ရခိုင်က စစ်ဘေးဒုက္ခသည်တချို့ ရေဘေးဒဏ်ပါ ရင်ဆိုင်နေရ
2024.08.03
စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်နေတဲ့ သံတွဲမြို့နယ်အပြင် အဲဒီက စစ်ဘေးဒုက္ခသည်တွေ အများစုခိုလှုံနေတဲ့ ရခိုင်ပြည်နယ်တောင်ပိုင်း တောင်ကုတ်မြို့နယ်နဲ့ ဂွမြို့နယ်တွေမှာ မိုးအဆက်အပြတ် ရွာနေတာကြောင့် ပြီးခဲ့တဲ့ဇူလိုင်လ ၂၅ ရက်နေ့ကစပြီး မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာတွေ ရေနစ်မြှုပ်ခဲ့ပါတယ်။
သံတွဲ၊ တောင်ကုတ်နဲ့ ဂွမြို့နယ်တွေမှာ စစ်ဘေးဒုက္ခသည် တစ်သောင်းခွဲခန့်အပါအဝင် လူပေါင်းနှစ်သောင်းကျော် ရေဘေးဒဏ်ခံနေရတာပါ။
“ပျိုးစပါးခင်းတွေ၊ မိုးတွင်းအတွက် သိုလှောင်ထားတဲ့စပါးတွေနဲ့ နေအိမ်တွေလည်း ပျက်စီးသွားပါတယ်”
သံတွဲမြို့နယ်မှာဆိုရင် မြို့ပေါ်က ရပ်ကွက်ခုနစ်ခုနဲ့ ကျေးရွာပေါင်း သုံးဆယ်ခန့်အထိ ရေနစ်မြုပ်ခဲ့တာပါ။ စစ်ဘေးကြောင့် ထွက်ပြေးတိမ်းရှောင်နေရချိန်မှာ အခုလို ရေဘေးနဲ့ပါ ထပ်ကြုံနေရတာကြောင့် စားဝတ်နေရေးအပြင် အစစအရာရာ ခက်ခဲသွားပြီလို့ သံတွဲဒေသခံတွေက RFA ကို ပြောပါတယ်။
အခုတော့ ရေအနည်းငယ်ကျသွားပေမဲ့ ဒေသခံတွေ စစ်ဘေးရှောင်နေရတာကြောင့် နွံတင်ကျန်ခဲ့တဲ့နေအိမ်တွေကို မရှင်းလင်းနိုင်ဘဲ ပိုင်ဆိုင်သမျှ အားလုံးပျက်စီးသွားပြီလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သံတွဲဒေသခံတစ်ဦးက ပြောပါတယ်။
“နှစ်တိုင်း၊ နှစ်တိုင်းမှာလည်း ဒီလို ရေတက်လာပြီဆိုလို့ရှိရင် လူတွေရှိနေတဲ့အခါကျတော့ ကုန်းမြင့်ပိုင်းကို ရွှေ့လို့ရတယ်။ အခုအချိန်မှာကျတော့ အိမ်တွေမှာ လူတွေက မရှိတော့ဘူး။ လူတိုင်းမှာက သယ်နိုင်တဲ့ပစ္စည်းတွေလောက်ပဲ ယူလာလို့ရတာဗျာ။ ကျွန်တော်တို့မှာဆိုရင်လည်း အဝတ်အစားတွေကအစ အကုန်လုံးထားခဲ့တာ။ ထွက်လာတဲ့အခါမှာ အဝတ်အစား တစ်စုံနှစ်စုံလောက်ပဲ ပါတယ်။ ရေမြုပ်ပြီးဆိုတော့ ရေမြုပ်ပြီးပြီးချင်းမှာ ဒါတွေ သိမ်းဆည်းနိုင်တယ်၊ ရေဆေးနိုင်တယ်ဆိုရင်တော့ ပြဿနာမရှိပေမဲ့ အခုက မြို့ထဲလည်း ပြန်ဝင်လို့မရဘူးဆိုတော့ ဆုံးရှုံးမှုကတော့ အရမ်းများမယ်”
သံတွဲမြို့ပေါ်နဲ့ အနီးအနားဝန်းကျင်က သောင်းနဲ့ချီတဲ့ ဒေသခံတွေဟာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့ဇွန်လကစပြီး တောင်ကုတ်၊ ဂွစတဲ့မြို့နယ်တွေနဲ့ တခြားနီးစပ်ရာဒေသတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။
အလားတူပဲ တောင်ကုတ်မြို့နယ်မှာလည်း မြို့ပေါ်ရပ်ကွက်အားလုံးနီးပါးနဲ့ မြို့မြောက်ဘက်က လမူး၊ ကင်းတောင်၊ ဆားပြင်စတဲ့ရွာတွေအပါအဝင် ကျေးရွာပေါင်း ၁၅ ရွာခန့်အထိ ရေဘေးသင့်ခဲ့ပါတယ်။
ရေလွှမ်းမိုးမှုကြောင့် မြို့ပေါ်က သောက်သုံးရေကန် ရှစ်ကန်ပျက်စီးသွားပြီး ကျေးရွာတွေမှာတော့ ရေကန် ဆယ်ကန်ထက်မနည်း ပျက်စီးသွားတယ်လို့ဆိုပါတယ်။ ပျိုးစပါးခင်းတွေ၊ မိုးတွင်းအတွက် သိုလှောင်ထားတဲ့စပါးတွေနဲ့ နေအိမ်တွေလည်း ပျက်စီးသွားတယ်လို့ ရေဘေးသင့်သူတွေကို ကူညီပေးနေသူတစ်ဦးက RFA ကို ပြောပါတယ်။
“ကျွန်တော်တို့ တောင်ကုတ်မြို့နယ်တစ်ခုလုံးနီးပါး ရေလွှမ်းမိုးတာ ခံလိုက်ရတာတော့ လယ်ယာမြေ ၈၀ ရာခိုင်နှုန်းလောက်အထိ ပျက်စီးသွားတယ်လို့ ပြောလို့ရပါတယ်။ လယ်ကွင်းတွေ၊ ပျိုးပင်တွေကအစ အကုန်လုံး တစ်ခုမှ မရလိုက်ဘူး။ အခုလယ်သမားတွေက ဘယ်လောက်ထိ အခက်အခဲနဲ့ကြုံရလဲဆိုရင် မိုးတွင်းအထွက် သိုလှောင်ထားတဲ့ မိုးစပါးတွေကအစ အကုန်လုံး ပျက်စီးသွားတယ်”
သံတွဲဒေသခံတွေအများစု စစ်ဘေးရှောင်နေကြတဲ့ ဂွမြို့နယ်မှာလည်း ကျေးရွာအတော်အများများ ရေနစ်မြုပ်ခဲ့ပါတယ်။ အခုလို ရေဘေးသင့်ခဲ့တဲ့ သံတွဲ၊ တောင်ကုတ်၊ ဂွမြို့နယ်တွေမှာ စစ်ကောင်စီတပ်က ကုန်းလမ်း၊ ရေလမ်း အသွားအလာတွေ ပိတ်ဆို့ထားတာကြောင့် ရေဘေးသင့်သူတွေကို ကူညီပေးလို့လည်း မရကြပါဘူး။
ဆက်နွှယ်သောသတင်းများ
ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ်သုံးခုမှာ ရေဘေးကြုံ
သူဌေးချောင်းဆည်ရေမြင့်တက်နေလို့ ဆည်အောက်ဘက်ရွာတွေ ပြောင်းရွှေ့ကြဖို့ AA သတိပေး
သံတွဲမှာ စစ်ကောင်စီနဲ့ AA တို့ တိုက်ပွဲဆက်လက်ပြင်းထန်
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဂွမြို့နယ်က အကူအညီပေးနေသူတစ်ဦးက “ရေဘေးသင့်တဲ့ပြည်သူတွေကို လှူဖို့ဆိုလို့ရှိရင် အရင်လို ပွင့်ပွင့်လင်းလင်း ပစ္စည်းတွေ သယ်လို့ရမယ်ဆိုရင်တော့ လှူလို့ရတယ်လေ။ အရင်တုန်းကဆိုရင် စစ်ဆေးရေးဂိတ်တွေ မရှိဘူးဆိုတော့ ဆန်၊ ကြက်သွန်၊ ငရုတ် ပစ္စည်းအစုံ ရေဘေးသင့်ပြည်သူတွေအတွက် လှူပေးလို့ရတယ်ဗျာ။ အခုကတော့ လှူဖို့အတွက် မလွယ်တော့ဘူး။ အခု ဂိတ်တွေလည်း အများကြီးဖြတ်ရမှာ ပြီးရင် ရေဘေးသင့်တဲ့ရွာတွေကိုလည်း သွားလာလို့ မရတော့ဘူး”လို့ ပြောပါတယ်။
ဂွမြို့နယ်နဲ့ တောင်ကုတ်မြို့နယ်တွေမှာတော့ စစ်ကောင်စီတပ်နဲ့ AA တို့ တိုက်ပွဲမရှိပေမဲ့ စစ်ကောင်စီတပ်ဟာ မြို့အဝင်အထွက်ကို စစ်ဆေးရေးဂိတ်တွေဖွင့်ပြီး သွားလာခွင့် ပိတ်ဆို့ကန့်သတ်ထားတာလို့ ဆိုပါတယ်။
အခုလို သံတွဲနဲ့ တောင်ကုတ်၊ ဂွမြို့နယ်တွေက ဒေသခံတွေ စစ်ဘေးအပြင် ရေဘေးနဲ့ပါ ကြုံတွေ့နေရတာနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ်စစ်ကောင်စီပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းနဲ့ AA ပြောခွင့်ရ ဦးခိုင်သုခကို မေးမြန်းထားပေမဲ့ အကြောင်းမပြန်သေးပါဘူး။