Updated 4:44 PM Jun 21, 2024
ကချင်ပြည်နယ် ချီဖွေမြို့နယ် ပန်ဝါမြို့အနီးက မြေရှားသတ္တုလုပ်ကွက်တစ်ခု ဇွန် ၁၉ ရက်နေ့ ညက မြေပြိုကျခဲ့ရာမှာ လူ ၂၉ ဦး မြေအောက်ထဲပါသွားပြီး အဲဒီအထဲက ဒီနေ့အထိ လူ ၁၅ ဦးရဲ့ရုပ်အလောင်းတွေကို ရှာဖွေတွေ့ရှိထားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
မြေပြိုမှုဖြစ်ပွားတဲ့လုပ်ကွက်ဟာ တရုတ်နယ်စပ် ပန်ဝါမြို့နဲ့ သုံးမိုင်ခန့်အကွာ ပါထိုင်ဟော် ဆိုတဲ့နေရာမှာ ဖြစ်ပါတယ်။ ဒီလုပ်ကွက်ကို စစ်ကောင်စီလက်အောက်ခံ ကချင်အထူးဒေသ(၁) ပြည်သူ့စစ်ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်းတို့မိသားစုက ဦးဆောင်လုပ်ကိုင်နေတာလို့လည်း ဒေသခံတွေက ပြောပါတယ်။
"တောင်တွေ မြေပြိုတာနဲ့ သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်မှုတွေလည်း အခုနောက်ပိုင်းမှာ ပိုများလာနေပါတယ်"
မြေပြိုတဲ့အထဲ ပါသွားတဲ့သူတွေဟာ ကချင်ပြည်နယ်အပြင် မြန်မာပြည် အောက်ပိုင်းဒေသက အလုပ်လာလုပ်ကြသူတွေနဲ့ ထမင်းချက် အမျိုးသမီးတွေဖြစ်ပါတယ်။ ပျောက်ဆုံးနေသူ ၁၄ ဦးထဲမှာတော့ တရုတ်နိုင်ငံသူတစ်ဦးပါဝင်ပြီး ရှာဖွေမှုတွေကို ဆက်လက်လုပ်ဆောင်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပန်ဝါဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ဟိုတစ်နေ့ည ၁၂ နာရီမှာ မြေပြိုတာ။ အခု ၁၅ လောင်းတော့ တွေ့ထားပြီ။ ကျန် ၁၄ ယောက်ကိုတော့ မတွေ့သေးဘူး။ အားလုံးပါသွားတာက ၂၉ ယောက်ပါ။ အလောင်းပြန်တွေ့တဲ့အထဲမှာ အမျိုးသမီးအလောင်း နှစ်လောင်းပါတယ်။ အမျိုးသမီးပါသွားတာက စုစုပေါင်း ငါးယောက်ပါ။ တရုတ်အမျိုးသမီး တစ်ယောက်လည်းပါတယ်။ ကျန်တဲ့အမျိုးသမီးတွေကတော့ မြန်မာတွေပါ”
ရုပ်အလောင်း ပြန်တွေ့သူတွေထဲက ဗုဒ္ဓဘာသာဝင်တွေကို ဒီနေ့ သင်္ဂြိုဟ်ဖို့စီစဥ်ထားပြီး ခရစ်ယာန်ဘာသာဝင်တွေကိုတော့ မနက်ဖြန်မှာ သင်္ဂြိုဟ်မယ်လို့ သူကပြောပါတယ်။
တောင်ပေါ်က မြေရှားသတ္တုလုပ်ကွက်ကနေ ပြိုကျလာတဲ့မြေတွေဟာ တောင်အောက်က လူနေတဲ့နေရာကို ဖုံးသွားတာကြောင့် လူအသေအပျောက် များခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပန်ဝါဒေသက မြေရှားသတ္တု အလုပ်သမားတစ်ဦးက RFA ကို ပြောပါတယ်။
“အခုက မိုးတွင်းလည်းဖြစ်တယ်။ ပြီးတော့ တောင်ပေါ်မှာလည်း ရေ အလွန်အကျွံထည့်တယ်။ မိုးရွာတာက တစ်ပတ်လောက်ရှိပြီဆိုတော့ မြေကမခိုင်တော့ ပြိုကျတာ။ ဒီက မြေကပျော့တယ်။ နုန်းမြေပေါ့။ တောင်ကလည်း တော်တော်မြင့်တယ်။ တောင်ပေါ်မှာက မြေရှားတူးပြီး အောက်မှာ လူနေတာ။ တောင်ပေါ်မှာမြေပြိုပြီး အောက်က လူနေတဲ့နေရာတွေ ပါသွားတာ။ ဒီနေရာက သတ္တုဖုတ်တဲ့နေရာပေါ့”
မြေပြိုရာမှာ ပါသွားတဲ့နေရာဟာ ပန်ဝါမြို့အနီးတစ်ဝိုက်က မြေရှားသတ္တု လုပ်ကွက်အားလုံးရဲ့ သတ္တုမီးဖုတ်တဲ့နေရာ ဖြစ်တယ်လို့လည်း ပြောပါတယ်။
လက်ရှိမှာတော့ အဲဒီနေရာကို ဦးဇခုန်တိန့်ယိန်းရဲ့ ပြည်သူ့စစ်တပ်ဖွဲ့က လုံခြုံရေး တင်းကျပ်ထားပြီး ဒေသခံတွေကို ဓာတ်ပုံမရိုက်ဖို့နဲ့ အထဲကို ဝင်ရောက်ကြည့်ရှုခွင့်ကိုပါ ပိတ်ပင်ထားတယ်လို့ ဆိုပါတယ်။

ဒီဖြစ်စဥ်နဲ့ပတ်သက်လို့ ကချင်အထူးဒေသ (၁) ပြည်သူ့စစ်ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်းမိသားစုနဲ့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။
ပြီးခဲ့တဲ့ဇွန် ၄ ရက်နေ့ကလည်း ပန်ဝါမြို့နဲ့ ငါးမိုင်ခန့်အကွာ တရုတ်-မြန်မာ နယ်ခြားမှတ်တိုင်အမှတ် (၃) ဘက်က မြေရှားသတ္တုလုပ်ကွက်တစ်ခု မြေပြိုမှုဖြစ်ပွားခဲ့ပြီး တရုတ်နိုင်ငံသား သုံးဦးအပါအဝင် အလုပ်သမား နှစ်ဆယ်ကျော် သေဆုံးခဲ့ပါတယ်။ အဲဒီအထဲက တရုတ်နိုင်ငံသားအပါအဝင် လူငါးဦးရဲ့အလောင်းကိုသာ ရှာတွေ့ခဲ့ရပေမဲ့ ကျန်ရုပ်အလောင်းတွေကိုတော့ ရှာဖွေတာတွေ မတွေ့ရတော့ဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။
"မြေရှားသတ္တု တူးဖော်ရေးလုပ်ငန်းတွေကနေ ၂ဝ၂၃ ခုနှစ်မှာ တရုတ်နိုင်ငံကို တန်ချိန်လေးသောင်းကျော် (၄၁,၇၀၀) ပို့ဆောင်ခဲ့ပါတယ်"
အလားတူ ပြီးခဲ့တဲ့မေ ၂၇ ရက်နဲ့ ၂၉ ရက်နေ့တွေကလည်း ပန်ဝါဘက်က မြေရှားသတ္တုလုပ်ကွက်တွေ မြေပြိုမှုနှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး ဝိုင်းမော်မြို့နယ်က သတ္တုအလုပ်သမား လူငယ်နှစ်ဦး သေဆုံးခဲ့ပါတယ်။
ပန်ဝါဒေသတစ်ဝိုက် မြေရှားသတ္တုလုပ်ကွက်တွေမှာ ပြီးခဲ့တဲ့ မေ ၂၇ ကနေ ဇွန် ၁၉ ရက်နေ့ထိ ရက်ပေါင်း နှစ်ဆယ်ကျော်အတွင်း မြေပြိုမှု လေးကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ အလုပ်သမား ငါးဆယ်ကျော်အထိ ရှိနေပါတယ်။
ပန်ဝါဒေသက မြေရှားသတ္တု ထုတ်လုပ်ရေးလုပ်ငန်းတွေမှာ တရုတ်နိုင်ငံသားတွေပါ ဝင်ရောက်လုပ်ကိုင်နေကြတဲ့အပြင် မြေပြိုမှုအတွင်း ပျောက်ဆုံးနေတဲ့ တရုတ်နိုင်ငံသားတွေနဲ့ပတ်သက်လို့ ရန်ကုန်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို RFA က ဒီနေ့ အီးမေးလ်ကနေတစ်ဆင့် ဆက်သွယ်မေးမြန်းထားပေမဲ့ အကြောင်းမပြန်ပါဘူး။
ကချင်ပြည်နယ်က မြေရှားသတ္တု တူးဖော်ရေးလုပ်ငန်းတွေကနေ ၂ဝ၂၃ ခုနှစ်မှာ တရုတ်နိုင်ငံကို တန်ချိန်လေးသောင်းကျော် (၄၁,၇၀၀) ပို့ဆောင်ခဲ့တယ်လို့ ကမ္ဘာ့ သဘာဝသယံဇာတ တူးဖော်မှုတွေကို စောင့်ကြည့်လေ့လာနေတဲ့ Global Witness အဖွဲ့ရဲ့ မေ ၂၃ ရက်ကထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
"၂ဝ၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်မှာတော့ သတ္တုတူးဖော်တဲ့လုပ်ငန်းတွေ ကျယ်ကျယ်ပြန့်ပြန့် တိုးချဲ့လုပ်ကိုင်လာပါတယ်"
၂၀၂၁ ခုနှစ်က တရုတ်နိုင်ငံကိုတင်ပို့ခဲ့တဲ့တန်ချိန်ဟာ နှစ်သောင်းနီးပါး (၁၉,၅၀၀) သာရှိခဲ့တာကြောင့် ၂၀၂၃ ခုနှစ်မှာ ထုတ်လုပ်မှု နှစ်ဆကျော် မြင့်တက်နေတာပါ။
မြေရှားသတ္တု တူးဖော်မှုများလာတဲ့အကျိုးဆက်အနေနဲ့ တောင်တွေ မြေပြိုတာနဲ့ သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်မှုတွေလည်း အခုနောက်ပိုင်းမှာ ပိုများလာနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နောက်ထပ် ပန်ဝါဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
“အရင်ကတော့ မိုးတွင်းဆိုလည်း မြေပြိုတာတွေ သိပ်မကြားရဘူး။ အခုက တူးတဲ့နေရာက ခပ်စိပ်စိပ်လုပ်လာတော့ တောင်တွေက မခိုင်တော့ဘူး၊ ဆွဲအားလည်း မရှိတော့ဘူး။ အဲဒါတင်မကဘဲ သစ်ပင်တွေလည်း အကုန်ပြောင်သွားတော့ မိုးရွာတာနဲ့တစ်ခါတည်း မြေပြိုတော့တာ။ အရင်က မပြိုဘူးဆိုတာက အရင်က မြေရှားသတ္တုတူးတာလည်း သိပ်မများသေးလို့ပါ။ အခုက မြေပြိုတာတွေ တအားများလာတယ်”
မြေရှားသတ္တု တူးဖော်တဲ့အခါ တောင်တွေကို အရင်ခုတ်ထွင်ရှင်းလင်းပြီးနောက် အပေါက်တွေဖောက်ပြီး အမိုနီယမ်ဆာလဖိတ် ဓာတုဆေးရည်တွေကို ထည့်ရပါတယ်။ အဲဒီနောက် မြေကြီးအရည်ပျော်သွားတဲ့အခါ ပိုက်ကနေတစ်ဆင့် သိုလှောင်ကန်တွေထဲ သွယ်ထည့်ရတာပါ။

သဘာဝ ရေမြေတောတောင် ထိခိုက်ပျက်စီးစေတဲ့ မြေရှားသတ္တုတူးဖော်မှုကို ၂ဝ၁၈ ခုနှစ်မှာ အရပ်သားအစိုးရက ပိတ်ပင်ခဲ့ပေမဲ့ ၂ဝ၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်မှာတော့ သတ္တုတူးဖော်တဲ့လုပ်ငန်းတွေ ကျယ်ကျယ်ပြန့်ပြန့် တိုးချဲ့လုပ်ကိုင်လာတယ်လို့ မေ ၂၃ ရက်ကထုတ်ပြန်တဲ့ Global Witness အစီရင်ခံစာမှာ ဖော်ပြပါတယ်။
အာဏာသိမ်းပြီးနောက် ပြည်သူ့စစ်တွေနဲ့ နယ်ခြားစောင့်တပ်တွေ စိုးမိုးထားတဲ့ ကချင်အထူးဒေသ (၁) ပန်ဝါမြို့နဲ့ ချီဖွေမြို့နယ်မှာ ၂၀၂၁ နဲ့ ၂၀၂၃ အတွင်း မြေရှားသတ္တုတူးဖော်မှု လေးဆယ်ရာခိုင်နှုန်း မြင့်တက်လာပြီး သတ္တုဆိုက်ပေါင်း သုံးရာကျော်အထိ ရှိလာတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
(မှတ်ချက်။ မြေရှားသတ္တုတူးဖော်ရေး အလုပ်သမားနှင့် ပန်ဝါဒေသခံတို့၏ ပြောဆိုချက်များကို ထပ်မံဖြည့်စွက်ရေးသားထားပါသည်။)