မြေရှားသတ္တု တူးဖော်တာရပ်ဖို့ ဖရဲဒေသခံတွေ တောင်းဆို
2024.03.24
ကချင်ပြည်နယ်၊ ချီဖွေမြို့နယ် ဖရဲရွာက ဒေသခံတွေဟာ သူတို့သောက်သုံးရေ ရနေရတဲ့နေရာမှာ မြေရှားသတ္တုတူးဖော်တာကို ရပ်ဆိုင်းပေးဖို့ KIA ကို တောင်းဆိုနေကြပါတယ်။
သောက်ရေ ရနေတဲ့နေရာမှာ သတ္တုတူးရင် သူတို့နေလို့ရမှာ မဟုတ်တော့ဘူးလို့ ရွာသားတွေက ယုံကြည်နေပါတယ်။
“ရွာသားတွေက အဓိကအချက်က သောက်ရေအခက်အခဲ ဖြစ်လာတဲ့အတွက် သွားပြောခြင်းဖြစ်တယ်။ ဖရဲက ရွာသူရွာသားတွေက အကုန်လုံး ရွှေ့ပြောင်းရမှာပေါ့နော်။ နေလို့ လုံးဝ မရတဲ့အခြေအနေကို ကျွန်တော်တို့ ခံစားလာနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် အဲဒီမှာ သောက်ရေယူနေတဲ့အထိဆိုရင် သောက်ရေက ဘယ်ကမှမယူတော့ဘူး”
အဲဒီနေရာမှာ သတ္တုမတူးဖို့ ဖေဖော်ဝါရီ ၅ ရက်နေ့မှာ သွားရောက်တောင်းဆိုခဲ့တဲ့ ဖရဲဒေသခံ လေးဆယ်ကျော်ကို နောက်တစ်ရက်မှာ ကချင် လွတ်မြောက်ရေးတပ်မတော် (KIA) က နှစ်ပတ်ကျော် ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။
နောက်နောင် အခုလိုကန့်ကွက်တာတွေမလုပ်ဖို့ ခံဝန်လက်မှတ်ထိုးခိုင်းပြီး ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ ပြန်လွှတ်ပေးလိုက်ပေမယ့် မြေရှားသတ္တု တူးဖော်တာကတော့ ဆက်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ဒေသခံတွေက KIA ကို ကန့်ကွက်တာမဟုတ်ဘဲ သူတို့နေရာတွေမှာမတူးဖော်ဖို့ မြေရှားသတ္တုတူးဖော်တဲ့ ကုမ္ပဏီတွေကို သွားရောက်တောင်းဆိုတာပဲဖြစ်ပါတယ်”
ဖရဲကျေးရွာ တစ်ရွာလုံးအတွက် အသက်သွေးကြောလို အရေးကြီးတဲ့သောက်သုံးရေ ရနေတဲ့ဒေသမှာ KIA က “Shwe Kar” ကုမ္ပဏီကို သတ္တုတူးဖော်ခွင့်ပြုထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကုမ္ပဏီနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကိုတော့ RFA အနေနဲ့ သီးခြားစုံစမ်းအတည်ပြုလို့မရသေးသလို ကုမ္ပဏီကိုလည်း ဆက်သွယ်နေဆဲဖြစ်ပါတယ်။
မြေရှားသတ္တုတူးဖော်ရာမှာ Oxalic acid, Ammonium bi-carbonate စတဲ့ အားပြင်းဓာတုပစ္စည်း ငါးမျိုးလောက်ကို သုံးရတယ်လို့ သတ္တုတူးဖော်ရေးလုပ်ငန်းမှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ အလုပ်သမားတစ်ယောက်က RFA ကို ပြောပါတယ်။
ဖရဲရွာက ဘန်ထန်ချောင်း (Banthang) နဲ့ ချောင်းမောင် (gyawmchawmhkau) ချောင်းအတွင်းမှာပဲ တူးခွင့်ပြုခဲ့ပြီး ကျန်တဲ့နေရာတွေမှာမတူးဖို့ KIA နဲ့ညှိနှိုင်းထားပေမယ့် သတ်မှတ်နေရာကျော်ပြီးတူနေတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က ပြောပါတယ်။
“ကျွန်တော်တို့ ဖရဲနယ်မြေလို့ သတ်မှတ်ထားတဲ့နေရာတွေကိုလည်း မတူးပေးဖို့ သဘောတူထားကြတာ။ ဘယ်လိုမျိုးအချိန် အခြေအနေမျိုးရောက်ရောက် မတူးဖော်ဖို့ စာချုပ် ချုပ်ထားကြတယ်။ အခုက မပေးထားတဲ့နေရာထိ တူးလာတယ်ပြီးတော့ သောက်ရေ ယူတဲ့နေရာမှာ ပြည်သူတွေမသိဘဲ သွားခိုးပြီးစမ်းသပ်နေတော့ ဒေသခံတွေကလည်း ကန့်ကွက်ကြတာ”
ဒေသခံတွေက KIA ကို ကန့်ကွက်တာမဟုတ်ဘဲ သူတို့နေရာတွေမှာမတူးဖော်ဖို့ မြေရှားသတ္တုတူးဖော်တဲ့ ကုမ္ပဏီတွေကို သွားရောက်တောင်းဆိုတာပဲ ဖြစ်တယ်လို့ဆိုပါတယ်။
မြေရှားသတ္တု တူးဖော်တာကို ကန့်ကွက်တဲ့လူငယ်သုံးဦးကို KIA က ၂၀၂၃ ခုနစ် မေလမှာ ဖမ်းဆီးခဲ့သလို ၂၀၂၃ အောက်တိုဘာလမှာလည်း ဒေသခံ ၂၅ ယောက်ကို ဖမ်းဆီးထောင်ချခဲ့ပါတယ်။
ဒေသခံတွေကန့်ကွက်နေတာနဲ့ပတ်သက်လို့ KIO သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကို မေးကြည့်တဲ့အခါ သက်ဆိုင်ရာကော်မတီက ဖြေရှင်းလိမ့်မယ်လို့ ပြောပါတယ်။
“အဲဒါကတော့ သူတို့ကော်မတီနဲ့ပဲ ဖြေရှင်းလို့ရမှာပါ။ အဲဒီမြေရှားသတ္တုနဲ့ပတ်သက်ပြီး ဖွဲ့စည်းထားတဲ့ကော်မတီတွေရှိပါတယ်။ သူတို့ရဲ့ဖြေရှင်းချက်ကိုပဲ။ ကျွန်တော်က ပြန်ကြည့်ရမှာဖြစ်ပါတယ်။ အခုလောလောဆယ် ဘာမှပြောလို့မရဘူး”
မြေရှားသတ္တုတူးဖော်လို့ သောက်ရေ ခက်ခဲသွားမယ့်အပြင် လယ်ယာတွေ ပျက်စီးမှာကိုလည်း ရွာသားတွေက စိုးရိမ်နေပါတယ်။
“အခု ကျွန်တော်တို့ဖရဲတစ်ရွာလုံး ယူထားတဲ့နေရာက တောင်ပေါ်ကနေ ယူထားတာ။ သူတို့က အဲဒီတောင်ပေါ်က ပြန်လုပ်ဖို့လုပ်ထားတယ်။ ကျွန်တော်တို့ ပေးထားတဲ့နေရာ ကျော်လာပြီဆိုရင်တော့ ကျွန်တော်တို့ ဖရဲက နေလို့မရတော့ဘူး။ သူတို့ကို ပေးထားတဲ့နေရာ ကျော်လာပြီဆိုရင်တော့ နေဖို့နေရာတော့ရှိတယ်။ ဒါပေမဲ့ သောက်ရေ ယူလို့မရတော့ဘူး။ လယ်ယာတွေ အကုန်ပျက်စီးသွားမှာ”
ဖရဲရွာမှာ လူဦးရေ တစ်ထောင်ကျော်ရှိပြီး မိသားစုတိုင်းက စားဝတ်နေရေးအတွက် လယ်ယာနဲ့ ဥယျာဉ်ခြံ လုပ်ကိုင်ကြပါတယ်။
ဖရဲရွာမှာ KIA ခွင့်ပြုချက်နဲ့ ၂၀၂၃ စက်တင်ဘာလကစပြီး မြေရှားသတ္တုတူးဖော်မှုတွေ စတင်ခဲ့တာဖြစ်သလို အခုချိန်အထိ လုပ်ကွက်ငါးခု ရှိလာပြီလို့ ဒေသခံတွေက ပြောပါတယ်။
တရုတ် အကောက်အခွန်ဌာန (china custom) ရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကိုတင်ပို့ခဲ့တဲ့ မြေရှားသတ္တုတန်ဖိုး အမေရိကန် တစ် ဒသမ လေး ဘီလီယံရှိပါတယ်။