။ မြေပုံပေါ်မှာ လွတ်လပ်ခွင့် လုံးဝ ပိတ်ပင်ထားတဲ့ နိုင်ငံတွေကို အနီရောင်နဲ့ ဖော်ပြထားပြီး၊ ဖိနှိပ်တဲ့နိုင်ငံတွေကိုတော့ လိမ္မော်ရောင်၊ အပြည့်အဝ လွတ်လပ်တဲ့နိုင်ငံတွေကိုတော့ အစိမ်းရောင်ရင့်ရင့်နဲ့ ခွဲခြား ပြထားပါတယ်။

အာရှမှာ အရပ်ဖက်အခွင့်အရေးနဲ့ ပတ်သက်လို့ စိန်ခေါ်ချက်တွေ ရှိနေဆဲဖြစ်ပြီး တရုတ်နိုင်ငံကတော့ ကမ္ဘာပေါ်မှာ အွန်လိုင်းဆင်ဆာ ဖြတ်တောက် တင်းကျပ်မှု အများဆုံးအဖြစ်နဲ့လည်း အစီရင်ခံစာက ဖော်ပြခဲ့တာပါ။ ထိုင်းနိုင်ငံမှာတော့ - စစ်အစိုးရက အာဏာဆက်ပြီး ထိန်းထားနိုင်ဖို့အတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့သူတွေကို ဖမ်းဆီး အရေးယူတာတွေ ဆက်လုပ်နေတယ်လို့ ပြောဆိုထားပါတယ်ရှင်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။