မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းမှာ စစ်ကြောင်းထိုးလို့ ဒေသခံ နှစ်သောင်းကျော်ထွက်ပြေးရ

မကွေးတိုင်း ဂန့်ဂေါမြို့နယ်၊ စစ်ကိုင်းတိုင်း ရေဦးမြို့နယ် အနောက်ခြမ်းနဲ့ ရွှေဘိုမြို့နယ်အတွင်းက ကျေးရွာတွေကို အင်အား တစ်ရာကျော်ပါတဲ့ စစ်ကြောင်းသုံးကြောင်းက တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်နေပါတယ်။

ဒီစစ်ကြောင်းတွေကြောင့် ဖေဖော်ဝါရီလ ၁၇ ရက်မှာ အရပ်သား နှစ်သောင်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဂန့်ဂေါမြို့နယ် စန်းမြို့ရွာကို ဖေဖော်ဝါရီလ ၁၆ ရက်မှာ စတင်စစ်ကြောင်းထိုးခဲ့တာကြောင့် စန်းမြို့ရွာအပါအဝင် ရွှေဘိုရွာ၊ သင်တောရွာတွေက ဒေသခံ တစ်ထောင်နီးပါး ထွက်ပြေးနေရတာလို့ စစ်ဘေးဒုက္ခသည်တစ်ဦးက ပြောပါတယ်။

"ကျွန်တော်တို့ အရင်က ရွာမရှိတော့လို့ တောထဲမှာ စစ်ဘေးရှောင်စခန်းလေး ဆောက်ပြီး နေတယ်ဗျ။ အဲဒီ စခန်းကနေ နောက်ထပ် ပြေးနေရတယ်ဗျ။ အခု ကျွန်တော်တို့ရွာကလူ ခုနစ်ရာ၊ ရှစ်ရာလောက် ပြေးနေရတယ်ဗျ။ အဲမှာ ၁၂၀ မမတွေ ထုနေတယ်ဗျ။ အခု ရွှေဘို၊ သင်တောဘက်လည်း ထုတယ်၊ စန်းမြို့ဘက်လည်း ထုနေတယ်ဗျ။ ဆုံးရှုံးမှု အခြေအနေတွေ ဘာတွေမှန်းကို မသိရသေးဘူး။ ကျွန်တော်တို့လည်း စစ်ဘေးရှောင် ပြေးခဲ့တာဆိုတော့ မသိရသေးဘူး"

ရွှေဘိုမြို့နယ် ချီပါတောင်ရွာကိုလည်း စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၁၃ ရက် မနက် ၅ နာရီဝန်းကျင်ကတည်းက ဝင်ရောက်စီးနင်းပြီးနောက် ဒေသခံ ခုနစ်ဆယ်ကျော်ကို ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ ချီပါတောင်ရွာ၊ ချီပါမြောက်ရွာ၊ နှောပင်၊ အုပ်ပုံ၊ မုတ်စီ၊ မဲတော၊ အောင်ချမ်းသာ၊ အိုဘို၊ ကင်းပြား၊ ဆိပ်ခွန်၊ လုံးတော်၊ ငါးဆူကုန်းစတဲ့ ရွာပေါင်း နှစ်ဆယ်ကျော်က ဒေသခံ တစ်သောင်းခွဲကျော် ထွက်ပြေးနေရတာပါ။

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေသဖြင့် ထွက်ပြေးနေကြရသည့် ဒေသခံများအား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် တွေ့ရစဉ်။ (Facebook/ ရေဦးမြို့နယ် စစ်ရှောင်ပြည်သူ-ထောက်ပံ့ရေး)
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေသဖြင့် ထွက်ပြေးနေကြရသည့် ဒေသခံများအား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် တွေ့ရစဉ်။ (Facebook/ ရေဦးမြို့နယ် စစ်ရှောင်ပြည်သူ-ထောက်ပံ့ရေး)

စစ်ကောင်စီတပ်ဟာ ချီပါတောင်ရွာနဲ့ ချီပါမြောက်ရွာမှာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့အထိ တပ်စွဲထားပြီး ဖမ်းဆီးခံထားရသူတွေလည်း ပြန်လွတ်မလာသေးဘူးလို့ ဒေသခံ ကိုဥသြက ပြောပါတယ်။

"အစောကြီးဝင်လာတာ၊ ဝင်လာကတည်းက ဝိုင်းမိသွားတာလေ။ လူက ရှစ်ဆယ်လောက် ရှိတယ်။ အခုချိန်ထိ သူတို့ကိုလွှတ်လည်း မပေးသေးဘူး။ အဲဒီရွာမှာလည်း တပ်စွဲထားတယ်။ ဘာမှခုချိန်ထိ သဲသဲကွဲကွဲ မသိရသေးဘူး။ အဲဒီရွာမှာ အခုချိန်ထိ ရှိသေးတယ်။ ချီပါတောင်ရွာကိုဝင်တာ ဝင်တာကတော့ နှစ်ရွာစလုံးကို ဝင်တာ။ ဖမ်းခံထားရတာကတော့ ရွာသားတွေပဲဗျာ။ တချို့ မပြေးနိုင် မလွှားနိုင်တဲ့ ကလေးတွေနဲ့ စစ်ကြောင်းလာတာကို မယုံတာပေါ့၊ မယုံတဲ့သူတွေ မိသွားတယ် ဆိုပါတော့"

အလားတူ ရေဦးမြို့နယ် အနောက်ခြမ်းကိုလည်း စစ်ကောင်စီတပ်ဟာ ဖေဖော်ဝါရီ ၁၅ ရက်ကစလို့ ဖေဖော်ဝါရီလ ၁၇ ရက်အထိ ရွာတွေကို ဝင်ရောက်စီးနင်းနေပါတယ်။ ဒါကြောင့် ရွာနှစ်ဆယ်နီးပါးက အရပ်သား ငါးထောင်ကျော် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"ဖမ်းခံထားရတာကတော့ ရွာသားတွေပဲဗျာ။ တချို့ မပြေးနိုင် မလွှားနိုင်တဲ့ ကလေးတွေနဲ့ စစ်ကြောင်းလာတာကို မယုံတာပေါ့၊ မယုံတဲ့သူတွေ မိသွားတယ် ဆိုပါတော့"

အခုလို ကျေးရွာတွေကို တစ်ပြိုင်နက်တည်း စစ်ကြောင်းထိုးနေတာဟာ ကောလင်းမြို့မှာဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း တခြားမြို့နယ်တွေက PDF တွေ စစ်ကူမပေးနိုင်အောင် လုပ်ဆောင်တာဖြစ်တယ်လို့ ရေဦးမြို့နယ်အခြေစိုက် ဒေသကာကွယ်ရေးတပ်ဖွဲ့ (People's Defense Comrade) ရဲ့ ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်က သုံးသပ်ပါတယ်။

"ကျွန်တော်တို့ ကောလင်းဘက်မှာလည်း အခြေအနေက နည်းနည်းလေးလည်း စစ်ရေးတင်းမာနေတာဆိုတော့ ကိုယ့်ဘက်က ဒီသုံးမြို့နယ်စလုံးမှာ ကိုယ့်ဘက်ကရဲဘော်တွေပေါ့နော် အဲဒီဘက်ကို ကောလင်းဘက်ကို အင်အားဖြည့်တင်းဖို့ လုပ်ဆောင်လို့မရအောင်လို့ သူတို့ စစ်ကြောင်းထိုးနေတာလို့ ခန့်မှန်းရတာပေါ့နော်။ မြင်တယ်ပေါ့"

စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကတော့ နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ဒေသခံတွေကို လိုအပ်တဲ့ အကူညီတွေပေးနေတယ်လို့ RFA ကို ပြောပါတယ်။

"သွားပြီး ခေါ်ယူပေးတာကအစ၊ ပို့ဆောင်ပေးတာကအစ၊ သွားကြိုပေးတာကအစ ဆောင်ရွက်ပေးတာ ရှိပါတယ်။ ဒီမှာ နေရာထိုင်ခင်းတွေ ပေးတာရှိတယ်။ ပြီးရင် စားရေးသောက်ရေး ငွေရေးကအစ အကုန်ပေါ့။ တကယ်လို့ အဲမှာ တိုက်ပွဲရှောင်လာတဲ့ မိသားစုတွေမှာ ကလေးတွေ ပါလာတယ်ဆိုရင် ကလေးတွေအတွက် ပညာရေးအတွက်ကို ကျွန်တော်တို့ ဆောင်ရွက်ပေးနေတာ ရှိပါတယ်"

အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်တွေကတော့ စစ်ကောင်စီဆီက အခုချိန်အထိ ဘာအကူအညီမှ မရဘူးလို့ ပြောပါတယ်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ စာရင်းတွေအရ စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းမှာ စစ်ဘေးဒုက္ခသည် ၂.၆ သန်းကျော်ရှိလာပါတယ်။