အစီအမံကောင်းတွေချမှတ်ပြီးမှ မြေရှားသတ္တုတူးဖော်ဖို့ Global Witness တိုက်တွန်း

RFA Burmese
2024.11.20
အစီအမံကောင်းတွေချမှတ်ပြီးမှ မြေရှားသတ္တုတူးဖော်ဖို့ Global Witness တိုက်တွန်း ချီဖွေမြို့နယ်ရှိ မြေရှားသတ္တုတူးဖော်နေသည့် လုပ်ငန်းခွင်တစ်ခုအား ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၀ ရက်နေ့က တွေ့ရစဥ်။
Citizen Photo

အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ချီတန်တဲ့ မြန်မာနိုင်ငံက မြေရှားသတ္တုတူးဖော်တဲ့နေရာတွေအားလုံးကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ထိန်းချုပ်ထားနိုင်ပြီဖြစ်တဲ့အတွက် တင်းကျပ်တဲ့အစီအမံ တွေမရှိမချင်း တူးဖော်မှုတွေရပ်ထားဖို့ တာဝန်ရှိတယ်လို့ ဗြိတိန်နိုင်ငံ လန်ဒန်မြို့အခြေစိုက် Global Witness အဖွဲ့က စုံစမ်းမှုများတာဝန်ခံ Clare Hammond က RFA ကို ပြောပါတယ်။

KIO အနေနဲ့ နိုင်ငံတကာစည်းမျဉ်းတွေနဲ့အညီ တာဝန်သိသိ လုပ်ဆောင်နိုင်တဲ့သူတွေကိုပဲ မြေရှားသတ္တုတူးဖော်ခွင့်ပြုသင့်တယ်လို့လည်း Clare Hammond က RFA ကို ပြောပါတယ်။

“KIO က မြေရှားသတ္တုတွင်းတွေအားလုံးကို ထိန်းချုပ်လိုက်တာနဲ့အတူ ဒေသတွင်းအာဏာရှိ အဖွဲ့အစည်း ဖြစ်သွားပါတယ်။ ဒါကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးတာနဲ့ ဒေသခံပြည်သူတွေရဲ့ ကျန်းမာ ရေးထိခိုက်တာတွေဖြစ်လာရင် တာဝန်ရှိတဲ့အဖွဲ့ဖြစ်လာပါတယ်။ ဒါဟာ ဒေသခံပြည်သူတွေကို ကာကွယ်ဖို့၊ မြေရှားသတ္တုတူးဖော်တာနဲ့ ဆက်စပ်နေတဲ့ သဘာဝပတ်ဝန်းကျင်ထိခိုက်တာကို ကာကွယ်ဖို့တွေအတွက် နိုင်ငံတကာစံချိန်တွေအတိုင်း လုပ်နိုင်အောင် KIO အတွက် သီးခြားအခွင့်အလမ်းရသွားပါတယ်”


ဆက်နွှယ်သောသတင်းများ

မြေရှားသတ္တုထွက်တဲ့ ဆော့လော်မြို့ကို KIA သိမ်းပိုက်

ရှစ်လအတွင်း တရုတ်ကို မြေရှားသတ္တု ကန်ဒေါ်လာ သန်းခြောက်ရာကျော် တင်ပို့ခဲ့

မြေရှားသတ္တု အလွန်အကျွံတူးဖော်မှုဆိုးကျိုး ဒေသခံတွေ ရင်ဆိုင်နေရ


KIO သတင်းနဲ့ပြန်ကြားရေး တာဝန်ခံဗိုလ်မှူးကြီးနော်ဘူကတော့ ကချင်အထူးဒေသ (၁) ကို သိမ်းခါစ အချိန်ဖြစ်ပြီး အုပ်ချုပ်ရေးလည်ပတ်နိုင်ဖို့သာ အဓိကလုပ်ဆောင်နေပြီး မြေရှားသတ္တုနဲ့ဆိုင်တဲ့ဟာကို ဆုံးဖြတ်ချက်ချတာ မရှိသေးဘူးလို့ ပြောပါတယ်။

“ဒါကတော့ သက်ဆိုင်ရာဌာနရဲ့မူပေါ်လစီနဲ့ သွားရမှာဖြစ်ပါတယ်။ သူတို့ ဘယ်လိုဖြေရှင်းမယ်၊ ဘယ်လို ဆက်လုပ်မယ်ဆိုတာကတော့ သက်ဆိုင်ရာဌာနရဲ့ ဆုံးဖြစ်ချက်မှာပဲ မူတည်မှာပါ။ ဒါက မထွက်သေးဘူး ဒါကစောင့်ရမှာဖြစ်ပါတယ်”

ဒေသတွင်းလူမှုအသိုင်းအဝိုင်းတွေဖွံ့ဖြိုးဖို့၊ သတ္တုတူးဖော်ရေးတွေကနေ ပြည်သူတွေ အကျိုးအမြတ်ရလာအောင်လုပ်ဖို့၊ သဘာဝပတ်ဝန်းကျင်မပျက်အောင် ကာကွယ်ဖို့တွေအတွက် KIO အနေနဲ့ လူထု အခြေပြုအဖွဲ့တွေနဲ့ လက်တွဲဆောင်ရွက်သင့်ပါတယ်လို့လည်း Global Witness အဖွဲ့က ပြောပါတယ်။

“KIO က မြေရှားသတ္တုတွင်းတွေအားလုံးကို ထိန်းချုပ်လိုက်တာနဲ့အတူ ဒေသတွင်းအာဏာရှိ အဖွဲ့အစည်း ဖြစ်သွားပါတယ်။ ဒါကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးတာနဲ့ ဒေသခံပြည်သူတွေရဲ့ ကျန်းမာရေးထိခိုက်တာတွေဖြစ်လာရင် တာဝန်ရှိတဲ့အဖွဲ့ဖြစ်လာပါတယ်"

KIO အနေနဲ့ နိုင်ငံတကာက နည်းပညာရှင်တွေကို ဖိတ်ခေါ်ပြီးလုပ်နိုင်သလို၊ မြေရှားသတ္တုစျေးကွက်မှာ ပွင့်လင်းမြင်သာမှုရှိပြီး နိုင်ငံတကာကုမ္ပဏီတွေနဲ့ လက်တွဲလုပ်ကိုင်ဖို့လည်းအခွင့်အရေး ရသွားလို့လည်း ဆိုပါတယ်။

တစ်ချိန်တည်းမှာပဲ တရုတ်အနေနဲ့လည်း သူ့ဆီတင်ပို့တဲ့သူတွေက ဒီသတ္တုထုတ်တာ တရားဝင်ဟုတ်ရဲ့ လား၊ လာဘ်စားမှုတွေပါနေလား၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ကင်းရဲ့လားဆိုတဲ့ လုံလောက်တဲ့ သက်သေအထောက်အထားတွေမပြနိုင်ရင် မြန်မာပြည်ကထုတ်တဲ့ မြေရှားသတ္တုတင်သွင်းတာကို တင်းကျပ်ထားသင့်တယ်လို့ Global Witness က တိုက်တွန်းပါတယ်။

Global Witness ရဲ့ တိုက်တွန်းချက်နဲ့ပတ်သက်လို့ ရန်ကုန်မှာရှိတဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို RFA က အီးမေးလ်ကနေတစ်ဆင့် ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ အကြောင်းပြန်စာမလာသေးပါဘူး။

ဒီနှစ် ဇန်နဝါရီလကနေ စက်တင်ဘာအတွင်း မြန်မာနိုင်ငံကထွက်တဲ့ မြေရှားသတ္တုတန်ချိန် ၃၁,၀၀၀ ကို တရုတ်နိုင်ငံထဲ တင်ပို့ခဲ့ပါတယ်။ အဲဒီပမာဏဟာ ပြည်ပနိုင်ငံတွေကနေ တရုတ်ကို တင်သွင်းနေတဲ့ ပမာဏရဲ့ ၇၅ ရာခိုင်နှုန်းလောက်ရှိတယ်လို့လည်း တရုတ်ပြည်အခြေစိုက် Global Times သတင်းစာက အောက်တိုဘာ (၃) ရက်နေ့မှာ ရေးသားထားပါတယ်။

KIA က အောက်တိုဘာလနဲ့ နိုဝင်ဘာလအတွင်းမှာ ဦးဇခုန်တိန့်ယိန်းနဲ့ ကချင်အထူးဒေသ (၁) ဖြစ်တဲ့ ပန်ဝါ၊ ချီဖွေ၊ ဆော်လော့၊ ဖီမော်ဒေသတွေကိုလည်း ပြန်လည်သိမ်းပိုက်လိုက်တဲ့အတွက် မြေရှားသတ္တု တူးဖော်တဲ့နေရာအားလုံးကို ထိန်းချုပ်လိုက်နိုင်တာ ဖြစ်ပါတယ်။ အဲဒီနောက် မြေရှားသတ္တုထုတ်တဲ့အခါ သုံးတဲ့ ဓာတုပစ္စည်းတွေနဲ့ လျှပ်စစ်အပါအဝင် သတ္တုတွင်းအလုပ်သမားတွေမှီခိုရတဲ့ စားနပ်ရိက္ခာတွေကို တရုတ်ဘက်က ဖြတ်လိုက်တဲ့အတွက် သတ္တုတွင်း ခြောက်ဆယ်ရာခိုင်နှုန်းလောက် ရပ်နားလိုက်ရပါတယ်။

အခုတော့ တရုတ်ဘက်က လျှပ်စစ်မီးကို ပြန်ပေးနေပြီဖြစ်တဲ့အတွက် လုပ်ကွက်တချို့ ပြန်ပြီး လည်ပတ်နေကြတယ်လို့ ပန်ဝါဒေသခံတစ်ဦးက ပြောပါတယ်။

“မီးပြန်လာတော့ ပြန်စနေကြတာ။ သူတို့က တရုတ်ရိက္ခာတွေမဝင်ပေမဲ့ မြစ်ကြီးနားက ဝင်တဲ့ရိက္ခာတွေ ယူပြီးတော့ လုပ်ငန်းတွေ ပြန်ဖွင့်ကြတာ။ (ဓာတုပစ္စည်း) တွေလည်း အစကနေ လှောင်ထားကြတာ”

နယ်စပ်ဂိတ်ကနေ တရုတ်ဘက်ကို မြေရှားသတ္တုအပါအဝင် သံကျောက် စတဲ့ သတ္တုတွေတင်ဆောင်တဲ့ ကားတွေကိုတော့ တရုတ်ဘက်က ဆက်ဝင်ခွင့်ပြုထားပြီး၊ ဒေသခံတွေ တင်ပို့ရောင်းချတဲ့ ကုန်ပစ္စည်း တွေကိုတော့ အဝင်၊ အထွက် ခွင့်မပြုတော့တဲ့အထိ ဖြစ်ခဲ့ပါတယ်။ အပြန်အလှန်အနေနဲ့ KIA ကလည်း တရုတ်နယ်စပ်ဂိတ်တွေကို နိုဝင်ဘာ ၁၂ ရက်နေ့ ကစပြီး ပိတ်လိုက်ပါတယ်။

ချီဖွေမြို့နယ်ရှိ မြေရှားသတ္တုတူးဖော်နေသည့် နေရာတစ်နေရာအား ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၀ ရက်နေ့က တွေ့ရစဥ်။ (Citizen Photo)
ချီဖွေမြို့နယ်ရှိ မြေရှားသတ္တုတူးဖော်နေသည့် နေရာတစ်နေရာအား ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၀ ရက်နေ့က တွေ့ရစဥ်။ (Citizen Photo)

မြေရှားသတ္တုတွင်းတွေရပ်ထားရတာကို ကုမ္ပဏီတွေက တရုတ်အစိုးရကို တင်ပြတာတွေရှိတယ်လို့ တရုတ်နိုင်ငံအခြေစိုက် မြန်မာ့အရေးသုံးသပ်သူ ဒေါက်တာ လှကျော်ဇော က ပြောပါတယ်။

“ဟုတ်တယ် မြေရှားတူးတာတွေ ဘာတွေ ရပ်ထားရတယ်ပြောတယ်။ ဒါပေမဲ့ ဒေသဆိုင်ရာ ကုမ္ပဏီတွေ ဘာတွေက ဗဟိုကိုပြန်တင်နေတယ်လို့ပြောတယ်။ သူတို့စီးပွားရေးတွေ ထိခိုက်လာလို့ ဗဟိုအနေနဲ့ ပြန်လည်း စဉ်းစားပေးပါပေါ့။ အဲတော့ ဘယ်လိုဖြစ်လာမလဲတော့ မသိဘူး။ ကျွန်မလည်း ဒီလောက်ပဲ သိတယ်”

Clare Hammond က လက်ရှိနယ်စပ်ပိတ်ထားတဲ့ကာလမှာ ပို့ကုန်တွေကျဆင်းလာမယ်၊ ပြီးတော့ ဒေသတွင်း မတည်ငြိမ်မှုတွေနဲ့ အနာဂတ်တူးဖော်ရေးတွေမှာ ဘယ်ကုမ္ပဏီတွေ ပါဝင်လာမယ်ဆိုတဲ့ မသေချာမှုတွေလည်း ရှိနေတယ်လို့ ပြောပါတယ်။

KIO ဟာ မြေရှားသတ္တုထွက်တဲ့ဒေသတင်မကဘဲ တရုတ်လူမျိုးတွေရဲ့ သည်းခြေကြိုက်ဖြစ်တဲ့ ကျောက်စိမ်းထွက်တဲ့ ဖားကန့်ဒေသကို ကိုးဆယ် ရာခိုင်နှုန်းလောက်ထိ ထိန်းချုပ်ထားပါတယ်။

ဒါကြောင့် KIA အနေနဲ့ တရုတ်နဲ့ စေ့စပ်ညှိနှိုင်းရာမှာ မြေရှားသတ္တုဈေးကွက်ကို ကိုင်ထားသင့်တယ်လို့ အမည်မဖော်လိုတဲ့ ကချင်အရေးလေ့လာသူတစ်ဦးက ပြောပါတယ်။

“မြေရှားသတ္တုက တရုတ်တွေအတွက် အင်မတန်မှ ရွှေထက်တောင် တန်ဖိုးရှိတဲ့အရာဖြစ်တယ်။ ဒီဟာတွေကို ကျွန်တော်တို့ KIA/KIO လူကြီးတွေအနေနဲ့ မြေရှားသတ္တုကို leverage တစ်ခုအနေနဲ့ Political bargaining chip တစ်ခုအနေနဲ့ ဒီမြေရှားကိုကောင်းကောင်းအသုံးပြုပြီးတော့ ကျွန်တော် တို့ တရုတ်အစိုးရနဲ့ချိတ်ဆက်တဲ့ နေရာမှာ အသုံးချသင့်တယ်လို့တော့ ကျွန်တော် ထင်တယ်”

အမေရိကန်ပြည်ထောင်စု ဘူမိဗေဒလေ့လာရေးဌာန USGS ရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၃ မှာ ကမ္ဘာကို မြေရှားတင်ပို့တဲ့နိုင်ငံတွေမှာ တရုတ်က တန်ချိန် နှစ်သိန်းလေးသောင်းနဲ့ အများဆုံးဖြစ်ပြီး အမေရိကန်က တန်ချိန် လေးသောင်းသုံးထောင်နဲ့ ဒုတိယအများဆုံးပါတယ်။ မြန်မာက တန်ချိန် သုံးသောင်း ရှစ်ထောင်နဲ့ တတိယအများဆုံးတင်ပို့ခဲ့ပါတယ်။

တရုတ် အကောက်အခွန်ဌာန (China Customs) ရဲ့ စာရင်းတွေအရ စစ်တပ်အာဏာသိမ်းထားတဲ့ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၄ စက်တင်ဘာအထိ မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို တင်ပို့တဲ့ မြေရှား သတ္တုတန်ဖိုးဟာ အမေရိကန်ဒေါ်လာ သန်း လေးထောင်ကျော်ဖိုး ရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။