တရုတ် ဝမ်ပေါင် ကြေးနီစီမံကိန်းအနီး တိုက်ပွဲကြောင့် ဒေသခံ နှစ်ထောင်ခန့် ထွက်ပြေး

RFA Burmese
2024.12.15
တရုတ် ဝမ်ပေါင် ကြေးနီစီမံကိန်းအနီး တိုက်ပွဲကြောင့် ဒေသခံ နှစ်ထောင်ခန့် ထွက်ပြေး စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ အိုမရွာရှိ နေအိမ်တချို့ မီးရှို့ဖျက်ဆီးခံထားရသည်ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့က တွေ့ရစဉ်။
Citizen Photo

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာရှိတဲ့ တရုတ်ဝမ်ပေါင်နဲ့ စစ်တပ်ဦးပိုင်ကုမ္ပဏီရဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနားတစ်ဝိုက် ရွာ ငါးရွာက ဒေသခံ နှစ်ထောင်လောက် စစ်ဘေးကနေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ကြေးနီစီမံကိန်း လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေ ဒီဇင်ဘာလ ၁၃ ရက်နေ့က တိုက်ပွဲဖြစ်ပြီးတဲ့နောက်မှာ စစ်ကောင်စီတပ်က ရွာတွေဘက်ကို လက်နက်ကြီးနဲ့ လှမ်းပစ်တဲ့အတွက် ထွက်ပြေးရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဆားလင်းကြီး ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"မနေ့ညကတော့ တရုတ်ကုမ္ပဏီထဲက လုံခြုံရေးယူထားတဲ့ သူတို့ဂိတ်တွေကနေပြီးတော့ ဒီဘက် ရွာတွေဘက်ကိုတော့ လှမ်းပစ်တာတော့ ရှိတယ်။ တချို့ကတော့ ပြန်ဝင်နေကြပြီ၊ မီးရှို့ခံရတဲ့ရွာကတော့ မဝင်ကြသေးဘူးဗျ။ လေး ငါးရွာလောက်တော့ ရှိမယ်။ ပြန်ကပ်တဲ့ရွာက အနည်းအကျဉ်းတော့ရှိတယ်"

ထွက်ပြေးရတဲ့သူတွေက ထန်းတော၊ အိုမ၊ ညောင်ပင်ကြီး၊ ရွှေလှေ၊ တုံရွာနဲ့ လက်ပံတောင်းရွာတွေက ဖြစ်ပြီး၊ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေမှာ ယာယီတိမ်းရှောင်နေရတယ်လို့ သူက ပြောပါတယ်။

၁၃ ရက်နေ့တိုက်ပွဲပြီးတော့ အိုမရွာကို စစ်ကောင်စီတပ်က မီးရှို့တဲ့အတွက် အိမ်ခြေနှစ်ဆယ်လောက်လည်း မီးလောင်ပျက်စီးသွားတယ်လို့ အမည်မဖော်လိုတဲ့ ဆားလင်းကြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံတစ်ဦးက RFA ကို‌ ပြောပါတယ်။

"ကျွန်တော်တို့ ၁၃ ရက်နေ့ မနက်ခင်းက တိုက်ပွဲဖြစ်တာဗျ။ တိုက်ပွဲဖြစ်ပြီး အဲဒီနားပတ်ချာလည်က ရွာတွေ ထွက်ပြေးနေရတာ ဟုတ်တယ်ဗျ။ ညနေပိုင်းလောက်မှာ တိုက်ပွဲဖြစ်တဲ့အနီးကပ်ရွာ အိုမရွာကို မီးရှို့တာ၊ မီးရှို့ပြီးတော့ ည ၈ နာရီလောက်မှာ တရုတ်ကုမ္ပဏီထဲ ပြန်ဝင်သွားတယ်။ ပြန်ဝင်သွားပြီး မနေ့ ညပိုင်းက ၈ နာရီခွဲ ပတ်ချာလည်မှာ မုံရွာဘက်ကမ်းကနေ လက်နက်ကြီးခြောက်လုံးလောက် ပစ်တယ်ဗျ"

ဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်က ရှစ်ဦး သေဆုံးတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဘက်ကပြောပေမဲ့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

"ညနေပိုင်းလောက်မှာ တိုက်ပွဲဖြစ်တဲ့အနီးကပ်ရွာ အိုမရွာကို မီးရှို့တာ၊ မီးရှို့ပြီးတော့ ည ၈ နာရီလောက်မှာ တရုတ်ကုမ္ပဏီထဲ ပြန်ဝင်သွားတယ်"

ဒီဇင်ဘာလ ၁၄ ရက်နေ့ ညကလည်း မုံရွာမြို့အဝင် မအူဂိတ်မှာရှိတဲ့ စစ်ကောင်စီတပ်က ဆားလင်းကြီးဘက်ကို လက်နက်ကြီးနဲ့ လှမ်းပစ်တဲ့အတွက် ချင်းတွင်းမြစ်ဘေး ရွာတချို့က ဒေသခံတွေ ထွက်ပြေး တိမ်းရှောင်ခဲ့ရပါတယ်။

ဒါပေမဲ့ ဒီနေ့မနက်ပိုင်းမှာ အခြေအနေ ပြန်ငြိမ်သွားတဲ့အတွက် ရွာထဲပြန်နေကြပြီလို့ အမည်မဖော်လိုတဲ့ မုံရွာဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"မုံရွာမြို့အဝင် ဆိုင်းဘုတ်ကြီးဆိုတဲ့ဟာ အဲဒီမှာ မအူဂိတ်ရှိတာ၊ အဲဒီမှာ မနေ့က အနောက်ဘက်မှာ တိုက်ပွဲသဘောမျိုးဖြစ်တာ။ ဖြစ်သွားတော့ မအူဂိတ်ကနေပြီးတော့ လက်နက်ကြီးနဲ့ ကူပစ်တယ်ဗျ။ မုံရွာ အိုရှင်း ကမ်းနားကနေပြီးတော့ အနောက်ဘက်ကို တိုက်ပွဲဖြစ်တဲ့ဘက်ကို ပစ်သေးတယ်ဗျ။ အဲဒီအခါကျတော့ ထွက်ပြေးတယ်ဆို ခဏပဲ၊ ပစ်တုန်းခဏ ထွက်ပြေးပြီးတော့ ပြန်နေကြပြီ"

ဒီအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။


ဆက်နွှယ်သောသတင်းများ

တရုတ်ကြေးနီစီမံကိန်းတွေရပ်တန့်ဖို့ ဒေသခံတွေဆန္ဒပြတောင်းဆို

တရုတ်ကြေးနီစီမံကိန်းက ကြေးနီသယ်ယာဥ်တန်း တိုက်ခိုက်ခံရ

တရုတ်စီမံကိန်းတွေ ဆက်လက်အကောင်အထည်ဖော်ရေး တရုတ်နဲ့ စစ်ကောင်စီ ဆွေးနွေး


လက်ပံတောင်းတောင် တရုတ်ကြေးနီစီမံကိန်းဟာ အခုနှစ် မေလလောက်စပြီး စစ်ကောင်စီတပ်ရဲ့ လုံခြုံရေးအကူအညီနဲ့ ပြန်လည်ပတ်နေတာပါ။

အဲဒီစီမံကိန်းမှာလုံခြုံရေးချထားတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ မကြာခဏ တိုက်ပွဲဖြစ်သလို၊ စစ်ကောင်စီတပ်ဘက်ကလည်း ရွာတွေထဲ လက်နက်ကြီးနဲ့လှမ်းပစ်တာ၊ စစ်ကြောင်းထိုး မီးရှို့တာတွေ လုပ်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ms. Ma Jia မှ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်နေ့တွင် သံအမတ်ခန့်အပ်လွှာပေးအပ်ခဲ့စဉ်။ (Photo: Facebook/ Chinese Embassy in Myanmar)
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ms. Ma Jia မှ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်နေ့တွင် သံအမတ်ခန့်အပ်လွှာပေးအပ်ခဲ့စဉ်။ (Photo: Facebook/ Chinese Embassy in Myanmar)

သူတို့စီမံကိန်းတွေကို ကာကွယ်ပေးဖို့ တရုတ်အာဏာပိုင်တွေက မကြာခဏ တိုက်တွန်းတောင်းဆိုနေသလို၊ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း တရုတ်စီမံကိန်းတွေနဲ့ တရုတ်နိုင်ငံ သားဝန်ထမ်းတွေကို အစွမ်းကုန်ကာကွယ်ပေးမယ်လို့ ဩဂုတ်လ ၂၁ ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးနဲ့ တွေ့ဆုံတဲ့အချိန်က ပြောထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်ရေးပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူ သုံးသန်းခွဲလောက်ရှိလာပြီလို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ ဝဘ်ဆိုက်မှာ ဒီဇင်ဘာလ ၉ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။