ပဋိပက္ခ ဆယ်နှစ်ကျော်မှာ ရခိုင်နဲ့ မွတ်စလင်တွေ ဆက်ဆံရေးပြေလည်လာ

RFA Burmese
2023.05.04
ပဋိပက္ခ ဆယ်နှစ်ကျော်မှာ ရခိုင်နဲ့ မွတ်စလင်တွေ ဆက်ဆံရေးပြေလည်လာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ သဲချောင်း ရိုဟင်ဂျာဒုက္ခသည်စခန်းတွင် ခိုလှုံနေကြသူများအား ၂၀၂၃ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့က တွေ့ရစဉ်။
RFA

ရခိုင်ပြည်နယ်မှာ ၂၀၁၂ ခုနှစ်က အကြီးအကျယ်ဖြစ်ခဲ့တဲ့ လူမျိုးရေးပဋိပက္ခတွေကြောင့် ရခိုင်တိုင်းရင်းသားတွေ နဲ့ မွတ်စလင်တွေအကြား ဆက်ဆံရေးဟာ အခုအချိန်မှာ တင်းမာမှုတွေလျော့ပြီး ပြန်လည် အဆင်ပြေလာခဲ့ပါပြီ။

ရခိုင်ပြည်နယ် စစ်တွေမြို့ပေါ်က ပွိုင့်အပန်းဖြေစခန်း၊ ဟိုတယ်ကမ်းခြေနဲ့ ရှုခင်းသာလမ်း တွေမှာ မွတ်စလင် မိသားစုတွေ အပန်းဖြေသွားလာနေကြတာတွေ၊ ပျော်ပါးနေတာကို အခုနှစ်အတွင်းမှာ ပိုပြီးတွေ့မြင်လာရပါတယ်။

ဒီလိုမြင်ကွင်းတွေဟာ ၂၀၁၂ ခုနှစ်က ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင်တွေကြား လူမျိုးရေး၊ ဘာသာရေး ဆန်တဲ့ ပဋိပက္ခတွေ အကြီးအကျယ်ဖြစ်ပွားခဲ့ပြီးနောက် ၁၀ စုနှစ်တစ်ခုကျော်အကြာမှာ မြင်တွေ့လာရတာပါ။

နှစ်ဖက်အပြန်အလှန်လေးစားမှုတွေ၊ သဟဇာတဖြစ်မှုတွေနဲ့ ဆက်ဆံရေး ပြေလည်လာတာ တွေကြောင့် အခုလို သွားလာခွင့်ရလာကြတာလို့ မွတ်စလင်တွေနဲ့ ရခိုင်တိုင်းရင်းသားတွေ က ပြောပါတယ်။

"ရခိုင်နဲ့ မွတ်စလင်တွေကြားထဲမှာ ရက္ခိုင့်တပ်တော် (AA) ရဲ့ လုပ်ဆောင်မှုတွေကြောင့် နှစ်ဖက်အပြန်အလှန် ငြိမ်းချမ်းမှုတွေ၊ သဟဇာတဖြစ်မှု အသီးအပွင့်တွေကို ဖြစ်လာတယ်လို့ ပြောလို့ရတယ်”

စစ်တွေ ဟိုတယ်ကမ်းခြေမှာ မိသားစုနဲ့ အပန်းလာဖြေတဲ့ သဲချောင်းရွာက မွတ်စလင် ကိုမောင်ရွှေအေးက လက်ရှိ ရခိုင်နဲ့ မွတ်စလင်တွေကြားမှာ ဘာပြဿနာမှ မရှိတော့ဘူးလို့ ပြောပါတယ်။

“အခုကတော့ ဘာပြဿနာမှမရှိဘူး။ အားလုံးအေးဆေးပဲ။ ရခိုင်နဲ့ ကျွန်တော်တို့ မွတ်စလင်တွေဟာ ညီအစ်ကိုလိုပဲ ကျွန်တော်တို့ သွားလာလို့ရတယ်။ ပြဿနာ ဘာမှမရှိတော့ဘူး။ ရခိုင်တွေလည်း ကျွန်တော်တို့ ဆီကိုလာတယ်။ ကျွန်တော်တို့လည်း ရခိုင်သားရွာတွေကို သွားလာတယ်။ ဘာပြဿနာမှ မဖြစ်တော့ပါဘူး”

ရခိုင်တိုင်းသားတွေလည်း မွတ်စလင်တွေနေတဲ့ စစ်တွေမြို့နယ် သဲချောင်းရွာဈေး၊ ဒါးပိုင်ရွာဈေးတွေ မှာ ရွှေဆိုင်၊ အဝတ်အထည်ဆိုင်တွေနဲ့ ကုန်စုံဆိုင်တွေဖွင့်ပြီး စီးပွားရေးလုပ်လာကြတာလည်းရှိပါတယ်။

ရခိုင်တိုင်းရင်းသား ဦးဘစောမောင်ဟာ  စစ်တွေမြို့ပေါ်ကနေ မွတ်စလင်အများစုနေတဲ့ ဒါးပိုင်ရွာဈေးမှာ ရွှေပန်းထိမ်ဆိုင်ဖွင့်ထားတာ ငါးနှစ်ရှိပါပြီ။ ရောက်စတုန်းကတော့ အရင်က ပဋိပက္ခကြောင့် စိမ်းနေခဲ့ကြပေမယ့် အခုတော့ တော်တော်လေးကို ဆက်ဆံရေးအဆင်ပြေလာတယ်လို့  သူက RFA ကို ပြောပါတယ်။

“ကျွန်တော် ဒီမှာလုပ်နေတာ ငါးနှစ်ရှိပြီ။ အခုက မွတ်စလင်တွေနဲ့ ရခိုင်နဲ့က အဆင်ပြေတယ်။ အရင် တုန်းကဆိုရင်တော့ နည်းနည်းစိမ်းတာပေါ့။ အခုက ကောင်းလာတယ်။ မွတ်စလင်တွေလည်း ရခိုင်တွေဆီသွားတယ်။ မြို့ထဲက ရခိုင်တွေလည်း ဒီမွတ်စလင်တွေဆီကိုလာတယ်။ ပြဿနာတော့ မရှိတော့ဘူး”

ရခိုင်နဲ့ မွတ်စလင်တွေဟာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်က စစ်တွေမြို့အပါအဝင် ကျောက်တော်၊ ရသေ့တောင်၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ သံတွဲ စတဲ့ဒေသတွေနဲ့ မြို့နယ်တော်တော်များများမှာ ပဋိပက္ခ အကြီးအကျယ် ဖြစ်ခဲ့ကြတာပါ။

မွတ်စလင်အများစုနေထိုင်သည့် စစ်တွေမြို့နယ်  ဒါးပိုင်ရွာဈေးတွင် ဖွင့်လှစ်ထားသည့် ရခိုင် တိုင်းရင်းသားပိုင် ရွှေပန်းထိမ်ဆိုင်တစ်ဆိုင်အား ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
မွတ်စလင်အများစုနေထိုင်သည့် စစ်တွေမြို့နယ် ဒါးပိုင်ရွာဈေးတွင် ဖွင့်လှစ်ထားသည့် ရခိုင် တိုင်းရင်းသားပိုင် ရွှေပန်းထိမ်ဆိုင်တစ်ဆိုင်အား ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

အဲဒီပဋိပက္ခတွေကြောင့်ပဲ စစ်တွေမြို့ပေါ်က မွတ်စလင် တစ်သိန်းလေးသောင်းနီးပါးနဲ့ တခြားမြို့နယ်တွေက မွတ်စလင် သိန်းချီထွက်ပြေးခဲ့ရပြီး နေအိမ်တွေလည်း မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

ဒီလို လူ့အဖွဲ့အစည်းနှစ်ခုကြားမှာ တစ်ယောက်မျက်နှာကိုတစ်ယောက် ကြည်လို့မရတဲ့ အခြေအနေကနေ အခုတော့ တစ်ဖက်နဲ့ တစ်ဖက် နားလည်မှုတွေနဲ့ ဆက်ဆံရေး ပြန်လည်အဆင်ပြေလာခဲ့ပြီဖြစ်သလို ရှေ့ဆက်ပြီးတော့လည်း ဒီထက်ပိုကောင်းလာ ဖို့ယုံကြည်မိတယ်လို့ သဲချောင်း မွတ်စလင် ဒုက္ခသည်စခန်းက ဦးကျော်လှက ပြောပါတယ်။

“အရင်တုန်းကဆိုရင် တစ်ယောက်မျက်နှစ်တစ်ယောက် ကြည့်လို့တောင်မရတဲ့အထိ ဖြစ်ခဲ့တဲ့အဆင့်ကနေ ဒီနေ့မှာ ရခိုင်ရွာတွေကို လွတ်လပ်စွာသွားလာလိုက်၊ တစ်ဖက်ကို တစ်ဖက် လေးစားမှု၊ တစ်ဖက်နဲ့ တစ်ဖက် ရယ်မောပြောဆိုမှု အဆင်ပြေမှုတွေ တွေ့လာပြီဆိုတော့ ကျွန်တော်တို့ လူမျိုးနှစ်ခုကြားမှာ သဟဇာတ ဖြစ်ပြီလို့ ယူဆတယ်။ ရခိုင်လူမျိုးဘက်ကလည်း နားလည်မှုရှိလာပြီးတော့ ဒီလိုမျိုး အဆင်ပြေလာတဲ့အတွက် ရှေ့ဆက်ပြီး တော့လည်း ပြေလည်လာမှာကို ကျွန်တော် ယုံကြည်တယ်”

အခုလို ရခိုင်နဲ့ မွတ်စလင်တွေရဲ့ ဆက်ဆံရေး ပြန်ပြီးပြေလည်လာတာဟာ ရက္ခိုင့် တပ်တော် (AA) ရဲ့ စည်းရုံးမှုတွေကြောင့်လို့ ရခိုင်လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ ကိုသန်းလှ (ခေါ်) မင်းဘာချေက ပြောပါတယ်။

“ရက္ခိုင့်တပ်တော် (AA) ရဲ့ လုပ်ဆောင်မှုတွေ၊ စည်းရုံးမှုတွေထဲမှာ သူတို့ရဲ့ အုပ်ချုပ်ရေး ယန္တရားတွေထဲမှာ မွတ်စလင် ရိုဟင်ဂျာတွေကလည်း ပါလာနေတယ်။ တစ်ဖက်မှာ AA ရဲ့ လက်နက်ကိုင်တွေထဲမှာ လည်း မွတ်စလင် ရိုဟင်ဂျာတွေရဲ့ အခန်းကဏ္ဍက ပါနေတာ တွေ့တယ်။ အရင်က ဖြစ်ခဲ့တဲ့ ရခိုင်နဲ့ မွတ်စလင်တွေကြားထဲမှာ ရက္ခိုင့် တပ်တော် (AA) ရဲ့ လုပ်ဆောင်မှုတွေကြောင့် နှစ်ဖက် အပြန်အလှန် ငြိမ်းချမ်းမှုတွေ၊ သဟဇာတဖြစ်မှု အသီးအပွင့်တွေကို ဖြစ်လာတယ်လို့ ပြောလို့ရတယ်”

အခုလို လူ့အဖွဲ့အစည်းနှစ်ခုကြား ဆက်ဆံရေးအဆင်ပြေလာခဲ့ပေမယ့် ပဋိပက္ခကာလ အတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ မွတ်စလင်တွေကတော့ အခု ဆယ်စုနှစ် တစ်ခု ကျော်ကြာအထိ ဒုက္ခသည်စခန်းတွေ မှာပဲ ခိုလှုံနေကြရတုန်းဖြစ်ပါတယ်။

အဲဒီဒုက္ခသည်တွေအားလုံး ပြန်လည်နေရာချထားရေးကို အစိုးရအဆက်ဆက်က ပြီးပြတ်အောင် ဖြေရှင်းပေးတာမရှိခဲ့သလို စခန်းအဝင်အထွက်တွေက စစ်ဆေးရေးဂိတ် တွေကြောင့် လွတ်လပ်စွာ သွားလာခွင့် မရသေးကြသေးဘူးလို့ မွတ်စလင်တွေက ပြောပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
စစ်ကောင်စီခန့် ဗဟိုဘဏ် အရာရှိကြီးတွေကို NUG ရဲ့အရေးယူမှု လေ့လာသူတွေဝေဖန်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။