ပန်ဝါမှာ မြေရှားသတ္တုဆက်တူးဖော်နေပြီး လူ့အခွင့်အရေးချိုးဖောက်ခံနေရ
2023.10.26
ကချင်ပြည်နယ် ပန်ဝါဒေသမှာ မြေရှားသတ္တုတူးဖော်ရေး လုပ်ငန်းတွေ ယာယီရပ်နားထားတယ်ဆိုပေမဲ့ တချို့က တူးဖော်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းတွေကို စစ်ကောင်စီက စစ်ဆေးမယ်ဆိုတဲ့ အတွက် ဒီနှစ် စက်တင်ဘာ ပထမ သီတင်းပတ်မှာ ယာယီရပ်နားထားတဲ့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။
သတင်းမီဒီယာတွေမှာ မဖော်ပြပေမဲ့ တချို့နေရာတွေမှာ တူးဖော်နေတယ်လို့ KHRW ကချင်လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ တာဝန်ခံ ကိုဂျက်ကော့ ကပြောပါတယ်။
“ကျွန်တော်သိထားသလောက်တော့ တချို့နေရာတွေမှာ တူးနေတာဗျ၊ လုပ်ကိုင်နေတာ။ ကွင်းဆင်းနေတာပေါ့။ မီဒီယာတွေမှာပဲ မပါတာပေါ့။ မြေပြင်မှာတော့ လုပ်နေကြတယ်။ ”
တူးတဲ့နေရာမှာ ဝေသာလီပြည်ကို ဘီလူးဝင်စီးသလိုပဲလို့လည်း ဒေသခံတစ်ယောက်က တင်စားပါတယ်။
“အမယ်လေး .. တူးနေလိုက်တာ ဝေသာလီပြည် ဘီလူးဝင်စီးထားသလိုပဲ၊ စုတ်လို့ပြတ်လို့ကို ဖြစ်လို့။”
ဒီလိုတူးဖော်တဲ့နေရာမှာ သဘာဝပတ်ဝန်းကျင်ပျက်စီးရပြီး လူ့အခွင့်အရေးလည်း ချိုးဖောက်ခံရတယ်လို့ ကိုဂျက်ကော့ က ပြောပါတယ်။
“မြေရှားသတ္တုတူးဖော်ရေးကို တရုတ်လုပ်ငန်းရှင်တွေကလာလုပ်တာပေါ့၊ ကျွန်တော်တို့ မြေယာတွေ ဆုံးရှုံးရတယ်။ အမျိုးသမီးတွေ လုံခြုံရေးပိုင်းဆိုင်ရာတွေ၊ နောက် ငွေကြေးပိုင်းဆိုင်ရာတွေ။ ပြောချင်တာကတော့ ပတ်ဝန်းကျင်ပျက်စီးရသလို လူ့အခွင့်အရေးလည်း ချိုးဖောက်ခံရတယ်။ ”
ကိုဂျက်ကော့ ပြောတဲ့ အမျိုးသမီးတွေဘဝ မလုံခြုံဘူးဆိုတာကို ပြည်တွင်းက သဘာဝထိန်းသိမ်းရေးနဲ့ လူမှုဘဝ လေ့လာနေသူက ကောင်းကောင်းသိနေပါတယ်။
“အမျိုးသမီးတွေဆို စားဖိုမဆိုတဲ့ ခေါင်းစဉ်နဲ့ ရုပ်ရည်ချောမောလှပ ပြေပြစ် အပျိုစင်မှသာ အလုပ်အကိုင်အခွင့်အလမ်း ရတယ်။ တရုတ်ငွေ ၃၀၀၀ နဲ့ ၂၈၀၀ ကြားရတာပေါ့၊ အဲဒီလိုလုပ်နေရင်းကပဲ အဲဒီအပျိုစင်အမျိုးသမီးတွေက တရုတ်မန်နေဂျာဆီမှာ အရောင်းကုန်ကဲ့သို့ ခြောက်လပေါင်းရင် တရုတ်ယွမ် ၃ သောင်းနဲ့ ပေါင်းပိုင်ခွင့်ရှိတယ်ဆိုတဲ့ ဈေးကွက်ကြီးကလည်း ကြီးထွားလျက်ရှိနေတယ်။”
လုပ်ခလစာပိုင်းမှာလည်း တရုတ်တွေနဲ့ တန်းတူမရကြပါဘူး။
“လူတစ်ယောက်ကို လက်ရှိပေါက်ဈေးနဲ့ ဆို ၁၀ သိန်းပေါ့လေ၊ တချို့ တရုတ်ငွေ ၃၀၀၀ ဆို ၁၈ သိန်းထိရကြတယ်။ ဒါပေမဲ့ တရုတ်ပိုက်ဆံ ၅၀၀၀ ကျော်အထက်တွေကျတော့ တရုတ်ကုမ္ပဏီက လူတွေပဲ ရကြတယ်။ ”
မြေရှားသတ္တုတူးဖော်တဲ့အခါ Oxalic acid နဲ့ Ammonium bi-carbonate လို အားပြင်းအက်စစ်ငါးမျိုးလောက်ကို သတ္တုရှိနိုင်မယ့် တောင်သားနဲ့ မြေသားတွေထဲ ထိုးသွင်းပြီး ရှာဖွေတူးဖော်ရတယ်လို့ ဆိုပါတယ်။ ဗမာတွေက ငရဲမီးလို့ ပြောတတ်တဲ့ အက်ဆစ်အဆိပ်သင့်တဲ့အတွက် သဘာဝပျက်စီးရပါတယ်။
“ပျက်တာကမှ မြေရှားသတ္တုတူးထားတဲ့နေရာရဲ့ ကီလိုမီတာ ၃၀၀ အတွင်း (၁၈၆ မိုင်ကျော်) အပင်၊ ရေ၊ တိရစ္ဆာန်၊ ဘာမှ စားလို့မရတော့ဘူး၊ ကျွန်တော်တို့မှာ ဒါတွေကို သက်သေပြဖို့ စစ်ဆေးစရာ ကိရိယာတွေ မရှိဘူး။ ”
မြေရှားသတ္တုတူးတဲ့အခါ cadmium နဲ့ ခဲ လို ဒြပ်စင်တွေနဲ့ ရေရှည်ထိတွေ့ရင် ကျန်းမာရေးထိခိုက်ရတယ်လို့ လေ့လာချက်တွေက ဆိုထားပြန်ပါတယ်။ မြန်မာနိုင်ငံက လူငယ်လူရွယ်တွေ ဝင်ရောက်လုပ်ကိုင်နေတဲ့အတွက်လည်း
“တရုတ်အများစုပြောတာက အဲဒီမိုင်းတွင်းမှာ အသက် ၅၀ ကျော်ယောက်ျားတွေပဲ ဝင်ရောက်လုပ်ကိုင်တယ်။ ကျွန်တော်တို့နိုင်ငံက အသက် ၂၀ နဲ့ ၁၈ နှစ်ကြားလူငယ်တွေက ဝင်လုပ်ကိုင်နေကြတယ်။ အန္တရာယ်နဲ့ ယဉ်ပါးပြီး သူတို့ရဲ့ မျိုးပွားအင်္ဂါတွေ ပျက်စီးသွားမယ့် အနေအထားထိ ရင်ဆိုင်နေရတယ်။ ”
တစ်ကမ္ဘာလုံး ၂၀၂၂ မှာ ထုတ်လုပ်တဲ့ မြေရှားသတ္တု ၇၀ % ဟာ တရုတ်နိုင်ငံကဖြစ်ပြီး သူ့နောက်မှာ အမေရိကန် ပြည်ထောင်စု၊ သြစတြေးလျ၊ မြန်မာနဲ့ ထိုင်းနိုင်ငံတွေက အများဆုံးထုတ်လုပ်တယ်လို့ အမေရိကန် ဘူမိစစ်တမ်းက ဖော်ပြပါတယ်။
အဲဒီ၂၀၂၂ မှာ မြန်မာနိုင်ငံက မြေရှားသတ္တု မက်ထရစ်တန်ချိန် ၁၂၀၀၀ ထုတ်လုပ်ပြီး ကမ္ဘာ့စတုတ္ထမြောက် မြေရှားသတ္တု အများဆုံးထုတ်လုပ်တဲ့ နိုင်ငံလို့ ဂျာမနီအခြေစိုက် Statista ကမ္ဘာ့အချက်အလက်စုဆောင်းတဲ့ သုတေသနဌာနကဖော်ပြပါတယ်။