မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ပျက်စီးဆုတ်ယုတ်လာ

ပြီးခဲ့တဲ့နှစ် စစ်တပ်အာဏာသိမ်းပြီး သိပ်မကြာခင်မှာ ပုံနှိပ်တိုက်တစ်ခု၊ သတင်းမီဒီယာ ၁၁ ခုနဲ့ မဂ္ဂဇင်းတစ်စောင် အပိတ်ခံခဲ့ရတဲ့အပြင် အခုနှစ် ဧပြီလဆန်းမှာ စာအုပ် ထုတ်ဝေရေး လုပ်ငန်းနှစ်ခုနဲ့ ပုံနှိပ်တိုက်တစ်ခု ထပ်မံအပိတ်ခံရတာကြောင့် မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ဆုတ်ယုတ်ပျက်စီးလာပြီလို့ စာရေးဆရာတွေနဲ့ ထုတ်ဝေသူတွေက ထောက်ပြဝေဖန်ပါတယ်။

စစ်ကောင်စီ၊ ပြန်ကြားရေးဝန်ကြီးဌာနက ဘာသာရေး၊ မြန်မာ့ယဥ်ကျေးမှုတွေနဲ့ မကိုက်ညီ တာကြောင့်ဆိုပြီး အခုနှစ် ဧပြီလ ၅ ရက်နဲ့ ၇ ရက်နေ့တွေမှာ ရွှေလာဘ်စာပေနဲ့ စာအုပ် ထုတ်ဝေရေးလုပ်ငန်း၊ ရန်အောင်စာပေနဲ့ စာအုပ်ထုတ်ဝေရေးလုပ်ငန်း၊ ဝင်းတိုးအောင် ပုံနှိပ်တိုက်တို့ကို လုပ်ငန်းလိုင်စင်တွေ ရုပ်သိမ်းခဲ့ပါတယ်။ ဆန်းကြယ် ပုံနှိပ်တိုက်ကိုလည်း နိုင်ငံရေးလှုံ့ဆော်စာတွေကို ပုံနှိပ်ပေးလို့ဆိုပြီး ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ထဲမှာ ပိတ်သိမ်း ခဲ့ပါတယ်။

၁၉၈၁ ခုနှစ်ကတည်းက ပိတ်ပင်ထားတဲ့ “ရှင်ဥက္ကဋ္ဌရဲ့ လူသေလူဖြစ်ဝါဒ” စာအုပ်ကို ရန်အောင် စာပေက ပြန်လည်ထုတ်ဝေတာကြောင့် ဘာသာရေးနဲ့ မကိုက်ညီဘူးဆိုပြီး ပြန်ကြားရေး ဝန်ကြီးဌာနက အခု ဧပြီလဆန်းမှာ လုပ်ငန်းလိုင်စင် ရုပ်သိမ်းလိုက်တာ ဖြစ်ပါတယ်။

ရန်အောင်စာပေတိုက်ပိုင်ရှင် ဦးလှတိုးကတော့ သူ့အနေနဲ့ စာအုပ်ထုတ်ဝေရေးလုပ်သက် ၂၅ နှစ်အတွင်းမှာ ဒီလိုပိတ်ပင်ခံရတာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

“စာအုပ်က အသစ်ပါဗျ။ အသစ်ပါ။ အဓိက ကတော့ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကို စာရေးဆရာက ရေးချင်တာ။ အဲဒီဟာကို လူသေလူဖြစ် ရှင်းတမ်းကို ကိုးကားသွားတာ ပေါ့နော်။ ကိုးကားသွားတော့ လူသေလူဖြစ် စာအုပ်တွေကလည်း မောင်ဇေယျာတို့၊ ဘာတို့က ဒေါ်အောင်ဆန်းစုကြည်လက်ထက်မှာ အများကြီးပဲ ထွက်ခဲ့တယ်လေ။ သုံးလေးအုပ်လောက် ထွက်ခဲ့တယ်။ စာပေတိုက်တော့ အမှတ်တမဲ့ပဲ။ အဲဒီတုန်းက ဘာမှ အရေးယူ မခံရဘဲနဲ့ အခုချိန်ကျမှ ကျနော့်စာအုပ်တိုက်ကိုလာပြီးတော့ ပိတ်တာပေါ့ဗျာ။ နှစ် ၂၀ ကျော်ပါပြီ။ ၂၅ နှစ်လောက် ရှိပြီပေါ့လေ။ ရန်အောင်စာပေကလေ။ ၁၉၈၉၊ ၉၀ လောက်ကစပြီးတော့ လုပ်လာတာပါ။ တစ်ခါမှ အခုလို မကြုံဖူးဘူးဗျ။”

ဒီစာအုပ်ကို ပြန်ကြားရေးဝန်ကြီးဌာနရဲ့ မူဝါဒဖြစ်တဲ့ ထုတ်တင်စနစ်အရ ၂၀၂၁ ခုနှစ် စက်တင်ဘာလကတည်းက ပြန်ကြားရေးကို တင်ပြခဲ့ပြီး အခုကျမှ အပိတ်ခံရတာလို့လည်း ဦးလှတိုးက ဆိုပါတယ်။ သူထုတ်လိုက်တဲ့ စာအုပ်အဖုံးမှာ နတ်လူတောရဆရာတော် ရှင်ဥက္ကဋ္ဌနဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ရဲ့ ဆွေးနွေးခန်းလို့ ဖော်ပြထားပြီး ကွင်းစ၊ ကွင်းပိတ်ထဲမှာသာ လူသေလူဖြစ်ရှင်းတမ်းဆိုတာ ပါဝင်တယ်လို့လည်း ဦးလှတိုးက ပြောပါတယ်။

ရန်အောင်စာပေဟာ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ အခန်း-၈ ၊ ပုဒ်မ(ခွဲ) က ကို ချိုးဖောက်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက စွပ်စွဲထားပါတယ်။ အဲဒီပုဒ်မမှာ တိုင်းရင်းသား လူမျိုးအချင်းချင်း၊ နိုင်ငံသားအချင်းချင်း လူမျိုးရေးအရ၊ ဘာသာရေးအရ၊ ယဉ်ကျေးမှုအရ ထိခိုက်နစ်နာစေမည့် အကြောင်းအရာများကို ဖော်ပြခြင်းမပြုရဆိုပြီး တားမြစ်ထားတာ ဖြစ်ပါတယ်။

ရန်အောင်စာပေက ထုတ်ဝေတဲ့ စာအုပ်ကို ရိုက်နှိပ်ပေးတဲ့အတွက် ဝင်းတိုးအောင် ပုံနှိပ်တိုက်လည်း အပိတ်ခံခဲ့ရပါတယ်။

ပြည်သူတွေကို အသိပညာ ဗဟုသုတပေးတဲ့ စာအုပ်ထုတ်ဝေရေးလုပ်ငန်းကို ပိတ်ပင် တားမြစ်တာဟာ တိုင်းပြည် အနာဂတ်အတွက် မကောင်းဘူးလို့ ရန်ကုန်မြို့က အမည်မဖော်လိုတဲ့ စာအုပ်ထုတ်ဝေသူတစ်ဦးက ထောက်ပြဝေဖန်ပါတယ်။

“ထုတ်ဝေသူအနေနဲ့ ဒီကိစ္စကို လုံးဝ ကန့်ကွက်တယ်။ သဘောမတူဘူးပေါ့နော်။ စာအုပ် ထုတ်ဝေရေးလုပ်ငန်းက တိုင်းပြည်ဖျက်ဆီးဖို့အတွက်နဲ့ လူတွေ ဆင်းရဲမွဲတေအောင် လုပ်တဲ့ လုပ်ငန်းမျိုးလည်း မဟုတ်ဘူး။ ကျနော်တို့ရဲ့ လုပ်ငန်းက လူတွေရဲ့ အသိပညာ ဗဟုသုတ ကြွယ်ဝဖို့၊ အနာဂတ်တွေကို ပြုစုပျိုးထောင်ပေးတဲ့ လုပ်ငန်းမျိုး။ ဒီလို လုပ်ငန်းမျိုးကို စာပေသမားတွေက ဝါသနာအရင်းခံပြီး လုပ်နေတာပေါ့။ အဲဒီအပေါ်မှာ စစ်ကောင်စီက ထုတ်ဝေခွင့် ရုပ်သိမ်းလာတာက တဖြည်းဖြည်းနဲ့ တင်းကျပ်လာတာ ပေါ့နော်။ အဲဒါက အနာဂတ်အတွက် မကောင်းဘူးပေါ့။ စာပေလွတ်လပ်ခွင့် ဆုံးရှုံးလာတယ်လို့ ကျနော်တို့ အဲဒီလိုပဲ မြင်တယ်”

ရွှေလာဘ်စာပေတိုက်ကိုတော့ ‘My Possessive Step-Bro’ ဆိုတဲ့ စာအုပ်ကို ထုတ်ဝေတာကြောင့် ပိုင်ရှင်ဖြစ်သူ ဒေါ်လှိုင်လှိုင်သင်းကို စစ်တပ်က ဖမ်းဆီးစစ်ဆေး နေတဲ့အပြင် သူ့ရဲ့ စာအုပ်ထုတ်ဝေရေးလုပ်ငန်း လိုင်စင်ကိုလည်း ပိတ်ပင်လိုက်ပါတယ်။

ရွှေလာဘ်စာပေတိုက်ဟာ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ(ဂ) ပါ စည်းကမ်းချက်ကို ချိုးဖောက်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာနက စွပ်စွဲ ပါတယ်။ အဲဒီပုဒ်မကတော့ ညစ်ညမ်းစာပေတွေကို ကန့်သတ်ထားတဲ့ ပုဒ်မဖြစ်ပါတယ်။ ‘My Possessive Step-Bro’ စာအုပ်ဟာ အမျိုးသားချင်း အဓမ္မပြုကျင့်ခံရပြီး ချစ်ကြိုက် သွားတဲ့အကြောင်း ရေးထားတာမို့ ညစ်ညမ်းစာပေဖြစ်တယ်၊ မြန်မာ့ယဥ်ကျေးမှုနဲ့ မကိုက်ညီဘူးလို့ ပြန်ကြားရေးက စွပ်စွဲထားတာပါ။

"ဒီလိုစနစ်နဲ့ အုပ်ချုပ်တဲ့ တိုင်းပြည်တွေမှာ စာပေလွတ်လပ်ခွင့်ဆိုတာ မရှိဘူး။"

အခုလို စာအုပ်တိုက်တွေ အပိတ်မခံရခင် ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီး သိပ်မကြာခင်မှာပဲ သတင်းမီဒီယာ ၁၁ ခု အပိတ်ခံရပါတယ်။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုသတင်းတွေကို ရေးသားဖော်ပြလေ့ရှိတဲ့ Myanmar Now၊ ဒီဗွီဘီ၊ ခေတ်သစ်၊ 7 Days၊ Mizzima၊ မြစ်ကြီးနားဂျာနယ်၊ The 74 Media၊ တာချီလိတ် သတင်းအေဂျင်စီ၊ Delta News အေဂျင်စီ၊ ဇေယျာတိုင်း(မ်) သတင်းအေဂျင်စီနဲ့ ကမာရွတ်မီဒီယာတို့ လုပ်ငန်းလိုင်စင် အပိတ်ခံရတာပါ။

အာဏာတည်မြဲရေးကိုသာ ဦးစားပေးတဲ့ စစ်အာဏာရှင်လက်ထက်မှာ သတင်း လွတ်လပ်ခွင့်နဲ့ စာပေလွတ်လပ်ခွင့် ဆိုတာမရှိဘူး၊ မျှော်လင့်လို့ မရဘူးလို့ Mizzima သတင်းဌာနရဲ့ အမှုဆောင်အယ်ဒီတာ ဦးစိန်ဝင်းက ပြောပါတယ်။

“အဲဒီတော့ ဒီလိုမျိုး ပေါင်းစုံဖိနှိပ်မှုတွေ လုပ်တဲ့အချိန်မှာ သတင်းစာတိုက်တွေ ပိတ်တာတွေ လုပ်မယ်။ သတင်းထောက်တွေကို ဖမ်းဆီးတာတွေ လုပ်မယ်။ ဒါ့အပြင် စာပေနဲ့ ပတ်သက်လာလို့ရှိရင်လည်း လူတွေက ဝေဖန်တယ်။ သူတို့ကို ကျောထောက် နောက်ခံပြုနေတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေ၊ အင်အားစုတွေက ဝေဖန်မယ်ဆိုရင် သူက အဲဒါကို နှိပ်ကွပ်ပြမှာပဲ။ သူ့အတွက်က ယုံကြည်ချက်ဆိုတာ မရှိဘူး။ သူ့အတွက် အဓိက နံပါတ်တစ်ကလည်း အာဏာ၊ နံပါတ်နှစ်ကလည်း အာဏာ၊ နံပါတ်သုံးကလည်း အာဏာ။ အဲဒီတော့ ဘက်ပေါင်းစုံ သူက လုပ်မှာပဲ။ ဒီလိုလူမျိုး၊ ဒီလိုစနစ်နဲ့ အုပ်ချုပ်တဲ့ တိုင်းပြည်တွေမှာ စာပေလွတ်လပ်ခွင့်ဆိုတာ မရှိဘူး။ သတင်းစာလွတ်လပ်ခွင့်ဆိုတာ မရှိဘူး။ အဲဒီကို သွားမျှော်နေလို့ မရပါဘူး”

ပြီးခဲ့တဲ့နှစ် စစ်တပ်အာဏာသိမ်းပြီး သိပ်မကြာခင်မှာ သတင်းမီဒီယာ ၁၁ ခုအပြင် ပန်းသီကြိုးမဂ္ဂဇင်းလည်း အပိတ်ခံခဲ့ရပါတယ်။ အွန်လိုင်းစာမျက်နှာကနေ နိုင်ငံရေး လှုံ့ဆော်စာတွေကို ရေးသားဖော်ပြလို့ဆိုပြီး ပိတ်ပင်ခဲ့တာလို့ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ခုက RFA ကို ပြောပါတယ်။

book store
ရန်ကုန်မြို့ စီးတီးမတ်တစ်ခုအတွင်းရှိ စာအုပ်အရောင်းဆိုင်တစ်ခုကို ၂၀၂၂ မတ်လ ၁၅ ရက်နေ့က တွေ့ရစဉ်(Photo: RFA)

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ နိုင်ငံရေး၊ ဘာသာရေး၊ ယဥ်ကျေးမှု ကိစ္စတွေနဲ့ မကိုက်ညီရင် ပိတ်သိမ်းရမှာပဲလို့ ဧပြီ ၁၂ ရက်က RFA ကိုပြောပါတယ်။

“ဘာသာရေးနဲ့ ပတ်သက်ပြီးတော့ ပဋိပက္ခဖြစ်ပွားနိုင်တဲ့ဟာတွေ၊ ဘာသာရေးနဲ့ ပတ်သက် ပြီးတော့ကျ မဟုတ်မမှန်တဲ့ဟာတွေ၊ ပြီးရင် မြန်မာ့ယဉ်ကျေးမှုနဲ့ မကိုက်ညီ တဲ့ဟာတွေ ဒါတွေကတော့ ကျနော်တို့ ဆောင်ရွက်ရမှာ ဖြစ်တယ်။ နောက်တစ်ခု ကတော့ အကြမ်းဖက် အားပေးနေတဲ့ ကိစ္စတွေ။ ဘယ်နိုင်ငံမှ လက်မခံပါဘူး။ မြန်မာ တစ်နိုင်ငံတည်းမှ မဟုတ်ပါဘူး။ ဘယ်နိုင်ငံမှာရော ထုတ်လို့ရတုန်း။ အကြမ်းဖက် အားပေးလုပ်တယ်၊ မလွဲမသွေ မြန်မာ့ယဉ်ကျေးမှုနဲ့ မကိုက်ညီတဲ့ဟာတွေ၊ ကန့်သတ်ထားတဲ့ဟာတွေ ဆောင်ရွက်တယ် ဆိုရင်တော့ သူ့ ဥပဒေပြဋ္ဌာန်းချက် အတိုင်းပဲ ကျနော်တို့က ဆောင်ရွက်ရမှာ ဖြစ်ပါတယ်”

အဖမ်းခံထားရတဲ့ ‘My Possessive Step-Bro’ စာအုပ်ထုတ်ဝေသူ ရွှေလာဘ် စာပေတိုက်ပိုင်ရှင် ဒေါ်လှိုင်လှိုင်သင်း ကိုလည်း အရေးယူသွားမယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ စာအုပ်စာပေ ဖန်တီးခွင့်ဆိုတဲ့ အနုပညာလွတ်လပ်ခွင့်ပါ ဆုတ်ယုတ်ပျက်စီးနေတယ်လို့ Pen Myanmar အဖွဲ့ကို တည်ထောင်သူ စာရေးဆရာမ မသီတာ(စမ်းချောင်း)က ဝေဖန်ပါတယ်။

“အဲဒီအတွက်ကြောင့် ဒီ Free of Expression တင် မကဘူးပေါ့။ Artistic Freedom ကိုပါ ကျမတို့က ထည့်ပြီး ပြောကြတာ။ ဆိုတော့ အခုနောက်ပိုင်းမှာက အဲဒါက တော်တော်လေး အဟန့်အတားဖြစ်တယ်။ အကန့်အသတ် ဖြစ်တယ်ပေါ့နော်။ ဒီဟာနဲ့ ပတ်သက်ပြီးတော့ ဒီလိုမျိုး ပိတ်ပင်တားဆီးတာမလုပ်ဘူး ဆိုရင်တောင်မှ ဒီလုပ်ငန်း တွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အခြေအနေပေးနေတာတွေ ဘာမှ မရှိနေဘူးပေါ့နော်။ ဒီလုပ်ငန်းတွေအတွက် ဖြန့်ချိဖို့ အခြေအနေ ပေးမနေဘူး။ ရောင်းဝယ်ဖောက်ကားဖို့ အတွက် အခြေအနေ ပေးမနေဘူး။ အစစအရာရာက တိုးတက်ဖို့ မရှိတဲ့အပြင်ကို ဆုတ်ယုတ်မှုတွေကိုပဲ မြင်နေရပါတယ်”

မြန်မာနိုင်ငံမှာ စာရေးဆရာ၊ တတ်သိပညာရှင်နဲ့ ပညာတတ်တွေကို ဖမ်းဆီးအကျဥ်းချ ထားတာ စုစုပေါင်း ၂၆ ယောက်ရှိနေပြီး ဒါဟာ ကမ္ဘာမှာ တတိယဖမ်းဆီးမှု အများဆုံး ဖြစ်တယ်လို့ PEN America အဖွဲ့က ဧပြီ ၁၄ ရက် မနေ့က ကြေညာချက်ထုတ်ပြန်ပါတယ်။ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ်မှာ ဖမ်းဆီးမှု အများဆုံးလို့ ဆိုပါတယ်။

PEN America အဖွဲ့က ထုတ်ပြန်တဲ့ လွတ်လပ်စွာရေးသားနိုင်မှု အညွှန်းကိန်းအရ တရုတ်မှာ ဖမ်းဆီးထားသူ စာရေးဆရာနဲ့ တတ်သိပညာရှင် ၈၅ ဦးရှိပြီး ကမ္ဘာမှာ ပထမအများဆုံး၊ ဆော်ဒီအာရေဗျနိုင်ငံက ၂၉ ဦးနဲ့ ဒုတိယ၊ မြန်မာက ၂၆ ဦးနဲ့ တတိယ ဖမ်းဆီးမှု အများဆုံး နိုင်ငံဖြစ်ကြောင်း PEN America အဖွဲ့က ထုတ်ပြန်ထားပါတယ်။