အိုးအိမ်စွန့်ခွာထွက်ပြေးရသူ နှစ်သန်းခွဲကျော်ရှိလာကြောင်း ကုလထုတ်ပြန်

RFA Burmese
2023.12.18
အိုးအိမ်စွန့်ခွာထွက်ပြေးရသူ နှစ်သန်းခွဲကျော်ရှိလာကြောင်း ကုလထုတ်ပြန် ရခိုင်ပြည်နယ်၊ ပေါက်တောမြို့တွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ် တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့က တွေ့ရစဉ်။
Narinjara

မြန်မာနိုင်ငံရဲ့ သုံးပုံနှစ်ပုံမှာ တိုက်ပွဲတွေဖြစ်နေပြီး အိုးအိမ်စွန့်ခွာထွက်ပြေးရသူ နှစ်သန်းခြောက်သိန်းရှိလာပြီလို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ဒီဇင်ဘာလ ၁၅ ရက် ပြီးခဲ့တဲ့ သောကြာနေ့က ထုတ်ပြန်ပါတယ်။

အောက်တိုဘာလကုန်ကစလို့ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ ဒုက္ခသည် အသစ် ခြောက်သိန်းခြောက်သောင်းကျော်ရှိတယ်လို့ ဆိုပါတယ်။

တိုက်ပွဲတွေ၊ လေကြောင်းကနေတိုက်တာ၊ မြေမြှုပ်မိုင်းထောင်တာ၊ တရားလက်လွတ် ဖမ်းဆီးတာ၊ လမ်းတွေပိတ်ဆို့တာတွေဆက်ဖြစ်နေလို့ လူတွေရဲ့ အသက်အန္တရာယ် ပိုများနေသလို၊ စားနပ်ရိက္ခာ သယ်ယူပို့ဆောင်တာရော၊ စစ်ဘေးဒုက္ခသည်တွေခိုလှုံမယ့် နေစရာတွေပါ ပိတ်ပင် တားမြစ်ခံနေရတယ်လို့လည်း UNOCHA က မကြာသေးခင်က ထောက်ပြထားပါတယ်။

ဒါကြောင့် စစ်ဘေးဒုက္ခသည်တွေကို လက်တွေ့ကျကျကူညီဖို့ ခက်ခဲနေသလို၊ ရန်ပုံငွေရော ထောက်ပံ့မယ့် ဆေးဝါး၊ အစားအသောက်နဲ့ နေရာထိုင်ခင်းအတွက် ပစ္စည်းမလုံလောက်တာ ပါ ကြုံနေရတယ်လို့ ဆိုပါတယ်။

လတ်တလောဖြစ်နေတဲ့တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ကို ရှောင်တိမ်းလာတဲ့ ပေါက်တောမြို့ဒေသခံတစ်ဦးကလည်း ထောက်ပံ့ကူညီမှုတွေ လိုအပ်နေတယ်လို့ ပြောပါတယ်။

"အကူအညီက တစ်ခုမှမရ။ လိုအပ်တဲ့ဟာတွေက ဆန်တွေ၊ ဆီတွေ စားစရာတွေပေါ့။ အဓိက စောင်တွေ၊ အနွေးထည်၊ ခြင်ထောင် ဒါကတော့ အရေးကြီးတာပေါ့။ ဘာမှမလာဘူး။ တစ်စုံတစ်ယောက်မှ လာလည်းမကြည့်ဘူး။ ကျေးရွာကလူတွေကတော့ နည်းနည်းပါးပါး ကူညီတယ်။ သူတို့ (ဒုက္ခသည်) လည်း ရှာစားတယ်။ ရှာစားပြီး သုံးနေရတယ်"

သူနဲ့အတူ ဒုက္ခသည် တစ်ရာဝန်းကျင်ရှိနေပြီး ထောက်ပံ့ကူညီမယ့် အလှူရှင်တွေရှိရင် ကူညီပေးစေချင်တယ်လို့ ဆိုပါတယ်။

"အကူအညီက တစ်ခုမှမရ။ လိုအပ်တဲ့ဟာတွေက ဆန်တွေ၊ ဆီတွေ၊ စားစရာတွေပေါ့။ အဓိက စောင်တွေ၊ အနွေးထည်၊ ခြင်ထောင် ဒါကတော့ အရေးကြီးတာပေါ့။ ဘာမှမလာဘူး"

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ ဒီဇင်ဘာ ၁၅ ရက်နေ့ အစီရင်ခံစာထဲမှာပဲ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တောင်ပိုင်းမှာ လတ်တလော တိုက်ပွဲကာလအတွင်း ထွက်ပြေးတိမ်းရှောင်ရတဲ့သူ တစ်သိန်းတစ်သောင်းကျော်တယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့ကြား လတ်တလောတိုက်ပွဲတွေကြောင့် ရှမ်းပြည်နယ် မြောက်ပိုင်းမှာလည်း ဒေသခံတွေ နေ့စဉ် တိမ်းရှောင်ထွက်ပြေးနေရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့နယ်က အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ ဒေသခံ တစ်ဦး ကတော့ သွားရေး၊ လာရေး လုံခြုံမှုမရှိတဲ့အပြင် အခက်အခဲမျိုးစုံ ကြုံတွေ့နေရတယ်လို့ ပြောပါတယ်။

"အခက်အခဲကတော့ ဒီသွားရလာရတဲ့ဟာ သိပ်အဆင်မပြေဘူးပေါ့နော်။ ဒီသိန္နီမှာ ဖြစ်နေတဲ့အချိန်မှာ ကျွန်တော်တို့ ရှောင်နေတဲ့အချိန်မှာ လာရှိုးကိုရှောင်မလား၊ တခြားမြို့ကိုရှောင်မလားဆိုတာ ဒီလိုမျိုး သွားလာရတဲ့ လမ်းကြောင်းက သိပ်လုံခြုံမှု မရှိဘူးပေါ့။ အဲလိုမျိုး အခက်အခဲတွေရှိတယ်ဗျ။ ပြီးတော့ ဒီမှာ ကျွန်တော်တို့ ဥပမာ လားရှိုးရောက်ပြီဆိုရင် လာရှိုးမှာနေဖို့၊ ဝယ်ဖို့၊ ဒီ အစားအသောက်တွေဝယ်ဖို့ အခက်အခဲကတော့ အမျိုးမျိုးပေါ့"

မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးစတင်တဲ့ အောက်တိုဘာလကုန်ပိုင်း ကတည်းက သိန္နီမြို့ပေါ်ကို MNDAA တပ်ဖွဲ့ကထိန်းချုပ်ထားပြီး၊ သိန္နီနဲ့ လားရှိုးမြို့ကို ဆက်သွယ်ထားတဲ့ တံတားလည်း မိုင်းခွဲဖျက်ဆီးခံခဲ့ရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်စခန်းတွေနဲ့နီးတဲ့ သိန္နီမြို့ ကျောင်းခမ်းရွာ ဘုန်းတော်ကြီးကျောင်း မှာလည်း ဒုက္ခသည် ၁၃၀၀ ကျော် ပိတ်မိနေပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ဘေးဒုက္ခသည်အရေး ကူညီဆောင်ရွက်ပေးနေသူ တစ်ဦးကတော့ စစ်ဘေးဒုက္ခသည်တွေကို စားဝတ်နေရေးထောက်ပံ့ကူညီရတာထက် တိုက်ပွဲမှာပိတ်မိနေတဲ့သူတွေကို ကယ်ထုတ်နိုင်ဖို့က ပိုပြီးခက်ခဲနေတယ်လို့ ပြောပါတယ်။

"ကျွန်တော်ပြောချင်တဲ့ဟာကတော့ ဒီပြည်သူနဲ့ တိုက်ပွဲနဲ့ကို မရောစေချင်ဘူး။ သူတို့ကို ရောပြီး မမြင်စေချင်ဘူး။ ဘယ်နေရာမှာပဲတိုက်ပွဲဖြစ်ဖြစ် ရုတ်တရက်တိုက်ပြီ ဆိုရင်တော့ အရင်ဆုံး ပထမဦးဆုံး ကစားဖို့ထက်ကို သူတို့ကို ကယ်ဆယ်ဖို့က ပိုအရေးကြီးတယ်။ လူကိုကယ်ထုတ်လာပြီးမှ ကယ်ဆယ်ရေး စခန်းရောက်မှ ကျွေးဖို့မွေးဖို့ဆိုတာ စဉ်းစားရသေးတယ်။ လောလောဆယ် ဒုန်းဒိုင်းဆိုဖြစ်နေတဲ့ အချိန်မှာ၊ ကျွန်တော်တို့လည်း သွားကယ်တဲ့အချိန်မှာ ဟိုဘက်အာဏာပိုင် မပေးလွှတ်ချင်တာနဲ့၊ ဒီဘက်အာဏာပိုင်က ပိတ်ဆို့လိုက်ပြန်ပြီနဲ့၊ အဲဒါလေးမှာ ကျွန်တော်တို့ တော်တော်ဒုက္ခရောက်တယ်ပေါ့နော်"

ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ဘေးဒုက္ခသည်တွေကို အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သွားရောက်တွေ့ဆုံခဲ့သလို လူမှုအဖွဲ့အစည်းတွေကလည်း ကူညီဆောင်ရွက်ပေးနေတယ်လို့ စစ်ကောင်စီပြောခွင့် ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ မြဝတီရုပ်မြင်သံကြားကတစ်ဆင့် ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ပြောပါတယ်။

"နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ ရှမ်းပြည်မြောက်ပိုင်း ခရီးစဉ်မှာ ယာယီ တိုက်ပွဲရှောင်ပြည်သူများနဲ့ တွေ့ဆုံခဲ့ပါတယ်။ သိန္နီဘက်နဲ့ လာရှိုးနယ်တစ်ဝိုက်က တိုက်ပွဲရှောင်များနဲ့ စကားပြောဆိုခဲ့ပါတယ်။ သူတို့အနေနဲ့က ယာယီတိုက်ပွဲရှောင်တွေဖြစ်တဲ့အတွက် စားဝတ်နေရေး၊ နေထိုင်ရေး အကျပ်အတည်း တချို့ ရှိပါတယ်။ ဒါတွေကို လူမှုအဖွဲ့အစည်းတွေအားလုံးက ကူညီဖြေရှင်းပေး နေကြတယ်"

ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ဘေးဒုက္ခသည်တွေရဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ တည်ငြိမ်အေးချမ်းရေးအတွက် အဓိကထား ဆောင်ရွက်နေတယ်လို့လည်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားခဲ့ပေမယ့် ဘာတွေဆောင်ရွက်နေတယ်ဆိုတာကိုတော့ တိတိကျကျ ထည့်ပြောမသွားပါဘူး။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဒုဝန်ကြီး ဦးငိုင်တမ်းမောင်ကလည်း လူသားချင်း စာနာထောက်ထားမှုအကူအညီကို လိုအပ်နေတဲ့ ပြည်သူတွေဆီပေးနိုင်ဖို့ တတ်နိုင်သမျှ ကြိုးစားနေတယ်လို့ပြောပါတယ်။

"အခုလို တစ်နေ့ပြီးတစ်နေ့ပေါ့ ပိုပိုပြီးများလာတဲ့ ပြည်သူဒုက္ခသည်တွေကို ကျွန်တော်တို့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေပေးနိုင်ဖို့ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ လူသားစာနာဝန်ကြီးဌာနအနေနဲ့လည်း လူသားချင်း စာထောက်ထားမှု အကူအညီတွေကို လိုအပ်နေတဲ့ ပြည်သူတွေကိုပေးနိုင်ဖို့အတွက် ကျွန်တော်တို့ရှိသမျှနည်းလမ်းနဲ့ ကျွန်တော်တို့ တတ်နိုင်သမျှပေါ့ ကြိုးစားပြီးတော့ လုပ်ဆောင်နေကြပါတယ်"

ဒုက္ခသည်အရေအတွက် များပြားလွန်းတာကြောင့် နိုင်ငံတကာရဲ့အကူအညီတွေကိုလည်း လမ်းကြောင်းမျိုးစုံကရရှိအောင် ကြိုးစားနေတယ်လို့ ဦးငိုင်တမ်းမောင်က ပြောပါတယ်။

တိုက်ပွဲများကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ပေါ်ကို ‌ထွက်ပြေးလာကြသည့် သိန္နီမြို့နယ်အတွင်းမှ ဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
တိုက်ပွဲများကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ပေါ်ကို ‌ထွက်ပြေးလာကြသည့် သိန္နီမြို့နယ်အတွင်းမှ ဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

UNOCHA ရဲ့ ဒီဇင်ဘာ ၈ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ နိုင်ငံတစ်ဝန်းတိုက်ပွဲအရှိန် မြင့်တက်နေပြီး အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူတွေမှာ စားနပ်ရိက္ခာ၊ နေစရာ၊ အမိုးအကာနဲ့ မရှိမဖြစ် လူသားချင်းစာနာမှုအကူအညီ လိုအပ်ချက်တွေ တိုးလာနေတယ်လို့ ဖော်ပြပါတယ်။ အခက်အခဲတွေကြားကပဲ ဒီလူတွေကို ထောက်ပံ့ကူညီမှုတွေ ဆက်ပေးနေတယ်လို့လည်း ဆိုပါတယ်။

လွတ်လပ်တဲ့အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ မြန်မာလူ့အခွင့်အရေးကွန်ရက် (BHRN) အဖွဲ့ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဦးကျော်ဝင်းကတော့ လူသားချင်းစာနာမှုအကူအညီတွေကို စစ်ကောင်စီဘက်သာမက တော်လှန်ရေးအင်အားစုတွေဘက်ကပါ မတားမြစ်ဖို့လိုတယ်လို့ ပြောပါတယ်။

"ကျွန်တော်တို့ အခုမြင်နေရတာပေါ့နော်၊ လက်ရှိအနေအထားမှာ စစ်တပ်ကနေပြီးတော့ လက်နက်ကြီးနဲ့ ရမ်းသမ်းပြီးတော့ ရွာတွေကိုပစ်ခတ်တာလည်းရှိတယ်။ နောက် ဒီလိုမျိုး ပိတ်ဆို့ထားတာတွေလည်း ကျွန်တော်တို့ တွေ့ရတယ်ပေါ့။ ဒီဟာက နိုင်ငံတကာ ဥပဒေကို ချိုးဖောက်တဲ့လုပ်ရပ်တွေ ဖြစ်တယ်။ နောက် ဒီလူသားချင်းဆိုင်ရာ အကူအညီပေးတဲ့၊ လူသားချင်းဆိုင်ရာအကူအညီတွေ စီးဆင်းတဲ့နေရာကို ဟန့်တားလို့ မရဘူးပေါ့နော်။ ဒါက အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးပဋိညာဉ်ကိုလည်း ချိုးဖောက်ရာကျတယ်။ ဆိုတော့ ဒါတွေကို နှစ်ဖက်လုံးက လက်ခံပေးရမယ်"

တိုက်ပွဲတွေကြားပိတ်မိနေတဲ့ ပြည်သူတွေကိုကယ်ထုတ်ဖို့ကလည်း အရေးကြီးတဲ့အချက် ဖြစ်တယ်လို့ ဦးကျော်ဝင်းက ပြောပါတယ်။

လတ်တလောအိုးအိမ်စွန့်ခွာထွက်ပြေးနေရသူတွေကို ထောက်ပံကူညီပေးနေမှု အခြေအနေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ကို RFA က အီးမေးလ်ကတစ်ဆင့် ဆက်သွယ်မေးမြန်း ထားပေမယ့် တုံ့ပြန်ဖြေကြားတာ မရှိသေးပါဘူး။

UNOCHA ရဲ့ ဒီဇင်ဘာ ၁၁ ရက်နေ့ ကမ္ဘာ့လူသားချင်းစာနာမှုဆိုင်ရာ ရန်ပုံငွေအဆိုပြုလွှာ ထုတ်ပြန်ချက်မှာတော့ ၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံကလူဦးရေ ၅.၃ သန်းကို စားနပ်ရိက္ခာ၊ ရေ၊ အမိုးအကာ၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ကာကွယ်စောင့်ရှောက်ရေး အကူအညီတွေပေးဖို့ စီစဉ်ထားပြီး ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၉၉၄ သန်း လိုအပ်တယ်လို့ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။