ကချင်ကနယ်မြေ ခုနစ်ဆယ် ရာခိုင်နှုန်းဝန်းကျင်ကို KIA သိမ်းယူထား
2024.12.12
အာဏာသိမ်းသုံးနှစ်ကျော်အတွင်း ကချင်ပြည်နယ်က စစ်ကောင်စီအတွက် စီးပွားရေး၊ စစ်ရေးအရအရေးပါတဲ့ နေရာတွေအပါအဝင် ခုနစ်ဆယ်ရာခိုင်နှုန်းဝန်းကျင်ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က သိမ်းယူထားပါတယ်။
အဲဒီအထဲမှာ အမေရိကန်ဒေါ်လာ ဘီလီယံချီတန်တဲ့ မြေရှားသတ္တုထွက်ရာ ချီဖွေမြို့နယ်အပါအဝင် ကချင်မှာရှိတဲ့ တရုတ်နယ်စပ်ဂိတ်အားလုံးပါဝင်ပြီး ကျောက်စိမ်းထွက်တဲ့ ဖားကန့်မြို့ရဲ့ ကိုးဆယ်ရာခိုင်နှုန်းလည်း ပါဝင်နေပါတယ်။
"စစ်ကောင်စီ သူတို့ရှိပေမဲ့ သူတို့ အုပ်ချုပ်ရေးယန္တရားရပ်ဆိုင်းသွားပြီ"
ဒါ့အပြင် တနိုင်းက ပယင်းမှော်တွေအပါအဝင် ရွှေထွက်တဲ့နယ်မြေ အများအပြားကိုလည်း KIA က ထိန်းချုပ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
KIA သိမ်းယူထားတဲ့နေရာတွေက စစ်ရေး၊ နိုင်ငံရေးနဲ့ စီးပွားရေးအရ အရေးကြီးတဲ့နေရာတွေ ဖြစ်ကြောင်း ကချင်နိုင်ငံရေးသုံးသပ်သူ တစ်ဦးက RFA ကို ပြောပါတယ်။
“ကျွန်တော်ထင်တာက KIA/KIO ရဲ့ စိုးမိုးနယ်မြေက ခုနစ်ဆယ်ရာခိုင်နှုန်းလောက်ရှိပြီလို့ ကျွန်တော်ထင်ပါတယ်။ ကချင်ပြည်နယ် အတိုင်းအတာတစ်ခုလုံး။ အခုသိမ်းထားတဲ့နေရာတွေ အားလုံးက စစ်ရေးအရ၊ နိုင်ငံရေးအရ၊ စီးပွားရေးအရ တော်တော်လေးကို အရေးကြီးတဲ့နေရာတွေ ဖြစ်ပါတယ်”
KIA ရဲ့ တခြားလက်နက်ကိုင်အဖွဲ့ မရှိစေရဆိုတဲ့ (zero armed group policy) မူအရ ကချင်မှာရှိနေသေးတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တပ်တွေကို ဆက်ပြီးတိုက်နေတာကြောင့် တိုက်ပွဲဆက်ရှိနေနိုင်တယ်လို့လည်း ဆိုပါတယ်။
ဆက်နွှယ်သော သတင်းများ
ဗန်းမော်မြို့ပေါ်အထိ KIA ဝင်ရောက်နေရာယူထားပြီး တိုက်ပွဲများ ဆက်လက်ပြင်းထန်
တရုတ်စီမံကိန်းရှိတဲ့ ဗန်းမော်မြို့ လက်မလွှတ်ရဖို့ စစ်ကောင်စီ အပြင်းအထန်ခုခံ
KIA နဲ့ တရုတ်တွေ့ဆုံမှု တိုက်ပွဲရပ်ဖို့ ဖိအားပေးလာနိုင်ကြောင်း လေ့လာသူတွေပြော
ဒီဇင်ဘာလ ၄ ရက်နေ့ကစပြီး အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ - ၂၁) ရှိရာ ဗန်းမော်မြို့နဲ့ မံစီမြို့ကိုလည်း KIA နဲ့ ပူးပေါင်းတပ်တွေ ဆက်လက်တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိ ဗန်းမော်၊ ရွှေကူ၊ ပူတာအို၊ မချမ်းဘော့၊ နောင်မွန်၊ ခေါင်လန်ဖူး၊ မြစ်ကြီးနား၊ စစ်ကိုင်း - ကချင်နယ်စပ် သံလမ်းတစ်လျှောက်နဲ့ တနိုင်းဘက်ကနေရာတချို့ကိုသာ စစ်ကောင်စီတပ်က စိုးမိုးထားနိုင်တော့တယ်လို့ ဆိုပါတယ်။
အဲဒီမြို့တွေမှာလည်း မြို့နားအထိ KIA တပ်တွေ နေရာယူထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်ထားတဲ့ ဗိုလ်ကြီး ဇင်ယော်ကတော့ မြေရှား လုပ်ကွက်တွေပါ ပိုင်ဆိုင်ထားတဲ့ KIA အတွက် စစ်ရေးမှာပိုပြီး အရေးသာသွားပြီလို့ RFA ကို ပြောပါတယ်။
“KIA အနေနဲ့က လုံးဝတပန်းသာသွားပြီးပေါ့နော်။ မြေရှားသတ္တုကို ဒီဟာက ကျွန်တော်တို့ မြန်မာနိုင်ငံမှာတင် သယံဇာတ ပြုန်းတီးခံပြီး လုပ်တာပေါ့။ လုပ်နိုင်တဲ့အနေအထားမျိုးကို ခြယ်လှယ်သွားနိုင်ပြီဆိုတော့ မြေရှားသတ္တုလို ဆိုတာမျိုးက တံခါးပိတ်ထားလည်းမရဘူးလေ။ ဝယ်ချင်တဲ့သူကတောင် လာဝယ်ရတာရော အဲအနေအထားတစ်ခုကို ပိုင်သွားပြီဆိုတော့ စစ်ရေးချိန်ခွင်လျှာ အပြောင်းအလဲဖြစ်လာပြီလို့ပဲ ဆိုချင်ပါတယ်ဗျ”
KIA အနေနဲ့ တစ်နိုင်ငံလုံး လွတ်မြောက်ရေးအတွက် နွေဦးတော်လှန်ရေးနဲ့အတူ ဆက်လက်ပါဝင်သွားဖို့ မျှော်လင့်တယ်လို့လည်း ဆိုပါတယ်။
KIA သိမ်းယူထားတဲ့ မိုးမောက်မြို့မှာတော့ ဒေသခံတွေမြို့ပေါ် ပြန်နေလို့ မရသေးပေမဲ့ ကျေးရွာတွေဘက်မှာတော့ KIA ရဲ့ အုပ်ချုပ်ရေးယန္တရား လည်ပတ်နေပြီလို့ မိုးမောက်ဒေသခံက RFA ကို ပြောပါတယ်။
“မိုးမောက်မှာတော့ လူတော့နေလို့ မရသေးဘူး ဒါပေမဲ့ မိုးမောက်အထက် ၁၇ မိုင် ၁၅ မိုင် မြို့သစ်၊ ကုန်းလော၊ ဒေါ့ဖုန်းယန်တွေမှာတော့ အဲလိုမျိုး သိမ်းပြီးတော့နောက်မှာ စာသင်ကျောင်းတွေ ဖွင့်ပေးတာတွေ တွေ့ရတယ်။ ပြီးတော့ ဆေးရုံဆေးခန်းတွေ လုပ်ပေးတာတွေ့တယ်။ တခြားတော့မြို့နဲ့ ပတ်သက်ပြီးမှ အဲလိုအုပ်ချုပ်ရေး အခန်းကဏ္ဍတွေကအစ လုပ်နေတာတွေ့တယ်။ လွယ်ဂျယ်ဘက်မှာလည်း ပုံမှန်လည်ပတ်နေတယ်။ စည်ပင်နဲ့ ပတ်သက်တာတွေရော အရင်လို ပုံမှန်လုပ်နေတာတွေ့မိတယ်”
ဒါပေမဲ့ မိုးမောက်မြို့အနားက KIA သိမ်းထားတဲ့ ခမရ (၄၃၇) ကိုပြန်ရဖို့ စစ်ကောင်စီတပ်က အပြင်းအထန် ထိုးစစ်ဆင်နေပြီး နေတိုင်းတိုက်ပွဲဖြစ်နေသလို ရွာတွေကိုလည်း လေကြောင်းနဲ့ တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
ဖားကန့်မြို့နယ်မှာလည်း အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီတပ်ရဲ့ အုပ်ချုပ်ရေးတွေ မလည်ပတ်တော့ဘူးလို့ ဖားကန့်ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။
“ဖားကန့်မှာက ၂၀၂၁ စစ်အာဏာသိမ်းပြီးကတည်းကနေ ဒီစစ်ကောင်စီအုပ်ချုပ်ရေး ယန္တရား ရပ်ဆိုင်းသွားပြီပေါ့နော်။ ဖားကန့်ကို အလုံးစုံတော့မသိမ်းပေမဲ့ ဖားကန့်တစ်ဝိုက်ကို အကုန်လုံးဒီ KIA ရဲ့ အုပ်ချုပ်ရေးယန္တရားက လည်ပတ်နေပြီပေါ့။ ဖားကန့်မြို့မှာဆိုလည်း မြို့ထဲမှာလောက်သာ စစ်ကောင်စီ သူတို့ရှိပေမဲ့ သူတို့ အုပ်ချုပ်ရေးယန္တရားရပ်ဆိုင်းသွားပြီ။ ဒီဖားကန့်တစ်ဝိုက် အနီးဝန်းကျင်မှော်တွေ အကုန်လုံးက KIA ရဲ့အုပ်ချုပ်ရေးယန္တရား လည်ပတ်နေပြီပေါ့”
ဖားကန့် အတက်၊ အဆင်း လမ်းအများအပြားကိုလည်း KIA ကထိန်းချုပ်ထားပြီး ကျောက်စိမ်းတူးဖော်မှုတွေကိုပါ KIA က အဓိက စီမံခန့်ခွဲနေတာလို့ ဆိုပါတယ်။
အခုလက်ရှိလည်း ဖားကန့်မြို့နယ် တစ်ဖက်ကမ်း စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်က ရွှေထွက်တဲ့ဒေသတွေမှာ တိုက်ပွဲဆက်ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကချင်ပြည်နယ်က သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူတစ်ဦးကတော့ KIA အနေနဲ့ သိမ်းထားတဲ့နေရာတွေမှာ ဖွံ့ဖြိုးရေးနဲ့ အုပ်ချုပ်ရေးဖော်ဆောင်ဖို့ သယံဇာတကပဲရမှာဖြစ်တာကြောင့် အဲဒီလုပ်ငန်းတွေကို ဆက်လုပ်သွားဖို့ ရှိနေတယ်လို့ RFA ကို ပြောပါတယ်။
“အရေးပါတဲ့ဆိုတဲ့အထဲမှာတော့ အစိုးရယန္တရားတစ်ခုလည်ပတ်ဖို့ ပြည်သူလူထုရဲ့ ကျေးရွာတွေ၊ ဖွံ့ဖြိုးရေးလုပ်ဖို့ ဆိုရင်တော့ တကယ်ငွေနဲ့ပဲ လုပ်လို့ရတာပေါ့နော်။ ဆိုတော့ အခု အဲဒါတွေ အဓိကဝင်တဲ့နေရာတွေ အစကတော့ ဖားကန့်ပေါ့ ဒါပေမဲ့ အခုနောက်ပိုင်းတော့ ဒီမြေရှားသတ္တုကနေလည်း ဝင်တယ်လို့တော့ ကျွန်တော် ယူဆတာပေါ့။ တစ်ဖက်ပြောမယ်ဆိုရင် ဖွံ့ဖြိုးရေးကို ပိုပြီးလုပ်ဆောင်နိုင်ဖို့ အခွန်ကတော့ ဒီကနေပဲ အများပိုင်း ဝင်တဲ့ဟာရှိတယ်”
လက်ရှိ ရွှေနဲ့ ကျောက်စိမ်းလုပ်ကွက်တွေ ပြန်လည်တူးဖော်နေပြီး မြေရှားသတ္တုကတော့ တရုတ်ဘက်က ပိတ်ထားတဲ့အတွက် တချို့လုပ်ကွက်တွေလုပ်နေပေမဲ့ အများစုကတော့ ရပ်နားထားတယ်လို့ ဆိုပါတယ်။
သွေးစွန်းငွေဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့ရဲ့ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ထုတ်ပြန်ချက်အရ တရုတ်နိုင်ငံဟာ ၂၀၂၁ ခုနှစ်မှာ မြန်မာနိုင်ငံက ကျောက်စိမ်း ဒေါ်လာ တစ်ဘီလီယံဖိုးနဲ့ ၂၀၂၂ ခုနှစ်မှာ ဒေါ်လာ လေးဘီလီယံဖိုးအထိ ဝယ်ယူခဲ့ပါတယ်။
တရုတ်အကောက်အခွန်ဌာန (China Customs) ရဲ့ စာရင်းတွေအရ စစ်တပ်အာဏာသိမ်းချိန် ၂၀၂၁ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအထိ မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို တင်ပို့တဲ့ မြေရှားသတ္တုတန်ဖိုးဟာ အမေရိကန်ဒေါ်လာ သန်းလေးထောင်ကျော်ဖိုး ရှိခဲ့ပါတယ်။
ဒီအခြေအနေတွေအပေါ် အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းနဲ့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကို RFA က တယ်လီဖုန်းနဲ့ ခေါ်ဆိုခဲ့ပေမဲ့ ဆက်သွယ်လို့ မရပါဘူး။
KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လကတော့ KIO ဗဟိုကော်မတီအနေနဲ့ ပင်မအမြစ်ဖြတ်စစ်ဆင်ရေး ဦးဆောင်ကော်မတီ (Ru Nu Dan Majan Masing) ကို ဖွဲ့စည်းပြီး အကောင်အထည်ဖော်နေတယ်လို့ အောက်တိုဘာလ ၂၅ ရက်နေ့ကျရောက်တဲ့ KIO တည်ထောင်ခြင်း (၆၄) နှစ်မြောက်မိန့်ခွန်းမှာ ပြောထားပါတယ်။
သိမ်းထားတဲ့ နယ်မြေတွေမှာ ပြန်လည်ထူထောင်ရေး၊ အုပ်ချုပ်ရေးယန္တရား အားကောင်းရေး၊ တရားဥပဒေစိုးမိုးရေး လုပ်ငန်းတွေကို အကောင်အထည်ဖော်နေပေမဲ့ လက်ရှိ စစ်ရေးအခြေအနေကြောင့် ဒေသခံတွေဟာ စစ်ဘေးဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေရသေးသလို၊ တချို့တွေလည်း လုံခြုံမယ်လို့ထင်ရတဲ့ နေရာတွေမှာ တိမ်းရှောင်နေရဆဲဖြစ်တယ်လို့ ဗိုလ်ချုပ်ကြီး အင်ဘန်လက ဆိုပါတယ်။
တစ်ဖက်မှာလည်း ကချင်လွတ်မြောက်ရေးအဖွဲ့/ ကချင်လွတ်မြောက်ရေးတပ်မတော် (KIO/KIA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ဦးဆောင်တဲ့အဖွဲ့ဟာ တရုတ်အာဏာပိုင်တွေနဲ့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့မှာ တွေ့ဆုံဆွေးနွေးနေပါတယ်။