ရခိုင်ပြည်နယ်မှာ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲတွေမဖြစ်ဘဲ နယ်မြေအေးချမ်းနေတာ အချိန် တစ်နှစ်ကျော်အထိ ရှိသွားပြီဖြစ်ပေမယ့် ပြည်ပခရီးသည်ဝင်ရောက်မှု ၉၅ ရာခိုင်နှုန်း ကျော်အထိ ကျဆင်းသွား တယ်လို့ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းရှင်တွေက RFA ကို ပြောပါတယ်။
ဟိုတယ်နဲ့ခရီးသွားလာရေးဝန်ကြီးဌာနရဲ့ စာရင်းတွေအရ ရခိုင်ပြည်နယ်မှာ တိုက်ပွဲမဖြစ်ခင် ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာ ပြည်ပခရီးသွားဧည့်သည် ခုနစ်သောင်းခန့်ရှိခဲ့ရာကနေ ၂၀၂၀ ခုနှစ်မှာ သုံးသောင်းလေးထောင်ကျော် ရှိခဲ့ပါတယ်။
ဒါပေမဲ့ စစ်တပ်က အာဏာသိမ်းထားတဲ့ ၂၀၂၁ ခုနှစ်တွင်းမှာတော့ ပြည်ပခရီးသွားဧည့်သည် နှစ်ထောင်ကျော် ပဲ ရှိခဲ့ပါတယ်။
"စားဖို့သောက်ဖို့ရအောင် အလုပ်လုပ်နေတယ်။ ဒါပေမဲ့ ဟိုတယ်ကို တည်းခိုမယ့် ဧည့်သည်မရှိတာ"
ဒါကြောင့် ပြည်တွင်း၊ ပြည်ပခရီးသည်တွေနှစ်စဉ် အများအပြားလာရောက်လည်ပတ်လေ့ရှိတဲ့ ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာဆိုရင် ခရီးသည်တွေ မလာရောက်တော့တာကြောင့် ဟိုတယ် ခုနစ်ခုရှိတဲ့အနက် ဝေသာလီ ဟိုတယ်၊ Prince ဟိုတယ်၊ မြောက်ဦးဟိုတယ် အပါအဝင် ဟိုတယ်ငါးခုဟာ ပိတ်ထားရပါတယ်။
Prince ဟိုတယ်ပိုင်ရှင် ဦးထွန်းရွှေကတော့ ဧည့်သည်မလာလို့ ဟိုတယ်လုပ်ငန်းကိုပိတ်ပြီး ဟိုတယ်ထဲမှာ မုန့်ဖုတ်လုပ်ငန်းပြောင်းလုပ်နေရတယ်လို့ ပြောပါတယ်။
“ကျွန်တော်တို့ ဟိုတယ်ကတော့ အစကတည်းက နိုင်ငံခြားသားတွေကပဲ မှီခိုခဲ့တဲ့ဟိုတယ်တွေလေ။ အခု နိုင်ငံခြားသားတွေ မလာတာ နှစ်နှစ်ကျော်ပြီ။ အခုအချိန်မှာတော့ ဒေသတွင်းခရီးသည်တွေကို မှီခိုမယ် ဆိုရင်လည်း ဒေသတွင်းခရီးသွားတွေက သိပ်မရှိဘူး။ ကျွန်တော်တို့ကတော့ ဖွင့်တော့ဖွင့်ချင်တယ်။ ဒါပေမဲ့ ဧည့်သည်မရှိတဲ့အတွက် ပိတ်နေရတဲ့သဘောပါပဲ။ ဟိုတယ်မှာတော့ ဝန်ထမ်းတွေရှိသေးတယ်။ ကျွန်တော် တို့အခု ဟိုတယ်လုပ်ငန်းမလုပ်ဘဲနဲ့ မုန့်ဖုတ်တဲ့လုပ်ငန်းပြောင်းလုပ်ထားတယ်။ လုပ်ငန်းကတော့ ပိတ် ထားတာ မဟုတ်ဘူး။ စားဖို့သောက်ဖို့ရအောင် အလုပ်လုပ်နေတယ်။ ဒါပေမဲ့ ဟိုတယ်ကို တည်းခိုမယ့် ဧည့်သည်မရှိတာ”
ခရီးသွားဧည့်သည်တွေ မလာတော့လည်း ဝန်းထမ်းအများအပြားကို အလုပ်နားထားလိုက်ရတယ်လို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ နှစ်တွေတုန်းကဆိုရင် အခုလို ဆောင်းရာသီမှာ မြောက်ဦးမြို့ကို အလည်အပတ်လာရောက်တဲ့ ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည် အများအပြားရှိခဲ့ပြီး ဒီနှစ်မှာတော့ လုံးဝမရောက်တဲ့ အခြေအနေအထိ နည်းပါးနေတယ်လို့လည်း ပြောပါတယ်။
ဧည့်သည်တွေ မရောက်တော့တာကြောင့် ဧည့်လမ်းညွှန်လုပ်ငန်းတွေလည်း အခက်ကြုံနေရပါတယ်။ ဧည့်လမ်းညွှန်တွေဟာ ရရာအလုပ်တွေမှာ ဝင်လုပ်နေရတယ်လို့ မြောက်ဦးမြို့ ဧည့်လမ်းညွှန့်အဖွဲ့ ဥက္ကဋ္ဌ ကိုသန်းထွန်းက ပြောပါတယ်။
“ကျွန်တော်တို့ဆီမှာတော့ ပြည်တွင်းခရီးသွားဧည့်သည်ရော၊ ပြည်ပခရီးသွားဧည့်သည်ရော မရှိဘူးလို့ ပြောရမယ်။ ဘာလို့လဲဆိုတော့ ဒီဘက်မှာတိုက်ပွဲတွေလည်း ဖြစ်သွားခဲ့တယ်။ ပြီးလို့ရှိရင် ကိုဗစ်ကလည်း ဝင်လာတယ် ဆိုတော့လေ ပြည်တွင်းရော၊ ပြည်ပရော လုံးဝမလာဘူးလို့ ပြောလို့ရတယ်။ ကျွန်တော်လို့ ဧည့်လမ်းညွှန်တွေကတော့ ဘယ်လိုမှ ရပ်တည်စရာမရှိဘူးပေါ့။ ဧည့်လမ်းညွှန်အလုပ်က ဘာမှမရတော့ တာ။ မရတော့ တချို့လူတွေက ဈေးရောင်းတဲ့သူရောင်းတယ်။ ပြီးရင် Taxi မောင်းတဲ့လူမောင်းတယ်။ တခြားနိုင်ငံတွေကို သွားတဲ့သူတွေ လည်းရှိတယ်ဗျ။ ကျွန်တော်ဆိုရင်လည်း အခု အင်္ဂလိပ်စာတွေပြပြီး အသက်မွေးဝမ်းကျောင်း ပြုနေရတယ်ပေါ့"
ရခိုင်ကို ပြည်တွင်း၊ ပြည်ပခရီးသည်တွေ လာရောက်လည်ပတ်မှု နည်းပါးပေမယ့် ရခိုင်ဒေသခံတွေကတော့ ကိုယ့်ပြည်နယ်အတွင်း ခရီးထွက်မှုတွေ သိသိသာသာများလာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၂၁ ခုနှစ်အတွင်း ဒေသတွင်းခရီးသွားမှုက နှစ်ဆ၊ သုံးဆလောက်အထိ မြင့်တတ်လာတယ်လို့ Aisana Travel Agency က ကိုဇော်ထွန်းက ပြောပါတယ်။
ရခိုင်ပြည်သူတွေဟာ ပြီးခဲ့တဲ့ နှစ်နှစ်လောက်ကတည်းက တိုက်ပွဲတွေကြောင့် အပန်းမဖြေခဲ့ရသလို အခု လက်ရှိ စစ်အာဏာသိမ်းမှုကြောင့်လည်း စိတ်နွမ်းနေကြတာကြောင့် တိုက်ပွဲတွေမရှိဘဲ အခုလို အေးချမ်းနေ တဲ့အချိန်မှာ ခရီးသွားလာကြတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
“ကျွန်တော်လို့ လေးမြို့ချောင်းကတော့ မြောက်ဦးယဉ်ကျေးမှုနဲ့အတူ တွဲပြီးရှိနေတာပါ။ အရင်းတုန်း ကတော့ တစ်လမှာ ခရီးသွားဧည့်သည် တစ်ရာ၊ နှစ်ရာ အများဆုံးပါပဲ။ အခုကတော့ တစ်လမှာ နှစ်ဆလောက်တိုးသွားတယ်။ အရင်က နှစ်ရာဆိုရင် အခုက သုံးရာ၊ လေးရာအထိဖြစ်သွားတယ်။ အဲဒီလိုတက်ရတဲ့အကြောင်းအရင်းက ဘာကြောင့်လဲဆိုရင် ကျွန်တော်တို့ ရခိုင်ပြည်မှာဆိုရင် လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကတည်းက အပန်းမဖြေခဲ့ရဘူး။ အမြဲတမ်းပဲ စိတ်မကောင်းဖြစ်ပြီး နေခဲ့ကြရတယ်။ ပြီးတော့ မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က အာဏာသိမ်းမှုကြောင့်လည်း လူတွေက စိတ်နွမ်း နေကြတော့ အပန်းဖြေစရာနေရာတွေ ရှာကြတာပေါ့လေ”

အဲဒီ မြောက်ဦးမြို့နယ်မှာရှိတဲ့ လေးမြို့ချောင်းဒေသကို လာရောက်လည်ပတ်သူတွေထဲမှာ ၉၀ ရာခိုင်နှုန်း လောက်ဟာ ရခိုင်ပြည်သူတွေဖြစ်ပြီး ကျန်တဲ့ ၁၀ ရာခိုင်နှုန်းလောက်ကတော့ NGO၊ INGO စတဲ့အဖွဲ့ အစည်းက သူတွေနဲ့ တခြားပြည်မဘက်ကနေလာ ရောက်တဲ့ ခရီးသွားဧည့်သည်ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ရခိုင်ပြည်နယ်မှာ ပြည်တွင်း၊ ပြည်ပကနေ ခရီးသွားလာလည်ပတ်သူတွေ နှစ်စဉ်ကျဆင်းနေတာနဲ့ ပတ်သက် လို့ ရခိုင်ပြည်နယ်စစ်ကောင်စီရဲ့ တုံ့ပြန်ချက်ကိုသိနိုင်အောင် RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
ရခိုင်ပြည်နယ်မှာ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကစလို့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ခဲ့ကြပြီး ၂၀၂၀ခုနှစ် နိုင်ဝင်ဘာလမှာ တိုက်ပွဲတွေရပ်စဲခဲ့ပါတယ်။ အဲဒီ စစ်ရေးပဋိပက္ခ ကာလအတွင်း ရခိုင်ပြည်သူတွေဟာ စစ်ဘေးဒဏ်ကို အလူအလဲခံခဲ့ကြရပြီး လမ်းတွေမှာလည်း စစ်ဆေးရေး များတာကြောင့် ခရီးသွားလာခွင့် မရခဲ့ကြပါဘူး။
အခုတော့ တိုက်ပွဲတွေမဖြစ်ဘဲ နယ်မြေအေးချမ်းနေတာ အချိန်တစ်နှစ်ကျော်အထိ ရှိသွားပြီဖြစ်တာကြောင့် ရခိုင်မှာ ဒေသတွင်းခရီးသွားလာမှုတွေ ပြန်ပြီးရှိနေပါတယ်။ ဒါပေမဲ့လည်း ကိုဗစ်ကပ်ဘေးနဲ့ စစ်အာဏာသိမ်း တာတွေ၊ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် ရခိုင်ပြည်နယ်မှာ ပြည်တွင်းပြည်ပ ခရီးသွားလုပ်ငန်းတွေကတော့ သိသိသာသာကို ထိခိုက်နေပါတယ်။