ရာဂီမုန်တိုင်းဒုက္ခသည်တွေ ကိုယ်ထူကိုယ်ထဖြေရှင်းနေရဆဲ
2024.11.14
ရာဂီမုန်တိုင်းတိုက်ခဲ့တာ နှစ်လကျော်ကြာပြီဖြစ်ပေမဲ့ ရေဘေးဒဏ်ခံရလို့ အိမ်ပြိုတဲ့သူတွေ၊ လယ်ယာစိုက်ခင်း ပျက်စီးတဲ့သူတွေမှာ ထိရောက်တဲ့ အကူအညီ မရသေးဘူးလို့ ဒေသခံတွေက RFA ကို ပြောကြပါတယ်။
ရေဘေးပြန်လည်ထူထောင်ရေးအတွက် အလှူငွေ ၅၃ ဘီလီယံကျော် ရထားတယ်လို့ စစ်ခေါင်းဆောင်က အောက်တိုဘာ ၂၁ ရက်က နေပြည်တော်မှာပြုလုပ်တဲ့ အစည်းအဝေးမှာ ပြောထားပါတယ်။ ပျက်စီးဆုံးရှုံးမှုတွေကို ခြောက်လအတွင်း အရင်အခြေအနေ ပြန်ရောက်အောင် အင်တိုက်အားတိုက် ဆောင်ရွက်ရမယ်လို့လည်း သူက ညွှန်ကြားထားပါတယ်။
ဒါပေမဲ့ ရေဘေးဒုက္ခသည်တွေကတော့ ပြည်သူအချင်းချင်း ကူညီတဲ့ အထောက်အပံ့နဲ့ပဲ အသက်ဆက်နေရပြီး ပြန်လည်ထူထောင်ရေးကိုလည်း ကိုယ်ထူကိုယ်ထ လုပ်နေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အင်းလေးဒေသခံတစ်ဦးက ပြောပါတယ်။
“ရေမြုပ်သွားကတည်းကနေ ဒီအချိန်ထိတော့ ဘာအထောက်အပံ့မှတော့ မရသေးဘူးရှင့်။ ပရဟိတအသင်းတွေကနေပြီးတော့မှပဲ ဒီလိုပေါ့ စားစရာတွေ သောက်စရာတွေ ပေးတယ်။ ပြီးတော့ ကိုယ်ထူကိုယ်ထ ပရဟိတလုပ်ထားတဲ့သူတွေနဲ့ပဲ ချိတ်ဆက်ပြီး အလှူရှင်တွေနဲ့ ချိတ်ဆက်ပြီးတော့ ပေးတာပဲ ရှိတာပေါ့နော်”
လက်ရှိမှာတော့ အလှူရှင်လည်း နည်းသွားပြီလို့ သူက ပြောပါတယ်။ ဒါကြောင့် ရေဘေးအတွက် အလှူငွေ ဘီလီယံ ငါးဆယ်ကျော် ရထားတာကို သတင်းတွေကတစ်ဆင့် သိရတဲ့အတွက် အဲဒီအလှူငွေ ထဲကနေ ဘယ်လိုအကူအညီရမလဲဆိုတာ သူတို့ မျှော်လင့်နေကြပါတယ်။
အင်းလေးဒေသမှာ ရွာပေါင်း ၁၇၀ ကျော် ရေနစ်မြုပ်ခဲ့တာကြောင့် အိမ်တွေ အပါအဝင် ခရမ်းချဥ်သီး စိုက်ခင်းတွေနဲ့ ကျွန်းမြောတွေ ပျက်စီးလိုက်ရပါတယ်။
“မြေပြိုလို့ လမ်းပိတ်သွားတဲ့နေရာတွေကို ဦးစားပေး ရှင်းလင်းနေရပါတယ်”
ရာဂီမုန်တိုင်းဒဏ်ကို မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ပဲခူးတိုင်းနဲ့ ရန်ကုန်တိုင်းကနေရာ တချို့ ခံစားခဲ့ရပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုန်းမြို့နယ်ထဲက နမ့်ဟူး၊ ယုပ္ပေး၊ ပန်လျှန်း၊ လိုက်ကန်၊ ဗန်းစောက်၊ ဆန်ဖူး၊ နောင်စုံ၊ ကျောက်ကချား စတဲ့ ရွာပေါင်းဆယ်ရွာခန့် မုန်တိုင်းဒဏ် ခံလိုက်ရပြီး မြေတွေပြို၊ လမ်းတွေ ပျက်ခဲ့ရပါတယ်။
အခုတော့ မြေပြိုလို့ လမ်းပိတ်သွားတဲ့နေရာတွေကို ဦးစားပေး ရှင်းလင်းနေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဟိုပုန်းဒေသခံတစ်ဦးက ပြောပါတယ်။
သူတို့ဆီမှာလည်း စစ်ကောင်စီလက်အောက်ခံ အာဏာပိုင်တွေရဲ့ အကူအညီ မတွေ့ရသေးဘူးလို့ ပရဟိတအသင်းဝင်တစ်ဦးက ပြောပါတယ်။
“အကိုတို့ မျက်စိနဲ့ မြင်တဲ့ဟာတော့ မရှိဘူး။ အော် သူတို့ ဒီထွေအုပ်ကနေပြီးတော့ စာရင်းကောက်ပြီး တစ်အိမ်ထောင် နှစ်သိန်း လှူမယ်လို့တော့ ကြားတာပေါ့။ အကိုတို့ မျက်စိနဲ့တော့ သူတို့လှူတဲ့အချိန် ဘယ်လိုပေးတယ်၊ ဘာညာဆိုတာတော့ အကိုတို့ မျက်စိမြင်တာတော့ မရှိဘူးလေ”
ရေဘေးဒုက္ခသည်တွေဟာ ဘုန်းကြီးကျောင်းတွေ၊ ရေဘေးဒဏ်ကလွတ်တဲ့ ဆွေမျိုးသားချင်းတွေရဲ့ အိမ်တွေမှာ ခိုကပ်နေရတယ်လို့ သူက ပြောပါတယ်။
ဆက်နွှယ်သောသတင်းများ
သဘာ၀ဘေးဒဏ်ခံခဲ့ရတဲ့ ကရင်နီဒေသခံ သုံးသောင်းကျော် အကူအညီတွေ လိုအပ်နေဆဲ
စိုက်ခဲ့သမျှရေမျောသွားတဲ့ လှိုင်သာယာက လယ်သမား
အင်းလေးက ရေဘေးသင့်အိမ် တစ်ရာခန့်ကို လူမှုကူညီရေးအသင်းတွေ ပြုပြင်ပေး
ကလောမြို့မှာလည်း အိမ်ပြိုသွားတဲ့သူတွေထဲက တချို့ဆိုရင် မြေပါပြိုသွားလို့ အိမ်ပြန်ဆောက်စရာတောင် နေရာမရှိတော့ဘူးလို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“လေးဆယ် ခြောက်ဆယ် အိမ်ဝန်းလေးထဲမှာ အိမ်သေးသေးလေးပေါ့။ အဲဒီမှာ မောင်နှမတွေ အကုန်လုံး ဖြစ်သွားတယ်ဆိုတော့ မောင်နှမတွေအကုန်လုံး အဲဒီမှာ ပြွတ်သိပ်ပြီး နေရတာပေါ့။ နည်းနည်းတော့ ခက်ခက်ခဲခဲ နေရတာပေါ့။ မြေကြီးကလည်း ပြန်ဆောက်ဖို့ မလွယ်တော့ဘူးလေ”
လောလောဆယ်မှာ စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ဆီက အိမ်ဆောက်ဖို့ သိန်းငါးဆယ် မဲပေါက်ထားပေမဲ့ သူ့မှာ အိမ်ပြန်ဆောက်စရာ မြေမရှိသေးလို့ ငွေလည်း လက်ထဲမရသေးဘူးလို့ ပြောပါတယ်။
စစ်ကောင်စီအနေနဲ့ ရထားတဲ့အလှူငွေ ဘယ်လိုသုံးစွဲနေလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိတ္ထီလာဒေသခံတစ်ဦးက ပြောပါတယ်။
“စကစကနေပြီးတော့ ကျပ် ၅၂ ဘီလီယံကို ဒီရေဘေးသင့်ပြည်သူတွေကို လှူမယ်ဆိုပြီးတော့ ပြောတယ်ပေါ့နော်။ ဒါပေမဲ့ ကျုပ်တွေ့သလောက်ကတော့ ဘယ်မှာလှူတယ်၊ ဘယ်သူတွေ လှူတယ် ဆိုတာတော့ ပွင့်ပွင့်လင်းလင်း Transparency ရှိရှိနဲ့တော့ သိပ်မတွေ့ရဘူး။ အစိုးရပိုင်သတင်းစာတွေမှာဆိုလည်း ဟို လှူတယ်တို့ ဘာတို့ဆိုပေမဲ့ တကယ်တမ်း မြေပြင်မှာကျတော့ ဒီပုဂ္ဂလိက အလှူရှင်တွေတို့၊ နောက်ကျွန်တော်တို့ ဟို လူမှုကူညီရေးအသင်းတွေတို့ ဒါတွေကိုပဲ ပြည်သူတွေ အများစုက အားထားနေတာပဲ တွေ့ရတယ်”
ရှမ်းပြည်နယ်တောင်ပိုင်းမှာ အကူအညီတွေ ထိထိရောက်ရောက် မရသေးသလို စစ်ကောင်စီရုံးစိုက်တဲ့ နေပြည်တော်နဲ့အနီးဆုံး ပျဥ်းမနားမြို့နားက ရေဘေးဒုက္ခသည်တွေလည်း ပြည်သူအချင်းချင်းကူတဲ့ အကူအညီနဲ့ပဲ ပြန်လည်ထူထောင်ဖို့ ကြိုးစားနေရတယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ပြည်သူတွေပေါ့။ ပြည်တွင်းရော ပြည်ပမှာရှိတဲ့ ပြည်သူတွေရဲ့ လှူတာကတော့ အဆပေါင်း များစွာသာတာပေါ့။ ဒီအစိုးရအဖွဲ့အစည်းနဲ့လုပ်တဲ့ ဟိုဟာကတော့ အားတော့ တော်တော်နည်းတယ် ပြောရမယ်။ အမှန်အတိုင်း ပြောရရင်လေ။ တော်တော်လှူတာ ပြည်တွင်း ပြည်ပက အလှူရှင်တွေက တော်တော့်ကို စေတနာ ထက်ထက်သန်သန်နဲ့ လှူတာ တော်တော်လေး လှူကြတာ”
အခုလို ပြောဆိုတာတွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
ရာဂီမုန်တိုင်းကြောင့် သေဆုံးသူပေါင်း ၄၄၄ ဦးရှိတယ်လို့ စစ်ကောင်စီက တရားဝင် ထုတ်ပြောခဲ့ပါတယ်။ လုံးဝပျက်စီးသွားတဲ့ လူနေအိမ်ပေါင်း ၁၉၁၅ လုံး၊ တစ်စိတ်တစ်ပိုင်း ပျက်စီးတဲ့အိမ်က ၂၀၁ လုံး၊ ရေဝင်ခဲ့တဲ့အိမ်ပေါင်း ၁၅၈,၃၄၃ ရှိခဲ့တယ်လို့ ဆိုပါတယ်။ လယ်ယာကဏ္ဍမှာတော့ စိုက်ပျိုးဧက ကိုးသိန်းကျော် ပျက်စီးခဲ့တယ်လို့လည်း စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။